တောင်ဇလပ်ပန်းတွေပွင့်တော့မယ့်အချိန်

တောင်ဇလပ်ပန်းတွေပွင့်တော့မယ့်အချိန်

တောင်ဇလပ်ပန်းတွေ ပွင့်တော့မယ့် ဆောင်းကိုရောက်လျင် ချင်းတောင်ကို လွမ်းရပြီ။ တောင်ဇလပ်ပန်းတွေနှင့် မဆုံနိုင်သည်မှာလည်း ဆောင်းသုံးရာသီမကတော့ပါ။ ချင်းတောင်မှာ တောင်ဇလပ်ပန်း နီနီတွေက ဒီဇင်ဘာလောက်မှ ပွင့်တတ်ကြပါသည်။ တောင်ဇလပ်တွေ မပွင့်ခင် ပွင့်လင်းရာသီအစ ခုလိုနိုဝင်ဘာလကစပြီး ချင်းတောင်ကို ခရီးသွားဖို့ ကောင်းပါသည်။
ချင်းတောင်ကိုခရီးသွားရလျင် ဆိုင်ကယ်နှင့် သွားရတာအကောင်းဆုံးဖြစ်သည်။ ဘေးပတ်ဝန်းကျင်ရှိ တောင်တန်းများ၊ တိမ်အုပ်များကို လွတ်လပ်စွာကြည့်လို့ရသည်။ တောင်ပေါ်က လတ်ဆတ်သည့် လေကို အားပါးတရရူရိူက်နိုင်သည်။ ရာသီဥတုကအေး၊ လေကလည်းတိုက်သည့် အတွက် လုံလုံခြုံခြုံ နွေးနွေးထွေးထွေးဝတ်ဖို့တော့လိုပါသည်။ သိုင်းငင်းက စားသောက်ဆိုင်မှာဝင်ပြီး ချင်းဒေသထွက် စပျစ်ဝိုင်တစ်ခွက်က သင့်ကိုအနွေးဓာတ်ပေးပါလိမ့်မည်။
ကျွန်တော့အတွက်တော့ ချင်းတောင်ကို တစ်ရက်တာခရီးထွက်ရမည်ဆိုလျင် သိုင်းငင်းနှင့် တီးတိန်ကြားက လေထန်ကုန်းကိုသွားချင်သည်။ လေထန်တောင်ကုန်းပေါ်မှာ တောင်ဇလပ်ပင်တွေ တော်တော်များများရှိသည်။
တောင်ဇလပ်ပန်းနီတွေကကျစ်လျစ်ပြီး မာကျောသည်။ ချင်းတောင်ပေါ်က ချင်းလူမျိုးတွေကလည်း တောင်ဇလပ်ပန်းတွေလိုပဲ ဖြစ်သည်။ ရဲရင့်သည်။ ကျစ်လျစ်သည်။ မာကျောသည်။ ရိုးသားပြီး သစ္စာကြီးကြသည်။ လမ်းဘေးဆိုင်ကယ်ရပ်ထားပြီး ညအိပ်ရင်တောင် ဘာပစ္စည်းမျှ ပျောက်ရှသည်မရှိပါ။
လေထန်ကုန်းဆိုသည့်အတိုင်း လေကအဆက်မပြတ်တိုက်နေတတ်သည်။ တိုက်သည့် လေစီးကြောင်းက တောင် အောက်ကနေ အပေါ်ကိုပင့်ပြီးတိုက်ခြင်းဖြစ်သည်။ လေထန်တောင်ကုန်းပေါ်ကနေ ဦးထုပ်တွေ၊ အင်္ကျီတွေ တောင်အောက်ကို ပစ်ချလျှင် လေနှင့်အတူ တောင်ပေါ်ကို ပြန်လွင့်လာကြသည်။ ပြန်လွင့်လာသည့် ဦးထုပ်၊အင်္ကျီတို့ကို လိုက်ဖမ်းရသည်မှာ ပျော်စရာတစ်မျိုးပင်။
ခေတ်ကာလအခြေအနေအရ တောင်ဇလပ်တို့ဆီကို ဘယ်တော့သွားနိုင်မည်လည်းမသိနိုင်ပါ။ ကျွန်တော့်လို ချင်းတောင်ကို လေးငါးကြိမ်သာရောက်ဖူးသည့်သူပင် တောင်ဇလပ်ပန်းတွေပွင့် တော့မည့်အချိန် ချင်းတောင်ကို လွမ်းသည်ဆိုလျင် ရပ်ဝေးရောက်နေ သည့်ချင်းတောင်ဖွားတွေရဲ့ အလွမ်းသည် ဆိုနိုင်ဖွယ်မရှိပါ။ တောင်ဇလပ်ပန်းတွေ ပွင့်တဲ့တချိန်ချိန်မှာ သူတို့တွေ ပြန်လာနိုင်ကြဖို့ ကျွန်တော်ဆုတောင်းလိုက်ပါသည်။
တက်နေထွန်း

About The Author

greenness_mm

No Comments

Leave a Reply