ရာဇူဒိုင်ရဲ့ ပခုံးနှစ်ဖက်နဲ့ နေ့ရက်များ
ဆိုင်ကယ်ပေါ်ကို ဘေးလွှဲထိုင်ဖို့ရာ မဖြစ်နိုင်တဲ့ လမ်းခရီးမို့ ဆိုင်ကယ်နောက်ကနေ ခွထိုင်လိုက်ရတယ်။ ခရီးက မဝေးပါ။ ငါးမိနစ်လောက်သာ စီးရတဲ့ (ကားလမ်းမကြီးလို့ အခေါ်ရှိကြတယ်) လမ်းတာကြီးပေါ်မှာပါ။ အဲ့ဒီငါးမိနစ်လောက် ဆိုင်ကယ်ဘီးတွေကို ကျောက်အကြမ်းခဲတွေ ပွတ်တိုက်တဲ့နှုန်းက ကတ္တရာလမ်းပေါ်က ငါးနာရီလောက် ဆိုင်ကယ်ဘီးတွေ ပွတ်တိုက်တဲ့နှုန်းထက် ဆိုင်ကယ်ဘီးတွေ ထိခိုက်တဲ့နူန်း မလျော့ဘူးပြောရင် လွန်မယ်မထင်မိပါ။ သွားနေကျ လမ်းခရီး။ စီးနေကျ ဆိုင်ကယ်ကယ်ရီ။ ဒါတွေဟာ မြင်ကွင်းအသစ် မဟုတ်သလို၊ ထိတွေ့မှု အသစ်တွေလည်း မဟုတ်ပါ။ ရာစုနှစ်တွေထဲက စီးဆင်းနေတဲ့ အလျင်တွေပါပဲ။ အဲ့ဒီအလျင်ထဲမှာ ကျွန်တော် လိုက်ပါတယ်။ ကျွန်တော့်ဝန်းကျင်က လူတွေ လိုက်ပါကြတယ်။ အသက်ရှူသံတွေ လိုက်ပါကြတယ်။ ညည်းတွားမှုတွေ လိုက်ပါကြတယ်။ အဲဒီလမ်းတာကြီးပေါ်မှာ ကျွန်တော်တို့တစ်တွေ ငြင်းချင်တဲ့အရာတွေ ရှိပေမယ့် ငြင်းဖို့အတွက် ခဲယဉ်းရင်း ရာစုနှစ်ရဲ့ အလျဉ်တွေအတိုင်း လိုက်ပါနေကြရတယ်။
ဆည်းဆာက ပျောက်ခဲ့ပြီ။ အလင်းရိပ်တော့ အနည်းငယ် ကျန်သေးတယ်။ ကျွန်တော်လာခဲ့ရာ လမ်းတာကြီးကို ကျွန်တော်ပြန်ကြည့်မိတယ်။ ဆိုင်ကယ်ကယ်ရီတွေ မပြတ်မောင်းနှင်ထားတဲ့ အရှိန်ကြောင့် ဖုန်ငွေ့ပါးပါးလေးတွေက အလင်းပါးပါးထဲမှာ အခိုးအငွေ့လေးတွေလို လိပ်တက်နေကြရဲ့။ လမ်းတာပေါ်က ကျောက်အကြမ်းခဲတွေရဲ့ ထိုးထိုးထောင်ထောင် ကစဉ့်ကလျား ဖြစ်နေပုံမှာ ချောမွေ့စေမယ့်မြင်ကွင်းကို အဖုအထစ် ဖြစ်စေခဲ့တယ်။ သေချာတယ်။ အမြဲအဖုအထစ်လိုပဲ ရှိနေခဲ့တယ်။ ဒါ ကျွန်တော် မကြာခဏ မြင်နေကျ မြင်ကွင်းဖြစ်သလို သွားလာနေကျ လမ်းတာကြီးဖြစ်ပါတယ်။ ကျွန်တော် ရောက်နေတဲ့ မြစ်ကမ်းစပ်နေရာလေးမှာ ငြိမ်သက်နေတဲ့ ဆိုင်ကယ်တချို့နဲ့ လှုပ်ခတ်နေတဲ့ လူတချို့ ရှိနေပါတယ်။ တချို့ကတော့ လမ်းတာကြီးအတိုင်း ကုန်းပေါ်ကို မောင်းတက်သွားကြတယ်။ မီးဖိုပေါ်ကနေ နေရာပြောင်းသွားတဲ့ အငွေ့တထောင်းထောင်းနဲ့ အကြော်တွေက မြစ်ကမ်းစပ်က လူတွေရဲ့ အစာအိမ်တွေကို သွေးဆောင်နေခဲ့မြဲ။ နောက်ခံတွင်းကို အချဉ်ပြေအောင် ကွမ်းယာဗန်းလေးကလည်း တာဝန်ကျေခဲ့တယ်။ ဒါမြစ်ကမ်းစပ်လေးတစ်ခုက ဘဝတွေပါပဲ။ အသက်ရှူသံတွေပါပဲ။ ပုံရိပ်တချို့ပါပဲ။ ကျွန်တော်ကတော့ တစ်စုံတစ်ရာကို စောင့်ဆိုင်းရင်းနဲ့။ မြစ်ကမ်းနားစပ်မှာ။
ပိတ်သိပ်အုံ့မှိုင်းနေတဲ့ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ သစ်ပင်ကြီးငယ်တွေက တောအသေးစားလေးလို ဝန်းရံထားရဲ့။ လူတွေကို မမြင်မတွေ့စေလိုတဲ့ ကြွက်တွေ၊ ရေစစ္စလီငှက်တွေ၊ ဘုမ်ဒုတ်ငှက်တွေက အဲဒီချုံနွယ်ပိတ်ပေါင်းတွေနဲ့ သစ်ပင်တွေကြားမှာ လှုပ်ရှားနေကြတယ်။ ဒါ သူတို့ရဲ့ အိမ်လိုပါပဲ။ သိပ်လည်း ပျော်စရာကောင်းနေမယ်လို့ ကျွန်တော် ထင်တယ်။ လမ်းတာကြီးရဲ့ လက်ဝဲဘက်နဲ့ လက်ယာဘက်စီကနေ တစိမ့်စိမ့် စီးကျနေတဲ့ ချောင်းကျရေစီးသံတွေက နေရောင်မရှိတော့ချိန်မှ လွမ်းမောဖွယ်ကောင်းနေတော့တယ်။ သေချာတယ်။ မြစ်ရေကျချိန် ဆိုတာကိုပေါ့။ ရာဇူဒိုင်မြစ်ရဲ့ မြစ်ရေကျချိန် စီးဆင်းနေတဲ့ ရေအလျဉ်က ငြိမ်သက်နေလွန်းတယ်။ လှိုင်းလည်း အတော်နည်းတယ်။ ရေပြင်ရဲ့ အပေါ်ဆုံးအလွှာပေါ်မှာ ချည်မျှင်လိုလို အရာလေးတွေ၊ မြူလိုလို အခိုးအငွေ့လေးတွေက ပေါ့ပါးစွာ ခုန်ပေါက်ပြေးလွှားနေသလိုလို။ လမ်းတာကြီးရဲ့ထိပ် မြစ်ကမ်းစပ်ဆီကနေ လက်ဝဲဘက်နဲ့ လက်ယာဘက်ဆီတစ်လျှောက်ကို ကျွန်တော် ကြည့်မိလိုက်တော့ သောင်ထွန်းနေတဲ့ သဲနုန်းမြေတွေက အညိုရောင် အပိတ် ရေဆေးကားတစ်ချပ်ဆွဲထားသလိုပဲ။ နောက် လမုပင်တန်းတွေ။ အတန်းလိုက် ပေါက်ရောက်နေတဲ့ လမုပင်အကြီးကြီးတွေလည်း ရှိသလို ခပ်တန်တန် အပင်လတ်တွေ၊ ပေါက်ခါစ အပင်ငယ်လေးတွေအားလုံးဟာ အညိုရောင် သဲနုန်းမြေပေါ်မှာ ရှင်သန်နေကြတယ်။
စောစောက လက်ဝဲဘက်၊ လက်ယာဘက်၊ ချောင်းငယ်လေးနှစ်ခုစီက စီးကျနေတဲ့ ရေတွေကို ကျွန်တော် ဆက်လက်ငေးကြည့်နေမိတယ်။ မြေဝါရောင် နောက်ကျိနေတဲ့ ရေတွေ။ အဲဒီရေတွေ ဘာကြောင့် မြေဝါရောင် နောက်ကျိနေသလဲဆိုတာ ကျွန်တော့်အတွက်တော့ အဖြေရှာဖို့ရာ မခဲယဉ်းပါ။ လမ်းတာကြီးရဲ့ လက်ဝဲဘက်၊ လက်ယာဘက်ဆီက လယ်ယာမြေတွေထဲကနေ ကျဆင်းလာခဲ့တဲ့ ရေတွေပါပဲ။ လယ်သမားတွေ၊ လယ်ယာသုံးစက်ကိရိယာတွေ၊ ကျွဲ နွားတွေရဲ့ မွှေနှောက်ထွန်ယက်ခြင်းဆီကနေ ကျဆင်းလာခဲ့တဲ့ မြေဝါရောင် ရေနောက်တွေပါပဲ။ ရာစုအဆက်ဆက် ထွန်ယက်ခဲ့တဲ့ လယ်ယာမြေတွေပါပဲ။ ရာစုအဆက်ဆက် ကျဆင်းနေခဲ့တဲ့ မြေဝါရောင် ရေနောက်တွေပါပဲ။ ရာစုအဆက်ဆက် ရာဇူဒိုင်မြစ်ထဲ ပို့ချနေကျ နုန်းအနည်တွေပဲ ဖြစ်ပါတယ်။ အညိုရောင်အပိတ် ရေဆေးပန်းချီကားတစ်ချပ်လို သဲနုန်းမြေတွေပေါ့။ သေချာတယ်။ သဘာဝရဲ့ ပန်းချီဆရာတစ်ယောက် ဒီနေရာမှာ ပန်းချီကားတစ်ချပ် မြှုပ်နှံခဲ့တယ် ဆိုတာပေါ့။
အဲဒီလမ်းတာကြီးဘေးက ချောင်းငယ်လေးတွေထဲကို အခုလို မြေဝါရောင်ရေနောက်တွေ မကျဆင်းမီ ချွေးစက်တို့က အရင်ကျခဲ့ပြီး ဖြစ်ပါတယ်။ ဟုတ်တယ်။ အဲဒီချွေးစက်တွေက ရာစုနှစ်များစွာကြာလည်း မေ့မရခဲ့။ အိုးအိမ်အသိုက်အမြုံကို လပေါင်းများစွာ စွန့်ခွာလို့ အဲဒီလမ်းတာကြီးရဲ့ အနာဂတ်မရှိတဲ့ စီမံချက်ထဲမှာ လယ်သမား၊ အလုပ်သမားတွေ အခကြေးငွေမရခဲ့ဘဲ မြှုပ်နှံခဲ့ပြီးပါပြီ။ အဲဒီ မြှုပ်နှံခဲ့ရခြင်းတွေထဲမှာ ချွေးစက်တို့ပါခဲ့ပြီးပါပြီ။ အဲဒီအချိန်ကကျွန်တော် ဒုတိယအိမ်စောင့်အစိုးရ ဖြစ်ခဲ့ပါသေးတယ်။ လူကြီးတွေ လုပ်အားပေး မလုပ်မနေရ လမ်းတာကြီးမြေဖို့ဖို့ သွားကြရတော့ ကျွန်တော်တို့ကလေးငယ်တွေက အိမ်စောင့်ဖြစ်ခဲ့ခြင်းကိုပါ။ ဒါကြောင့် အဲဒီချောင်းငယ်လေးတွေထဲမှာ ချွေးစက်တွေက အရင်ကျခဲ့ရခြင်း ဖြစ်ပါတယ်။ အခုတော့ လယ်ယာမြေတွေထဲက မြေဝါရောင်ရေနောက်တွေ ဆက်လက်စီးဆင်းနေပါတယ်။ ရာစုနှစ်တွေက ဘာကိုမှ အသေအချာ ပြောင်းလဲမပစ်နိုင်ခဲ့ပါဘူး။ ထိုးထိုးထောင်ထောင် ကျောက်အကြမ်းခဲတွေ။ ဆိုင်ကယ်နောက်ဘီးရဲ့တုန်ခါ ခုန်တက်နေခြင်းတွေ။ အလင်းရောင် ပါးပါးလေးကြားက ဖုန်ငွေ့ပါးပါးလေးတွေ။ ချောင်းရေစီးကျနေသံတွေပေါ့။
ကျွန်တော် အခု မြစ်ကမ်းစပ်ကနေ ထိုင်ကြည့်နေသလိုမျိုး ရာဇူဒိုင်မြစ်ရဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်း အပြန်အလှန် မျှော်ကြည့်နေတဲ့ အရာနှစ်ခုလည်း ရှိပါတယ်။ တစ်စုံတစ်ရာကို မျှော်လင့်နေတဲ့ လမ်းတာခေါင်းဆက်ကြီး နှစ်ခုပါပဲ။ ဟိုဘက်ကမ်းက လမ်းတာခေါင်းဆက်ကြီးက ဒီဘက်ကမ်းက လမ်းတာခေါင်းဆက်ကြီးကို မျှော်ကြည့်တယ်။ ဒီဘက်ကမ်းက လမ်းတာခေါင်းဆက်ကြီးက ဟိုဘက်ကမ်းက လမ်းတာခေါင်းဆက်ကြီးကို မျှော်ကြည့်တယ်။ အဲဒီနှစ်ခုအကြားမှာ လွတ်လပ်စွာ စီးဆင်းနေတဲ့ ရာဇူဒိုင်မြစ်။ သူတို့နှစ်ခုဟာ အပြန်အလှန် မျှော်ကြည့်နေခဲ့တယ်။ အပြန်အလှန် အားပေးနှစ်သိမ့်နေခဲ့တယ်။ အပြန်အလှန် သရော်ကာ ရယ်မောလို့လည်း နေတတ်ပြန်တယ်။ အပြန်အလှန် ထိုးနှက်ဖို့လည်း ကြံစည်နေခဲ့ကြမှာပါပဲ။ သူတို့ မျက်နှာချင်းဆိုင်ကာ အနာဂတ်မဲ့ ကြိမ်းဝါးကြံစည်နေခဲ့ကြတာ နှစ်ပေါင်း ၃၀ နီးပါးရှိခဲ့ပါပြီ။ တံတားမရှိ။ ဒါ…လမ်းတာခေါင်းဆက်ကြီးနှစ်ခုရဲ့ ရာဇဝင်ပေါ့။
စောစောက ကျွန်တော် မျှော်ကြည့်မိတဲ့ လမ်းတာကြီးကို တကယ်တော့ ကျွန်တော်ငြင်းလို့မရပါ။ ကျောက်အကြမ်းခဲလေးတွေကိုလည်း ကျွန်တော်ငြင်းလို့မရပါ။ ဖုန်ငွေ့ပါးပါးလေးတွေကိုလည်း ကျွန်တော်ငြင်းလို့မရပါ။ အကြော်ပူပူလေးတွေနဲ့ ကွမ်းယာလေးတွေကိုလည်း ကျွန်တော်ငြင်းလို့မရပါ။ ကျွန်တော် စီးလာခဲ့တဲ့ ဆိုင်ကယ်နောက်ဘီးရဲ့ တုန်ခါခုန်တက်နေတဲ့ အဖြစ်ကိုလည်း ကျွန်တော်ငြင်းလို့မရပါ။ ကျွန်တော်တင်မကပါ။ ကျွန်တော်တို့နယ်သားတွေအားလုံး ငြင်းမရခဲ့တဲ့ နေ့စဉ်မှတ်တမ်းတွေပါပဲ။ အဲဒီမှတ်တမ်းတွေက ကျွန်တော်တို့ အဘိုးတွေ၊ အဖေတွေလက်ထက်ကတည်းက ငြင်းမရခဲ့ခြင်းပါ။ တကယ်တော့ အဘိုးတွေလည်း ငြင်းခဲ့မှာပါပဲ။ အဖေတို့တွေလည်း ငြင်းခဲ့မှာပါပဲ။ အခုကျွန်တော်လည်း ငြင်းနေပါတယ်။ ငြင်းခဲ့ပါတယ်။ ဒါပေမဲ့ ငြင်းမရခဲ့။
ကျွန်တော် တွေးရင်း၊ ငေးရင်း၊ တစ်စုံတစ်ရာကို ငြင်းဆန်နေရင်း မြစ်ကမ်းစပ်လေးမှာ အချိန်အတော်ကြာခဲ့ပြီ။ မှောင်ရီသန်းစ ပြုလာတော့ ကူးတို့စက်လှေလေး ဒီတစ်ခါ ကျွန်တော်ရှိရာဘက်ကမ်းကူးလာခြင်းက နောက်ဆုံးအခေါက် ဖြစ်နိုင်ပါတယ်။ စက်လှေလေး မြစ်ကမ်းနားကို ထိုးစိုက်တယ်ဆိုရင်ပဲ စက်လှေလေးပေါ် လူတွေ တက်သံဆင်းသံတွေ ကျွန်တော်ကြားနေရတယ်။ ကူးတို့ စက်လှေလေးပေါ် တက်လိုက်မိတော့ ကျွန်တော်က နောက်ဆုံးလူအနေနဲ့ တစ်ဖက်ကမ်းကူးဖို့ လူတွေကုန်သွားခဲ့ပြီ။ စက်သံတဒုတ်ဒုတ် အကြားမှာ ရာဇူဒိုင်မြစ်ဟာ အမှောင်ဘက်ကို သိသိသာသာ ပျော်ဝင်နေခဲ့တယ်။ လှိုင်းလေးတွေကလည်း ငွေရောင်ထနေတော့တယ်။ တဖျတ်ဖျတ်နဲ့။
လှိုင်းပါးပါးလေးတွေကို ဖြတ်ရင်း။ ချည်မျှင်စလေးတွေလိုလို၊ မြူလိုလို အခိုးအငွေ့လေးတွေကို ဖြတ်ရင်း။ ရာဇူဒိုင်မြစ်ကို ကန့်လန့်ဖြတ်ရင်း ကူးတို့စက်လှေလေး မောင်းနှင်နေပါတယ်။ မကြာခင် ဒုတိယမြစ်ကမ်းစပ်နဲ့ ဒုတိယ လမ်းတာခေါင်းဆက်ကြီးဆီကို ကူးတို့စက်လှေလေး ထိုးစိုက်သွားခဲ့တယ်။ ပထမမြစ်ကမ်းစပ်ကတော့ လွမ်းမောကာ ကျန်ခဲ့မယ်ထင်တယ်။ ကုန်းပေါ်ကို ကျွန်တော် ရောက်တာနဲ့ ကူးတို့ခ ငွေ ၂၀၀ ကို ထုတ်ပေးလိုက်တယ်။ အစ်မလို ခင်မင်တဲ့ ကူးတို့စက်လှေပိုင်ရှင်အစ်မကြီးက တစ်ယောက်တည်းလား လို့ မေးလိုက်တယ်။ ကျွန်တော် ဘာပြန်ဖြေရမှန်းမသိ။ အရင်တုန်းကလည်း အခေါက်ပေါင်းများစွာ မြို့ပေါ်တက်တိုင်း တစ်ယောက်တည်း ကူးတို့ကူးခဲ့ဖူးတာ အခေါက်ပေါင်းမနည်းတော့ပါ။ အစ်မကြီးကတော့ စချင်နောက်ချင်လို့ မေးလိုက်မှန်းသိတော့မှ ကျွန်တော် ကြိတ်ကာ ရယ်လိုက်မိတယ်။
တစ်ယောက်တည်းပါပဲ အစ်မကြီးရယ်။ အတွေးကလည်း တစ်ခုတည်းပါပဲ။ နှစ်ခုဖြစ်နေတာက အစ်မတို့ဘက်ကမ်းကလမ်း တာခေါင်းဆက်ကြီးနဲ့ ဟိုဘက်ကမ်းကလမ်း တာခေါင်းဆက်ကြီးပါပဲ။ ဟုတ်တယ်မဟုတ်လား လို့ ဆိုလိုက်တယ်။ အစ်မကြီးကတော့ ဘာမှပြန်မပြောရှာပါ။ ဒါပေမဲ့ အစ်မကြီးကို တစ်ခုတော့ ကျွန်တော် ပြန်စနောက်လိုက်မိတယ်။ တစ်ယောက်စာကျတဲ့ ကူးတို့ကူးခ ငွေ ၂၀၀ တော့ မငြင်းပါနဲ့အစ်မကြီးရယ်။ ကျွန်တော်တို့တွေ ငြင်းမရပေမယ့် ငြင်းလာခဲ့ရတာတွေ များခဲ့ပါပြီ အစ်မကြီးကတော့ ကြောင်စီစီနဲ့ ကျွန်တော့်ကို ကြည့်ရင်း ဘာပြန်ပြောရမှန်းမသိ။ သူ့ ဒီနေ့ညနေခင်းကို သူပြန်ငြင်းနေပါလိမ့်မယ်ဆိုတာတော့ ကျွန်တော် သေချာသိနေပါတယ်။
PUBLISHED 30 MARCH 2018
Daily eleven
Painting…..crd
#essaybank
No Comments