မြို့ကလေး နှင့် ဧရာဝတီ

မြို့ကလေး နှင့် ဧရာဝတီ

‘ဧရာဝတီ မြစ်သည် ထုံးဘိုမြို့အပေါ်သဘောကောင်းသည်’တဲ့။
တက္ကသိုလ်ဘုန်းနိုင်ကတော့ တပြည်သူမရွှေထားဝတ္ထုထဲတွင် မြို့ကလေးရဲ့ ဧရာဝတီ ကို ထိုသို့ ဖွဲ့ဆိုခဲ့ဖူးသည်။ “ထုံးဘို ဆိပ်ကမ်းမှာ ကျောက်ဆောင်မရှိ။ သောင်မထွန်းပဲ မြစ်အတွင်း လှေ သမ္ဗာန်ကြီးငယ်တို့ ကောင်းစွာဆိုက်ကပ် နိုင်သောကြောင့် ဖြစ်သည်။မြစ်ကမ်းလမ်းဘေး တလျှောက်က ရွက်ဝါကြွေသော ကုက္ကိုတောသည်လည်း ဧရာဝတီနှင့် အလှချင်း ပြိုင်နေခဲ့သည် မဟုတ်လား”
ဆိုခဲ့ သည့် အတိုင်း မြစ်က မြို့အပေါ် သဘောကောင်း၍ မြစ်ဆိပ်မှာ သောင်မထွန်း ကျောက်ဆောင်မရှိပေမယ့် ကမ်းပါးတွေက တော့ တအိအိပြိုနေခဲ့ပြီ။

မြို့ကလေးသည် ဧရာဝတီ မြစ်၏အနောက်ဘက်ကမ်း နဖူးမှာ မေးတင်ထားသည်။ အနောက်ဘက် ကြည်းတောင်နှင့် ဆုံရာမှ သွယ်ဆင်းလာသော တောင်တန်းကြီးသည် ဧရာဝတီထဲရေဆင်းသောက်နေဟန် ပုံမျိုးဖြင့်မြစ်ထဲကို တိုးထွက်နေသည်။ အကောက်တောင် ဟုခေါ်သော ထိုတောင်တန်းသည် နယ်ခြား ဖြစ်သည်။ပြည်မြို့ဘက်ကနေ မြောက်မှတောင်သို့ စီးဆင်းလာသော ဧရာဝတီသည် မြို့၏ကမ်းဘေး တလျှောက် ငြင်သာ သိမ်မွေ့ စွာ စီးဆင်းလာခဲ့သည်။

ပဲခူးတိုင်းအဆုံးနှင့်ဧရာဝတီအစ နယ်ခြား မှတ် ရှိရာ အကောက်တောင်ဦး နားမှာတော့မြစ်သည်
ဒေါမာန်ကလေး ပါလာသည်။တောင်ဦးကွေ့ ကို ဖြတ်ဖို့ ရာ ရေစီး ကြမ်းလာသည်။ ရေဝဲကလေးများရှိသည်။ တောင်ပေါ်ကနေ ကြည့်လျှင်တော့ မြစ်၏အလှအပကို ရှုမငြီးဖွယ် တွေ့မြင်ရသည်။ ဘယ်အချိန်ကြည့်ကြည့် ၊ဘယ်နှစ်ခါ ကြည့်ကြည့် ရာသီ တခု မှာ အလှတမျိုးဖြင့် သုံးရာသီလုံး လှပနိုင်လွန်းသည်။

မျက်စိပသာဒ အလှအပ တွေ ရှိသလို မြစ် ၏ဒဏ် ရာ အနာတရတွေကို လည်း ကြည့်တတ်ရင်မြင်ရမည်။အရှေ့ဘက်ကမ်း ကျွန်း နှင့် မြို့ ကြား ကတငြိမ့်ငြိမ့် ရစ်ခွေ စီးဆင်းနေသော ဧရာဝတီ၏ရင်ခွင်ထက်မှာ မို့မောက်သော သောင်ပြင် သဲ ခုံ လေး တွေက တိုး ၍ တိုး၍ လာခဲ့ပြီ။

မြို့သည်မြစ်ကမ်းနဘေးမြို့မို့မြစ်၏အကူအညီကို များစွာယူခဲ့ရသည်။ မြစ်ဆိပ်ကမ်းတွင်
ကျောက်ကြီး၊ကျောက်စရစ်၊မီးသွေး၊ သစ် စသဖြင့် မြို့နှင့်အနီးအပါးက ထွက်သမျှ သယံဇာတများကို မြန်မာပြည်အထက်အောက် ပို့ဆောင်သော ရေယာဉ်မျိုးစုံတို့ စိုက်ကပ်ထားသည်။ ရေချို ပုစွန် သား ငါးတို့ပေါသဖြင့် တံငါ လုပ်ငန်းလည်း တွင်ကျယ်သည်။ သစ်ဖောင် ဝါးဖောင်များ ဆိုက်ကပ် ချိန် ဆိုလျှင် ရေသရဲ ကလေး လူငယ်တို့ ၏ပျော်ရွှင်ဖွယ်ရာ အချိန်တွေ ဖြစ်ခဲ့ ဖူးသည်။ တနံတလျား ကြီးမားသော ဝါးဖောင်များပေါ် တဖောင်မှ တဖောင် ခုန်ကူးရသည်။ ဆိပ်ကမ်းနှင့် အလွန်ဝေးသော ဝါးဖောင်နှင့်ထိစပ်နေသည့်မြစ်ထဲ ဆင်းကာ ဖောင်ကို ကိုင်ပြီး ရေချိုးရသည်။ ထိုနေရာများသည် ရေအလွန်စီးသည်မို့ ဖောင်ကို ကိုင်ထားရင်းပင် ရေစီးထဲ မျောပါမတက် အသဲယားစရာကောင်းလှသည်။ အန္တရာယ်နှင့် ဆော့ကစားရာ ရောက်သဖြင့် မြစ်ထဲ အသက် ပေးလိုက်ရသည်တို့လည်းရှိခဲ့သည်။

ဧရာဝတီ မြစ်ကူးတံတားများ မရှိခင်က မြို့၏လမ်းပန်းဆက်သွယ်ရေးက မြစ်ကိုသာ အားကိုးခဲ့ရသည်။ ထိုအချိန်က အစုန်အဆန် နှစ်ထပ်သင်္ဘောလေးများသည် လမ်းပန်းဆက်သွယ်ရေးအတွက် အဓိကအားထားရာပင်။ သင်္ဘောလေးများနှင့် အထက် အောက် ကုန်စည်ဖလှယ်ကြသည်။
ဧရာဝတီ တိုင်းဘက်က ကုန်သည်များက ငပိ ငါးခြောက် အဓိက ရောင်းဝယ်ကြသည်။ ပြည် ဘက်က ကုန်သည်များက သနပ်ခါး အဓိက ကုန်သည် များဖြစ်သည်။

သင်္ဘောလေးများနှင့် ဧရာဝတီ မြစ်အတွင်း သွားလာခဲ့ရသည့် ငယ်ဘဝသည် လွမ်းစရာပင်။
သီတင်းကျွတ် ၊ တန်ဆောင်တိုင်ကျောင်းပိတ်ရက်များတွင် ပြည်မြို့က ဆွေမျိုး တွေထံ အလည်အပတ်သွားရသည့်အခါတိုင်း နှစ်ထပ်သင်္ဘော စီးရသည်။ ထမင်းချိုင့် များထဲမှာ လက်ဖက်သုပ်၊ငရုတ်သီးကြော်၊ကြက်ဥပြုတ်၊စားစရာအစုံနှင့် သင်္ဘောဦးခန်းထဲမှာ အိပ်လိုက် စားလိုက်နှင့် ပျော်စရာ အလွန်ကောင်းသည်။ ဘယ်လောက်ပဲ စားစရာတွေ ယူလာပါစေ ကလေးသဘာဝ သင်္ဘောပေါ်က စားသောက်ဆိုင်မှာ လက်ဖက်ရည် အချိုနှင့်မုန့်ပဲ သရေစာများ ဝယ်စားချင်ခဲ့သည်ကိုလည်း မမေ့သေး။ လမ်းမှာ သင်္ဘော ဆိုက်ကပ်တဲ့ ဆိပ်ကမ်းတွေမှာလည်း စားစရာ အမျိုးမျိုးပေါမှပေါ။ ကျီးသဲ ဆိပ်ကမ်းရောက်လျှင် ကျီးသဲ ထမင်းသုပ်၊ ကျီးသဲ မုန့်ဖက်ထုပ်ကလည်း နာမည်ကြီးသည်။ ကျီးသဲ ထမင်းသုပ်ကို သတိရလိုက်မိတိုင်း အင်ဖက်နံ့ သင်းသင်းလေးက အာရုံမှာ တွဲလျက် ပါလာသည်။

မြို့ကလေးက ဈေးသည်များပြည်မြို့ကို နေ့ချင်းပြန် ဈေးဝယ်ဖို့ သွားလိုလျှင်တော့ လိုင်းကောင်ဟုခေါ်သော မော်တော်ဘုတ်လေးတွေ စီးရသည်။ ငယ်ငယ်က အဒေါ်တွေဈေးဝယ် သွားလျှင်လိုက်ရသည်မို့ ညဘက် လိုင်းကောင် လည်း စီးခဲ့ဖူးသည်။ ညဘက် ဆယ်နာရီ ဆယ့်တစ်နာရီလောက် ထွက်သော လိုင်းကောင်ပေါ်မှာ မထွက်ခင်ကထဲက အိပ်စောင့်ရသည်။

မော်တော်ထွက်ပြီဆိုလျှင်တော့ အိပ်မရတော့။မော်တော်စက်သံက တအား ဆူညံလွန်းသည်။
မော်တော်ပေါ်မှာက ဘယ်ညာ ခုံတန်း နှစ်တန်း ရှိသည်။ ဝမ်းဗိုက်ထဲက ကွပ်ပစ်တွေမှာတော့ အိပ်တဲ့သူက အိပ်။ ခုံတန်းမှာ ထိုင်ပြီး တရိပ်ရိပ် ဖြတ်သွားသော မြစ်ရေပြင်ကို ငေးကြည့်သူကကြည့်။
ညကောင်းကင်မှာ ငွေ ကြယ်လေးတွေက ဟို တပွင့် သည်တပွင့်။ ဖြတ်သန်းခဲ့ရာ ဆိပ်ကမ်းတလျှောက် မြို့ ရွာလေးများကတော့ ညဉ့်အမှောင်ထဲ အိပ်မောကျလျှက်။ တချို့သော လသာ ညများမှာတော့ မော်တော်ဘေးကနေ လိုက်ပါလာသော အဖော်လေးတွေကို တွေ့ရတတ်သည်။ လရောင်လက်လက် ရေပြင်လွှာမှာ ရေမှုန် ရေဖွားတွေ တဖွားဖွား လွင့်ဝဲအောင်ဧရာဝတီလင်းပိုင်လေးတွေ မြူးထူးပျော်ပါးနေကြသည်။

ထိုအချိန်ကလောက်ထိ ဧရာဝတီက သန့်စင် ကျန်းမာနေသေးသည်။ ဧရာဝတီမြစ်ကြောင်းတလျှောက်ကျက်စားကြသော လင်းပိုင်လေးများကိုသည်ဘက်မြစ်ကြောင်းမှာ ယခုချိန်မတွေ့ရတော့ပါ။ မြစ်ကြောင်းက ကျဉ်းပြီ။ရေကြောင်းတွေ ပြောင်းလဲသွားပြီ။ မြို့ကလေး ရဲ့ ဧရာဝတီသည် လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်လောက်က ဧရာဝတီ မဟုတ်တော့ပြီ။မြစ်ကူးတံတားကြီး (နဝဒေး တံတား)ပြီးသွားသည့်နောက် မှာ ခရီးသွားလျှင် ရေလမ်းကို အားကိုးစရာ မလိုတော့။ စီးသူမဲ့နှစ်ထပ်သင်္ဘောလေးများသည်လည်း အတိတ်၏ ခြေရာ အဖြစ်သာ ကျန်နေခဲ့ပြီ။

မြစ်ရေကြီးချိန်ဆိုလျှင် မြစ်၏ဒဏ်ကို မြို့က ခံရသည်။ ငယ်ငယ်ကတော့ ကလေးသဘာဝမို့ ရေကြီးလျှင်ပျော်သည်။မူလတန်းကျောင်းကလေးသည် ချောင်း၏တဘက်မှာ ရှိသည်။
ဝါဆို ဝါခေါင်မြစ် မှာရေတိုး လာလျှင် ချောင်းသေးကလေး ၏ ခနော်နီ ခနော်နဲ့ တံတားလေးက အရင်ရေမြုပ်သည်။

ချောင်းကမ်းဘေး ရပ်ကွက်တွေက အိမ်စုစု လေးများ၊ငှက်ပျောတောဟု အလွယ်ခေါ်သော
ပျံကျ ရပ်ကွက်လေးက အိမ်ထောင်စုလေး များသည် မြစ်ရေစတိုး လာကတည်းပင် သူတို့ တဲစု လေးများ ရေမြုပ်တော့သည်။
တောင်ပေါ်နှင့် ဘုရားကုန်းများပေါ် သူတို့ ရွှေ့ပြောင်း ရသည်။ မြစ်ရေကြောင့် မြို့ကလေး လှုပ်လှုပ်ရှားရှား ဖြစ်လာသလို ကလေးတွေလဲ မူလတန်းကျောင်းကို မသွားရတော့။
မြစ်ရေ တစစ တိုးလာခဲ့လျှင် မြို့ကလေးရဲ့ လူနေ ရပ်ကွက်များတွင် ကူတို့ လှေကလေးတွေ
အစီအရီပေါ်လာခဲ့သည်။

ဈေးကို သွားပြီး ရောင်းဝယ် ဖောက်ကားဖို့ ကူးတို့လှေများကို အားကိုးရသည်။
ကလေးတွေ မြစ်ရေ တိုးလို့ ပျော်သလို
လှေသမားတွေလည်း ပျော်ကြသည်။
လူတွေက အိမ်တွေ ရေမြုပ်လို့ ဒုက္ခ ရောက်သည်ထက် ကူတို့ ပို့ပြီး ဝင်ငွေ ဖြောင့်သည်ကို ပို မက်မောကြဟန် တူပါရဲ့လေ။

ဒီဘက် နှစ်ပိုင်းတွေမှာတော့ မြစ်ရေ ကြီးလျှင် ပင် ကုန်းပေါ် မရောက်တော့။ မြစ်သည်
နွေမတိုင်မီပင် ရေတွေ နိမ့်ဆင်းနေပြီ။
ရေလယ်ခေါင်က သောင်ခုံများ ပို၍ပီပြင်လာသည်။ ဒီဘက်ကမ်းမှ လှမ်းကြည့်လိုက်လျှင် သောင်ခုံများပေါ်က တဲ့ စုလေးတွေကို မြင်ရတတ်သည်။
လေသင့်သည့် ညများမှာ အရှေ့ဘက်သဲသောင်ပေါ်က တွံတေးသိန်းတန် သီချင်းသံများ
ကြားရတတ်သည်။ နွေရင့်မှည့် လာချိန်မှာတော့ ထိုသောင်ခုံများပေါ်မှာ ယာယီအပန်းဖြေစခန်းတွေပေါ်လာတော့သည်။ ဘီယာဘူးခွံ၊ ရေသန့်ဘူးခွံ၊ အအေးဘူးခွံ၊ ကြွပ်ကြွပ်အိတ် အမှိုက်မျိုးစုံ စသည့် လူတို့ စွန့်ပစ်မှု မှန်သမျှဧရာဝတီ၏ ရင်ခွင်ထဲ တလိမ့်လိမ့် စီးဆင်းသွားလိမ့်မည်။

သည်ဘက်ကမ်းက မြစ်ဆိပ်သည်လည်းစာရေးဆရာကြီး ဖွဲ့နွဲ့ခဲ့ ဖူးသလိုတချို့နေရာများ လှပကောင်းလှပ ပါလိမ့်မည်။ သို့သော် မြစ်က မြို့အပေါ် သဘောကောင်းသေးရဲ့လား ။
ယခင်က မြို့သည် ယခု မြင်နေရသော မြစ်အလယ်လောက်မှာ မဟုတ်လား။
မလှခင်.မီး ဟုခေါ်သော မီးကြီး သင့်ပြီး မြစ်ကမ်းဘေးတလျှောက်က ကုက္ကိုတောလည်း ကုန်ခဲ့ပြီ။
ကမ်းပါးတွေ ပြိုပြီး မြို့သည် တဖြည်းဖြည်းနောက်ဘက် ရောက်သွားသည်။

မြစ်သည် တဖြည်းဖြည်း ကျဉ်းမြောင်းသွားသည်။
မြစ်ကမ်းနဖူးမှာတော့ ခရီးသွား မြို့ ဖြစ်သွားသည်နှင့်အမျှ အပြောင်းအလဲများ ရှိလာသည်။ကမ်းနဖူးတလျှောက် ဈေးဆိုင်တန်းများနှင့်ခရီးသွားများ အနားယူနိုင်မည့် ယာယီ တဲလေးတွေ ရှိသည်။ ကမ်းနဖူးမှာ ဘောင်ခတ်ထားသည့် စွန့်ပစ်အမှိုက်ပုံများအတွက် ရင်လေးမိသည်။

သည်ဘက် နှစ်ပိုင်းမှာ ကမ်းပါး ပြို မှုတွေ များလာသဖြင့် လတ်တလော ရေထိန်းနံရံတွေ တည်ဆောက်နေရပြီ။ အချိန် မရွေး ပြိုကျ ပဲ့ကြွေသွားနိုင်သည့် မြေပေါ်က အိမ်လေးတွေ
ညဘက် ကောင်းကောင်းအိပ်လို့ ရမည်မထင်ပါ။ကမ်းပြိုသည့် အထဲ ပါသွားပါက အိမ်တွ မဟုတ် ဘဝတွေမဟုတ်လား။ ပူလောင်သော နေ့လယ်ခင်းနှင့် ညချမ်း တချို့တွင် မြစ်ကြောင်းတလျှောက်ကျောက်စုပ် ရေယာဉ်များ၏စက်သံများနှင့် မြစ်၏ နာကျင်ငြီးတွားသံကို ကြားရတတ်သည်။
ရင်ခွင်ထဲမှ အသဲနှလုံးတို့ကို ထုတ်ယူခံရသည့်အခါ မနာကျင်သူ ဘယ်သူ ရှိမလဲ။

ဒဏ်ရာ ဒဏ်ချက်များနှင့် မြစ်သည် မြို့အပေါ် ဘယ်ထိ သဘောကောင်းနိုင်ပါမည်လဲ။
လူတို့ မောဟ လောဘများ မရှိလျှင်တော့ မြစ်က မြို့အပေါ် သဘော ကောင်းမြဲကောင်းပါလိမ့်မည်။ ဧရာဝတီကို အမှီပြုနေရသော မြို့ ကလေးအဖို့ ဒဏ်ရာ အနာတရများနှင့် မြစ်ကို
ကုစားစရာ နည်းလမ်းများ ရှာဖို့တော့ လိုလေမည်။

ဆွေဇင်ဦး

About The Author

greenness_mm

No Comments

Leave a Reply