လက်ပံပင်တမ်းချင်း

လက်ပံပင်တမ်းချင်း

ကျနော်တို့ငယ်ငယ် စာသင်ကျောင်းဝင်းထဲက လက်ပံပင်ကြီးမှာ စကောလောက်ရှိတဲ့ပျားးအုံတွေ အုံတစ်ရာနီးပါလောက်ထိရှိခဲ့တာလို့ ပြောရင် နားထောင်တဲ့သူတွေက အံ့သြကြတယ်။ တချို့ကလည်း ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယနဲ့ ကြည့် ကြတယ်။ ဒါဟာတကယ်ရှိခဲ့တာပါ။ ကျွန်တော်သုံးတန်းနှစ်မှာ သူငယ်ချင်းဝင်းဇော်နှင့်အတူ လက်ပံပင်ကြီးပေါ်က ပျားအုံတွေကို ရေကြည့်ကြတာ ကိုးဆယ့်ရှစ်အုံတိတိရှိခဲ့ပါတယ်။
စာသင်ကျောင်းဝင်းထဲကဒီလက်ပံပင်ကြီးနဲ့ကျနော်တို့ရွာဟာ ခွဲမရခဲ့ပါဘူး။ စာသင်ကျောင်းဝင်းဟာလည်း ကျနော့်အဖိုး လှူခဲ့တဲ့ကျောင်းဝင်းမို့ ကျနော်ခုထိဂုဏ်ယူနေပါသေးတယ်။ ဒီလက်ပံပင်ကြီးမှာ ပြောစမှတ်ပြုရမယ့် ဖြစ်ရပ်တစ်ခုလည်းဖြစ်ခဲ့ပါသေးတယ်။ လွန်ခဲ့တဲ့ သုံးဆယ့်ငါးနှစ်ကျော်က ဒီလက်ပံပင်ကြီးပေါ် ဝံကြီးတစ်ကောင်တက်ခဲ့တယ်။ အဲဒီဝံကြီးက ရွာသားတစ်ယောက်ကို မျက်နှာတစ်ခြမ်းပဲ့အောင် ကုပ်ဖဲ့ပြီးမှ လက်ပံပင်ကြီးပေါ်တက်သွားခဲ့တာပါ။ ရွာကလူတွေက သေနတ်သမားကိုခေါ်ပြီး ဝံကြီးကိုပစ်ချခဲ့ကြတယ်။ အပင်ပေါ်မှာ ဝံကြီးဟာ မျက်ရည်ကျခဲ့တယ်လို့ ကျနော့်သူငယ်ချင်း တေဇော်ဝင်းက ပြောပါတယ်။ အဲ့ဒီဝံကြီးသေတော့ ပိသချိန်တစ်ရာ ကျော်ပါတယ်။
ကျနော်က ရွာကလေးမှာလေးတန်းအထိနေပြီး မြို့ကိုပြောင်းရွေ့နေထိုင်ရပါတယ်။ ကျနော်ခြောက်တန်းနှစ် ရွာကိုခဏအလယ်ပြန်တော့ လက်ပံပင်ကြီးမှာ ပြားအုံတွေ နည်းသွားတာသတိထားမိတယ်။ ရွာကလူတွေမေးကြည့်တော့ ဟိုဘက်ရွာက ရွာသားတစ်ဦး ညအချိန်ကြီး လက်ပံပင်ပေါ်က ပျားအုံတွေလာခိုးဖွတ်သွားလို့ ပျားအုံတွေနည်းသွားတာလို့ ပြောပြကြပါတယ်။
ကျနော်တို့ရွာကလူတွေဟာ လက်ပံပင်ကြီးပေါ်မှာ အချိန်တစ်ရာကျော်တဲ့ ဝံကြီးကို ဝိုင်းပြီးသတ်ဖြတ်ဖူးခဲ့ကြပေမယ့် လက်ပံပင်ပေါ်က ပျားအုံကြီးတွေကိုတော့ ဘေးမယ့်ပေးထားကြတာ ယခုထိပါပဲ။ ညအချိန်မှာ လာပြီးပျားခိုးဖွတ်တဲ့ ရွာကြီးကလူက ကျနော်တို့ရွာကလေးသေးတယ်ဆိုတယ်ပြီး ပမာမခန့်တဲ့သဘောလဲပါမှာပါ။
ကျနော်တို့ငယ်ငယ်က ဆောင်းနှောင်းပိုင်း လက်ပံပွင့်လတ်လတ်ဆတ်ဆတ်တွေ တပွင့်နှစ်ပွင့်ကြွေစပြုပြီဆို သူ့ထက်ငါ မနက်စောစောလက်ပံပင်အောက် သွားကောက်ကြရပါတယ်။ ပွင့်ဦးပွင့်ဖျား စားလို့ရအောင်မချောက်သေးတဲ့ လက်ပံပွင့်နီနီနှစ်ပွင့်သုံးပွင့်လောက်ရရင်ကို ပျော်မဆုံးတော့ဘူး။ ဒီနှစ်ပွင့်သုံးပွင့်ဟာ ဟင်းအဖြစ်လည်း စားလောက်တာမဟုတ်ပေမယ့် ရရင်ပျော်ခဲ့ကြတာပါပဲ။
လက်ပံပွင့်တွေနီရဲအောင်ပွင့်တဲ့အချိန်ဆို လက်ပံပင်မှာ ဆက်ရက်တွေဟာ ဆူညံတွေပါပဲ။ ” လက်ပံပင်ဆက်ရက်ကျ” တာကို ငါးနှစ်တိတိကျနော်ကောင်းကောင်းမြင်ခဲ့ရတာပေါ့။ လက်ပံပင်ကဆက်ရက်တွေကို လေးခွနဲ့အကြိမ်ကြိမ်ပစ်ခဲ့ဖူးပါတယ်။ ကျနော့သူငယ်ချင်းတွေ ဆက်ရက်တစ်ကောင်စ၊ နှစ်ကောင်စ ရကြပေမယ့် ကျနော်ကတော့ တကောင်မှမှန်အောင်မပစ်နိုင်ခဲ့ပါဘူး။ သူငယ်ချင်းတွေကလှောင်ကြတာပေါ့။ ခုချိန်မှာတော့ ဆက်ရက်တစ်ကောင်မှ မှန်အောင်မပစ်နိုင်ခဲ့တာကိုပဲ ကျေနပ်နေမိပါတယ်။
ကျနော်ရွာကို ဖုန်းဆက်ရင် လက်ပံပင်ကြီးအကြောင်းကိုလည်းမေးမိပါတယ်။ ” သူလည်းအိုပြီးကားကွာ၊ လူတွေလည်းအိုကုန်ကြပြီ” လို့ ရွာကလူတွေက ပြန်ပြောကြပါတယ်။ တကယ်လည်း လက်ပံပင်ကြီးဟာ အိုခဲ့ပါပြီ။ ပင်အိုတို့ထုံးစံအတိုင်း ကိုင်းတွေက ကျိုးတို့ကျဲတဲပါ။ ဒီလို အကိုင်းတွေကျိုးတို့ကျဲတဲနဲ့ လက်ပံပင်ကြီးကို မြင်ရသေးတာပဲ ကျနော်ကျေနပ်လှပါပြီ။ ဒီလက်ပံပင်ကြီးရှိနေသေးတော့ ကျနော်တို့ရဲ့ ငယ်ဘဝပုံရိပ်ကလေးတွေလည်း ခုပဲရှိနေသေးသယောင်ယောင်ထင်ပြီး လွမ်းစိတ်ဖြေရပါတယ်။
ကျနော့်လိုပဲ အခြားသူတွေလည်း ငယ်ဘဝမှာ ကိုယ့်အတွက်အရေးပါခဲ့တဲ့ သစ်ပင်ကြီးတစ်ပင် ရှိကောင်းရှိနိုင်ပါတယ်။ ရှိခဲ့တယ်ဆိုရင် သေချာပါတယ်။ ဒီအပင်ကြီးအကြောင်း တွေးမိတဲ့အခါတိုင်း အပင်ကြီးအောက်ရောက်ဖို့ တမ်းတမိကြမှာပါ။ ကျနော်ကတော့ လင်ပံပင်ကြီးကို တမ်းတလွမ်းရတာကို ထိုက်တန်တဲ့အလွမ်း၊ အေးမြငြိမ်သက်တဲ့အလွမ်းအဖြစ် ခံစားမိပါတယ်။
ချမ်းမြ

About The Author

greenness_mm

No Comments

Leave a Reply