လောကကို တကယ်အလှဆင်ခဲ့ကြပါသလား
“မြက်ရိတ်သမား”
လူ့ဘုံလောက နိုးခါစတည့်
ချိုးကသံရှည် တောဘွဲ့သီ၍
ဤမှာမြေပြင် မြစိမ်းဆင်လျက်
ကောင်းကင်မိုးဝယ် နီလာခြယ်နှင့်
အိုဘယ်လူသား နှစ်ရောင်ကြားဝယ်
ခန့်ညားပေစွ၊ ခန့်ပေစွ။
ဆရာဇော်ဂျီ၏ မြက်ရိတ်သမား ဆိုသည့်ကဗျာတွင် လူသား၏ အားမာန်အလှကို ဖော်ပြထားခြင်းဖြစ်ပါသည်။ ထိုကဗျာမှာ နာမည်ကြီးကဗျာတစ်ပုဒ်ဖြစ်သည်မို့ ကဗျာအကြောင်း ထွေထွေထူးထူးထပ်ပြောဖို့ မလိုအပ်ပါ။ ကျွန်တော်ပြောချင်သည်က ကဗျာထဲက မြက်ခင်းစိမ်း၊ ချိုးငှက် ကလေးတွေနှင့်ပတ်သက်သည့် မေးခွန်းတစ်ခုသာဖြစ်ပါသည်။ မြက်ခင်းစိမ်းမရှိလျှင်၊ ချိုးငှက်ကလေးရဲ့အသံကို မကြားရလျှင် မြက်ရိတ်သမား လူသားသည် လှနိုင်ပါဦးမည်လားဆိုသည့် မေးခွန်းပင်ဖြစ်ပါသည်။
ကျွန်တော်တို့သည် လူသားအဓိကဝါဒကိုသာ ယခုထက်တိုင် စွဲစွဲမြဲမြဲဆုပ်ကိုင် အသုံးပြုလာခဲ့ကြခြင်းဖြစ်သည်။ ကမ္ဘာလောကကြီးကို လူသားတွေပဲပိုင်သည် ဆိုပြီး စွဲမြဲမြဲစိတ်ထဲမှာ မှတ်မှားခဲ့ကြပါသည်။ မိမိတို့တည်ဆောက်မှုအားလုံးကို လောကအလှဆင်သည်ဟု ယုံကြည်ခဲ့ကြပါသည်။
လောကအလှဆင်နေ၏
……
ကြည့်စမ်း အဆွေ
ငွေပိုးကောင်ငယ်၊ အားမာန်ကြွယ်၍
သွယ်သွယ်ယှက်လိမ်၊ ပိုးမျှင်အိမ်ကို
တည်ငြိမ် တည်ဆောက်နေဘိ၏။
ဝတ်ရည်စုတ်စား၊ ပျားအများလည်း
မနားမနေ၊ တည်ဆောက်နေသည်
ရွှေရည်ပျို့ပျို့ ပျားလပို့။
ကျာကျာကျည်ကျည်၊အော်ကာမြည်လျက်
ညီညာကြိုးစား၊ စာငှက်များလည်း
ပျံလွှားလေဝဲ၊ တသဲသဲနှင့်
တွဲလီတွဲလောင်း၊ စာဘူးတောင်းကို
စုပေါင်းဆောက်တည် စီစရီ။
သည်မှာလူသား၊ အလုပ်သမားလည်း
တံတားလမ်းတာ၊ အိမ်ခန်းဝါနှင့်
တိုက်တာစက်ရုံ၊ အစုံစုံကို
စွမ်းကုန်ရှိသမျှ၊ အားမာန်ပြလျက်
တည်ကြဆောက်ကြ၊ ထူထောင်ကြသည်
လောကအလှဆင်နေ၏။
မင်းယုဝေ
၂၀ ရာစုတွင် ဆရာမင်းယုဝေရေးသားခဲ့သောကဗျာတစ်ပုဒ်ဖြစ်ပါသည်။ ဆရာကြီးတို့ခေတ်က စက်မှုထွန်းကားခါစ၊ အရှိန်ကောင်းတုန်းမှာ သည်ကဗျာကိုရေးခဲ့ခြင်းဖြစ်မည်။ ယခုအချိန် ၂၁ ရာစုထဲမှာတော့ စက်ရုံသည် သူဆောက်မည့်နေရာက ဒေသခံတွေအဖို့ ကြောက်စရာဖြစ်နေပါတော့သည်။
ငွေပိုးကောင်ငယ် သူ့အိမ်ဆောက်တာ၊ ပျားတွေပျားအုံဖွဲ့တာ၊ စာငှက်တွေအသိုက်ဆောက်တာ သဘာဝကို ဘာမျှမထိခိုက်။ တနည်းအားဖြင့် သူတို့တည်ဆောက်မှုအတွက် ဒုက္ခဖြစ်သည့် သတ္တဝါ အင်မတန်နည်းမည်ဖြစ်သည်။ လူတွေကြတော့ သည်လိုမဟုတ်။ လူတွေတည်ဆောက်မှုတစ်ခုလုပ်တိုင်း သတ္တဝါတွေမည်မျှဒုက္ခဖြစ်ကြသည်ကို ၊ သဘာဝပတ်ဝန်းကျင် မည်မျှပျက်စီးသည်ကို ရှင်းပြဖို့ပင်မလိုပါ။
သည်တော့ ကျွန်တော်တို့ရဲ့ တည်ဆောက်မှုတွေကို နိုင်းနိုင်းချိန်ချိန်လုပ်ဖို့လိုလာပါသည်။ ကမ္ဘာလောက သည် ကျွန်တော်တို့လူသားတွေပဲ ပိုင်တာမဟုတ်ဆိုတာ လေးလေးနက်နက်သဘောပေါက်ဖို့လိုပါသည်။ကျွန်တော်တို့ သစ်ပင်တွေ၊သတ္တဝါတွေအတွက်ရော ထည့်စဥ်းစားတတ်ဖို့လိုပြီ ဖြစ်သည်။
ကျွန်တော်တို့လူသားတွေ လောကကို တကယ် အလှဆင်ခဲ့ကြပါသလား။ မြက်ခင်းစိမ်းတွေမရှိဘဲ၊ ချိုးငှက်တွေမရှိဘဲ ကျွန်တော်တို့ မလှနိုင်ပါ။
ချမ်းမြ
No Comments