ပျောက်ဆုံးသွားသော သဘာဝကစားကွင်းများ
ကျွန်တော်တို့ငယ်ငယ်ကတော့ ရွာအရှေ့ဘက်ကိုထွက်လိုက်လျှင် တောတန်းကလေးကို တန်းရောက်တတ်သည်။ တောတန်းကလေးထဲမှာ ရုံးပင်ကြီးတွေ၊ ကြို့ပင်ကြီးတွေ၊ ဟင်းခုတ်ပွင့်ပင်တွေ
စသဖြင့် အပင်ကြီးတွေတော်တော်အမျိုးစုံအောင်ရှိတတ်သည်။ တောတန်းထဲတွင် ဝါးရုံပင်တွေကလည်းပေါလှသည်။ ထိုတောတန်းထဲကိုသွားပြီး ကျွန်တော်တို့ ကလေးတသိုက် မှိုရှာ၊မြစ်ချိုး၊ မာလာဖူးချိုးခဲ့ကြရသည်။ ကျေးငှက်တွေက အပင်ကြီးတွေပေါ်မှာတေးသီလျက်။ ရှဥ့်ကလေးတွေက ဝါးရုံကိုင်းတွေပေါ်မှာပြေးပြီး တစ်ကိုင်းကနေတစ်ကိုင်းခုန်ကူးနေကြသည်ကို အတိုင်းသားတွေ့မြင်နေကြရသည်။ ထိုတောတန်းသည် ကျွန်တော်တို့ကလေးတသိုက်၏ ကျင်လည်ကျက်စားရာ အားကစားကွင်းပမာဖြစ်ခဲ့ရသည်။
ရွာတောင်ဘက်တွင် ငှက်ပျောပင်တွေရာချီရှိသည့် ငှာက်ပျောဥယျာဥ်ကြီးရှိသေးသည်။ ထိုငှက်ပျောဥယျာဥ်ကြီးကို ကျွန်တို့ရွာတောင်ဘက်ရှိရွာက ရွာသားတစ်ယောက်ကပိုင်သည်။ ထိုငှက်ပျောဥယျာဥ်ကြီးသည်လည်း ကျွန်တော်တို့၏ တူတူပုန်းကစားရာ ကစားကွင်းပင်ဖြစ်သည်။ ငှက်ပျောဥယျာဥ်ကကျယ်တော့ အဖွဲ့အလိုက်တူတူပုန်းတမ်းကစားခဲ့ရသည်။ ကစားလို့အားရပြီဆိုလျှင် ငှက်ပျောဥယျာဥ်ထဲတွင် ပိုင်ရှင်မသိအောင် ငှက်ပျောခိုင်ကိုခုတ်ပြီး ငှက်ပျောပင်တပင်၏ ခြေရင်းမှာဖွက်ထားသည့် ငှက်ပျောခိုင်ကိုဖော်ကာ ဝေမျှစားသောက်ပြန်ခဲ့ကြသည်။
ငှက်ပျောတောကပြန်ခဲ့လျှင် ကျွန်တော်တို့ခရီးစဥ်မှာမပြီးသေးပါ။ ရွာအနောက်ဘက်မြစ်ထဲသို့ချီတက်ကြပါသည်။ မြစ်ထဲက ရှဥ်းတောမှာ ပုဇွန်ဆိတ်ဖမ်းကြသည်။ ဝါးလုံးတွေကိုအပိုင်းပိုင်းဖြတ်ပြီး မြစ်ထဲကိုလွှင့်ထားသည့် ဝါးလုံးခေါင်းပြတ်တွေကို လက်နှစ်ဖက်ဖြင့်ပိတ်ပြီးဆယ်ကြသည်။ ဝါးလုံးခေါင်းထဲသို့ဝင်နေသော ငါးလမွေဒိုးတွေကို ကျွန်တော်တို့ရသည်။ ကျွန်တော်တို့မှာ ဆော့လို့လည်းအားရ အိမ်အတွက်လည်း ဟင်းစားကလေးရအောင်ရှာနိုင်ခဲ့ကြပါသည်။
ကျွန်တော်တို့၏ နောက်ကစားကွင်းတစ်ခုမှာ ရွာမြောက်ဘက်ကပ်လျက် မြောင်းမချောင်းဖြစ်သည်။ မြောင်းမချောင်းကမ်းပါးတလျောက် သတွတ်ပင်တွေရှိသည်။ ထိုသတွတ်ပင်တွေဆီသွားပြီး သတွတ်သီးမည့်ကောက်ကြသည်။ ချောင်းထဲကသဲသောင်ပြင်ပေါ်မှာ ဂျွန်းထိုးတမ်းကစားကြသည်။ ရွာတွင်မုန့်ဆိုင်ရယ်လို့မရှိသော်လည်း ကျွန်တော်တို့ကစားသည့်နေရာတွေမှာ စားစရာတစ်ခုခုကို သဘာဝကဖန်တီးပေးထားပါသည်။
ကျွန်တော်တို့ရွာကလေးတွင်မှ သည်လိုသဘာဝကပေးထားသော ကစားကွင်းတွေရှိကြသည်မဟုတ်ပါ။ ကျွန်တော်တို့ရွာနီးစပ်ချုပ်ကျေးရွာတိုင်းမှာ ပုံစံမတူသည့်သည်လို သဘာဝကစားကွင်းတွေ ရှိကြသည်သာဖြစ်သည်။ မြို့မှာနေထိုင်ရသော်လည်း ကျစ်ကျစ်လစ်လစ်ရှိဆဲ ကိုယ်ခန္ဓာကိုကြည့်ပြီး ထိုကစားကွင်းတို့၏ကျေးဇူးကိုမမေ့သေးပါ။
ယခုအချိန်တွင်တော့ ထိုသဘာဝကစကွင်းတွေမရှိတော့ပါ။ တချို့မှာပျက်စီးပြီးတချို့မှာ လုံးဝပျောက်ကွယ်သွားကြပြီဖြစ်သည်။ ရွာရှေ့တောတန်းနှင့် ရွာတောင်ဘက် ငှက်ပျောဥယျာဥ်ကြီးသည် လယ်ကွင်းတွေဖြစ်ကုန်ကြပြီ။ မြစ်မှာလည်း မြစ်ကြောင်းတွေကွဲထွက်ပြီး အစိတ်စိတ်အမွှာမွှာဖြစ်ကုန်ပြီ။ ရွာမြောက်ဘက် ချောင်းကလည်း ကမ်းပါးတွေပျိူပျက်ကာ သာသာယာယာမရှိတော့။
ကျွန်တော်တို့နောက်မှမွေးဖွားသည့် နောက်မျိုးဆက်သည် ကျွန်တော်တို့ကစားခဲသော သဘာဝကစားကွင်းတွေကို မတွေ့ကြုံရတော့ပါ။ သူတို့လက်ထက်တွင် သဘာဝကစားကွင်းတွေပျောက်ပျက်သွားခဲ့ပြီဖြစ်သည်။ ကျွန်တော်တို့နိုင်ငံမှာ သည်လိုပျောက်ပျက်သွားသည့် သဘာဝကစားကွင်းတွေ မည်များစွာရှိမှာသေချာပါသည်။ ထိုအရာတွေကို မည်သည့်နည်းနှင့်မျှပြန်ရှာလို့ရမည်မဟုတ်တော့ပါ။ သဘာဝက အခမဲ့ပေးထားသောလက်ဆောင်တို့သည် ပျောက်ဆုံးသွားပြီးလျင်ပြန်ရှာလို့မရပါ။
သဘာဝကစားကွင်းများ ပျောက်ဆုံးသွားသည်နှင့်အတူ လိုက်ပါပျောက်ဆုံးသွားသော အရာတစ်ခုကို ကျွန်တော်တွေးမိသွားသောအခါ ထိတ်လန့်မိပါသည်။ ထိုလိုက်ပါပျောက်ဆုံးသွားသော အရာကား မျိုးဆက်သစ်ကလေးငယ်တို့၏ သဘာဝကိုချစ်ခင်တွယ်တာသည့်စိတ်ဖြစ်ပါသည်။ သဘာဝကို နှလုံးသားထဲက တကယ်ချစ်ဖို့ သဘာဝကသာသင်ပေးနိုင်ည်ဖြစ်သည်။ ကျွန်တော်တို့ငယ်စဥ်ကတော့ ကျောင်းပိတ်ပြီဆိုလျှင် ရွာရှေ့တောတန်း၊ မြစ် တို့ဆီကိုမသွားဘဲမနေနိုင်ပါ။ ကျွန်တော်တို့ ချစ်ခင်တွယ်တာခဲ့ကြပါသည်။ သဘာဝကိုချစ်မြတ်နိုးကြဖို့ စာအုပ်ထဲကအကြောင်းအရာတွေကို ကလေးတွေကို သင်ပေးနေရုံဖြင့် လုံလောက်သည်ဟု ကျွန်တော်မယုံကြည်ပါ။ သူတိုကိုသဘာဝတရားနှင့် တရင်းတနှီးရှိစေဖို့လိုပါသည်။ နိုင်ငံအတွင်းမှာ ဘေးမဲ့တောတွေထားသလို ကလေးတွေအတွက်လည်း ရွာအနီး၊မြို့အနီးမှာ တောတန်းလေးတွေ၊ စမ်းချောင်းကလေးတွေ ထားဖို့လိုအပ်ပါသည်။
ဆန်းလေး
No Comments