ကိုယ့်လက်နဲ့စိုက်တဲ့သစ်ပင် ရှင်သန်နေတာမြင်ဖူးပြီးလား
ကျွန်တော်တို့ကလေးဘဝက ကျွန်တော်တို့ ဒေါ်ကြီးက ကျွန်တော်နှင့် ကျွန်တော့်ညီဝမ်းကွဲ ညီအစ်ကိုနှစ်ယောက်ကို အိမ်ဝင်းထဲမှာ အုန်းပင်တစ်ယောက်တစ်ပင် စိုက်ခိုင်းပါသည်။ ” သစ်ပင်ဆိုတာ ကလေးစိုက်မှ အကြီးမြန်တာ” ဟု ဆိုပါသည်။ ထိုအုန်းပင်နှစ်ပင်တွင် ကျွန်တော်စိုက်ခဲ့သည့်အပင်က သေပြီး ကျွန်တော့်ညီစိုက်ခဲ့သည့်အပင်က ရှင်ပါသည်။ ထိုအုန်းပင်မှာ နှစ်နှစ်ဆယ်ကျော်သက်တမ်းရှိပြီး အသီးတွေသီးနေပါပြီ။ ကျွန်တော့်ညီကတော့ ငါစိုက်ခဲ့တဲ့အုန်းပင်ကလေးဟု ဂုဏ်ယူတတ်ပါသည်။ ကျွန်တော်ကတော့ ကိုယ်စိုက်သည့်အပင်သေသည့်အတွက် သူ့လိုဂုဏ်ယူစရာမရှိ။ ထိုအခါ အပင်ကြီးတစ်ပင်ဖြစ်ဖြစ်မြောက်မြောက်စိုက်ပြီး ရှင်သန်ဖို့မလွယ်တာ သဘောပေါက်လာပါသည်။ ကျွန်တော်စိုက်ခဲ့သည့်သစ်ပင် ဘယ်နှပင်ရှင်လဲ ပြန်စဥ်းမိပါသည်။
ကျွန်တော်သစ်ပင်တွေကို ကိုယ့်အသိနှင့်ကိုယ်စပြီး စိုက်ပျိုးဖူးတာက အသက်နှစ်ဆယ်ကျော်မှဖြစ်သည်။ လမ်းမကြီးဘေး အရိပ်ရပင်မရှိသည့်နေရာတွေကို သူငယ်ချင်းတွေနှင့် သွားသွားပြီးစိုက်ကြပါသည်။ စိန်ပန်း၊ မယ်ဇလီပင်၊ ပိတောက် စသည့်အပင်ကြီးမျိုးတွေစိုက်ကြသည်။ စိုက်ပြီးတစ်နှစ်လောက်အကြာ လမ်းပြင်ဆင်မှုလုပ်တော့ ကျွန်တော်တို့အပင်တွေ အကုန်ပါသွားပါသည်။ ကျွန်တော်တို့နောက်နှစ်အားမလျော့ပဲထပ်စိုက်ကြပြန်ပါသည်။ ထိုအပင်တွေထဲမှ ဆယ်ပင်လောက်ရှင်သန်ကျန်ရစ်ပါသည်။ ကျွန်တော်တို့စိုက်ကြတုန်းက အပင်တစ်ရာဝန်းကျင်ဖြစ်သည်။ မြို့နဲ့ဝေးတော့ မစောင့်ရှောက်နိုင်တာလည်းပါသည်။ သစ်ပင်စိုက်ပြီးရှင်သန်ကျန်ရစ်ဖို့ဆိုတာ ဆယ်ရေးတစ်ရေးပါလားဟု နားလည်မိပါသည်။ ထိုကျန်ရစ်ခဲ့သော ဆယ်ပင်မှာ ကျွန်တော်စိုက်ခဲ့တဲ့ အပင်ပါသလား၊ မပါသလား မသေချာပါ။
ကိုဗစ်ကာလတွင်လည်း ကျွန်တော်တို့တွေ အပင်တွေလိုက်စိုက်ခဲ့ကြပါသည်။ ဘုရားကုန်းမြေပေါ်တွေမှာ၊ စာသင်ကျောင်းဝင်းတွေမှာ၊ လမ်းဘေးတွေမှာ၊ ဆေးရုံတွေမှာ၊ တောင်ခြေတွေမှာ စိုက်ခဲ့ကြပါသည်။ ထိုအပင်တွေရဲ့အခြေအနေ ဘယ်လိုရှိသလဲ ခေတ်အခြေအနေအရ ကျွန်တော်သွားမကြည့်နိုင်ပါ။ ထိုအပင်တွေထဲက ကျွန်တော်စိုက်ခဲ့သည့်တပင်ပင်တော့ ရှင်သန်ကောင်းပါရဲ့လို့ တွေးမိပါသည်။
ညဆိုလျင် ကျွန်တော်တို့အိမ်နောက်ဖေးက ဆိတ်ဖလူးပန်းရနံ့သည် အိမ်ထဲထိရောက်လာပါသည်။ ထိုပန်းရနံ့ရတိုင်း အော် ငါစိုက်ခဲ့တဲ့အပင်ပါလားဟု စိတ်ထဲမှာ ပေါ်လာပြီး ပီတိကိုခံစားရပါသည်။ ထိုဆိတ်ဖလူးပန်းပင်မှာ လေးနှစ်သား တော်တော်ကြီးပါပြီ။ နောက်ဆုံးစဥ်းစားလိုက်သည့်အခါ အော် ငါ့ဘဝမှာ စိုက်ပြီးရှင်သန်နေတဲ့ အကြီးဆုံးအပင်ကိုပြပါဆိုလျှင် ထိုဆိတ်ဖလူးပင်တစ်ပင်သာ သေသေချာချာရှိပါသလားဟု တွေးမိပါသည်။
လူတစ်ယောက်သည် သူ၏ဘဝတွင် အနည်းဆုံး အပင်ကြီးတစ်ပင်တော့ ရှင်သန်အောင်စိုက်ခဲ့သင့်သည်ဟု ကျွန်တော်ယူဆပါသည်။ ကျွန်တော်ကတော့ ဆိတ်ဖလူးပန်းလေးတစ်ပင်သာ ရှင်သန်အောင်စိုက်ပျိုးနိုင်သေးသဖြင့် ရှက်နေမိပါသည်။ ကျွန်တော်ထပ်ကြိုးစားစိုက်ပျိုးဖို့ ဆုံးဖြတ်ထားပါသည်။
ဗြိတိသျှကဗျာဆရာကြီး H.C Bunner ကတော့
“သစ်ပင်စိုက်ပျိုးသူဟာ
ကောင်းကင်နဲ့နေကို မိတ်ဆွေဖွဲ့
မိုးထိုးနေတဲ့ အလှရောင်စဥ်တန်းနဲ့
လွတ်လပ်လေညင်းရဲ့အလံတော်ကို
လွင့်ထူလိုက်တဲ့သူဖြစ်တယ်။
တိတ်ဆိတ်တဲ့ နံနက်ဆည်းဆာမှာ
ကောင်းကင်ဘုံရဲ့သံစဥ်နဲ့သီကြွေးကြတဲ့
ငှက်ကျေးတို့ရဲ့သားချော့သီချင်း
ပျော်ရွှင်စွာကြားရခြင်းကြောင့်
သစ်ပင်စိုက်ပျိုးသူဟာ
အိမ်လေးတစ်အိမ်ကို
ကောင်းကင်ဘုံအဖြစ်
ဖန်ဆင်းလိုက်တဲ့သူ ဖြစ်တယ်” ဟု ဂုဏ်ပြုဖွဲ့ဆိုခဲ့ပါသည်။
စာဖတ်သူမိတ်ဆွေရော ဘဝမှာ သစ်ပင်ကြီးဘယ်နှပင်ရှင်သန်အောင်စိုက်ပျိုးဖူးပြီလဲ။ ကိုယ်စိုက်တဲ့အပင် ရှင်သန်နေတာ မြင်ဖူးပြီလား ပြန်စဥ်းစားကြည့်စေချင်ပါသည်။မစိုက်ရသေးလျင် အနည်းဆုံးတစ်ပင်လောက်စိုက်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါရစေ…။ ကိုယ်စိုက်သည့်အပင်တွေရှင်သန်နေတာကို ကြည့်ရသည့်အရသာ သစ်ပင်စိုက်သူတို့သာ နားလည်နိုင်မည်ဖြစ်ပါသည်။
တက်နေထွန်း
No Comments