ချောင်းနံဘေးက ရွာကလေး
ဤ ရွာကလေးကို အပေါ်စီးမှ ကြည့်လျှင် ကျောက်ပျဉ်တစ်ချပ်လို မြင်ရမည်မှာမလွဲပါ။အနောက်ရိုးမ တောင်တန်းပေါ်မှာ တည်ထားသော ဤရွာကလေးကို ဥက္ကံချောင်းက မြွေတစ်ကောင်လို ရစ်ခွေစီးဆင်းကာ ပတ်ခွေထားသည်။ဤ ရွာကလေးနှင့်အခြားရွာကလေးသို့ ကြိုးတံတား တစ်ခုနှင့်ဆက်သွယ်ထားသည်။ထိုကြိုးတံတားသည် အကာအရံမရှိ။ဆိုင်ကယ်တစ်စီး သွားသာရုံ အကျယ်အဝန်းသာရှိသည်။ကြိုးတံတား တည်ဆောက်ထားသည်က မကြာသေး။ကြိုးတံတား မတည်ဆောက်ခင်တုန်းက ဝါးဖောင်ဖြင့် သာ ဖြတ်ကူးကြရသည်။ရေစီးအင်မတန် သန်သဖြင့် ဟိုဘက်ကမ်း ဒီဘက်ကမ်းကို သွယ်ထားသော ကြိုးကို ဝါးဖောင်ပေါ်မှဆွဲကာ ဖြတ်ကူးကြရသည်။ကြိုးဆွဲမတက်လျှင် ဝါးဖောင်မှ တစောင်းဖြစ်ကာ တိမ်းမှောက်သွားတတ်သည်။
ကျွန်တော် ကျောင်းဆရာ တာဝန်ဖြင့် ဤရွာကလေးကို စကျတော့ ကြိုးတံတား ကို ဖြတ်ရင်း ကျွန်တော်တွေးမိသည်။ကျွန်တော်တို့ နဝမတန်းတုန်းက မြန်မာစာမှာ သင်ခဲ့ရသည့် ဆရာဘုတလင်ချစ်လေးရဲ့ ချောင်းကလေး ကဗျာကို သတိရနေမိခဲ့သည်။ဤရွာကလေးမှ ရွာသူရွာသားများကလည်း ဆရာ့ ကဗျာထဲကလို
သည်ချောင်းက ငါး ၊ ငါတို့စား၏
သည်ချောင်းရေပေါက် ၊ တို့သုံးသောက်၏
သည်ချောင်းရေလျှံ ၊နုန်းတင်ကျန်တွင်
သီးနှံမျိုးစုံ၊တို့စိုက်ကုန်၏ ဟု စိတ်ထဲမှ ရွတ်ဆိုကာ တွေးထင်နေမိသည်။
တောင်ကုန်းပေါ်မှာ တည်ထားသော ရွာကလေးဖြစ်သဖြင့် ရေရှားသည်။ဤတောင်ကုန်း၏မြေကြီးများသည် ကျောက်သားမြေများဖြစ်သည်။ထို့ကြောင့် စက်ရေတွင်းတူး၍မရ။လက်ယက်တွင်းလည်း တူး၍မရ။ပေ သုံးလေးဆယ်ရောက်လျှင် ကျောက်တုံးကြီးများက ခံနေတော့သည်။ရွာထဲမှ တချို့အိမ်တွေက တူးနိုင်သည့် ပေရောက်သည့်အထိတူးပြီး လေမှုတ်စက်ဖြင့် ရေရအောင်လုပ်ကြသည်။သို့သော် ရေက တံမြိတ်မှကျလာသည့် နှင်းလို တောက်၊တောက်နှင့် နည်းနည်းချင်းထွက်လာတတ်သည်။ရေတစ်စည်ရဖို့ တစ်နာရီခွဲလောက် မောင်းရသည်။ထို့ကြောင့် ရွာသူ၊ရွာသားများသည် ချောင်းကလေးကိုသာ အသုံးပြုကြရသည်။ချောင်းထဲမှာ ရေချိုးကြသည်။ချောင်းထဲမှာ ငါးမျှားကြသည်။ချောင်းထဲမှာ အဝတ်လျှော်ကြသည်။ချောင်းထဲမှာ နွားရေတိုက်ကြသည်။တောတောင်နှင့် နီးစပ်သော ရွာကလေးဖြစ်သဖြင့် ဝါးခုတ်၊မျှစ်ချိုး၊မှိုနှုတ်၊သစ်တိုက်၊ဝါးတိုက်ဖြင့်သာ အသက်မွေးမှုပြုကြရသည်။ယာမြေကိုတော့ တောရိုင်းမြေများကို ခုတ်ထွင်ရှင်းလင်းပြီး စိုက်ကြပျိုးကြသည်။ရလာသော ဆန်စပါးများ ရောင်းချရာတွင် သည်ရပိုးရ ဒုက္ခရောက်ကြရပြန်သည်။ချောင်းကို ဖြတ်ပြီး တစ်ဖက်ကမ်းက ရွာကိုတစ်ခါသယ်။အဲ့ဒီရွာမှ ဥက္ကံမြို့က စပါးကြိတ်စက်တွေဆီပို့ပြီး ကြိုတ်ရခွဲရ၊သယ်ရပိုးရပြန်သည်။သို့သော် ရွာသားများဆီမှ ညည်းသံငြူသံမကြားရပါ။ပုံမှန် လုပ်လေ့ရှိသော အရာကြောင့်လား။မွေးကတည်းက ဤရွာကလေးမှ ကြီးပြင်းလာသောကြောင့် ချစ်ခင်တွယ်တာနေသောကြောင့်လား။ဒါမှမဟုတ် ရွေ့ပြောင်းစရာ ငွေရေးကြေးရေး အဆင်မပြေသောကြောင့်လား။မေးခွန်းပေါင်းများစွာဖြင့် ရွာကလေးအပေါ် မေးခွန်းထုတ်ကြည့်မိသည်။
မေးခွန်းထုတ်စရာ အခြေအနေတွေကလည်း ရွာကလေး မှာ နှစ်စဉ်လိုလို ဖြစ်ပျက်နေခဲ့သည်ကို မည်သူမှ သိနိုင်မည်မထင်ပါ။တစ်ခုလပ်ဖြစ်သွားသောသူများ၊မုဆိုးမဖြစ်သွားသောသူများ၊ကိုယ်လက်အင်္ဂါကျိုးကြေ ပျက်စီးသွားသောသူများ။ထိုသူများသည် ဤရွာကလေးမှာ ဆက်လက်နေထိုင်နေမြဲဖြစ်သည်။တစ်ခါတုန်းကတော့ အဘ ဦးအောင်မောင်းကို မေးခဲ့ဖူးသည်။
“အဘရာ ဒီလို အသက်အန္တရာယ်နဲ့နီးနေတဲ့ ရွာမှာ ဘာလို့ နေနေတာလဲ။တခြားနေရာ ပြောင်းနေပေါ့ အဘရာ”ဆိုတော့
“ငါ့တူကို အဘပြောမယ်။ဒီရွာက အန္တရာယ်ရှိတာမဟုတ်ပါဘူး။အန္တရာယ်ရှိမှန်းသိလျက် အဘတို့က လာနေတာပါ။ဒါကြောင့် ဘယ်လိုလိုပဲဖြစ်ဖြစ် အဘမှာ မုန်းစရာ မရှိဘူး”
အဘ ဦးအောင်မောင်း စကားကြားရတော့ ကြွေမွနေသော သူ့ခြေထောက်ကြီးကို တစ်လှည့်၊ခံစားချက်မဲ့နေသလို ထင်ရသည့် သူ့မျက်နှာကြီးကို တစ်လှည့် ကျွန်တော် ကြည့်နေမိတော့သည်။
ဆိပ်ဖလူးပန်းတွေ ဝေနေအောင်ပွင့် နေကြပြီ။တောစိန်ခြယ်လေးများသည် လမ်းဘေးဝဲရာတွင် သူ့တို့ရဲ့မျက်နှာကို အစွမ်းကုန်မော့ကာ ပွင့်အာနေကြသည်။မကြာမီ သကြားစက်ပို့တော့မည့် ကြံခင်းကြီးသည် မြောက်ပြန်လေထဲတွင် ဟိုဒီယိမ်းနွဲ့ကာ ကပြနေကြသည်။လိမ္မော် ရောင်တောက်နေသော နေလုံးသည် တအိအိဖြင့် သူ့အတောင်အလက်တွေကို ရုတ်သိမ်းကာ ပျောက်ကွယ်သွားဦးတော့မည်။ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်သည် ချောင်းကမ်းနဖူးတွင် ထိုင်ကာ ရွာကလေး၏ ဆည်းဆာ နေဝင်ချိန်ကို ငေးမောနေမိတော့သည်။
“မင်္ဂလာပါဆရာ……”ဟူသော အော်သံကြား၍ နောက်ပြန်ကြည့်မိတော့ ရွာထိပ်မှ မကျည်းပင်ကြီးအောက်မှာ ကလေးတွေ စုရုံးနေကြသည်။သူတို့ဘာလုပ်နေသလဲ ဆိုတာ ကျွန်တော်မသိ။လျှပ်စစ်မီးမရသော ရွာကလေး။ဖုန်းလိုင်းမမိသော ရွာကလေး၊အင်တာနက်မရသော ရွာကလေး။ခေတ်နှင့်အညီ တိုးတက်နေသော၊ကမ္ဘာကြီးဟာ ရွာတစ်ရွာဖြစ်နေသော ဤကာလကြီးမှာ ကျွန်တော် နေထိုင်ရာ ရွာကလေးကတော့ ဝက်သားပေါက်တွေထဲက နို့ညပ် ကျန်ခဲ့သည့် ဝက်ကလေးတစ်ကောင်လို အရာရာ ပိန်လှီဖျော့တော့နေတော့သည်။ကျွန်တော်တို့ ငယ်ငယ်တုန်းကလို ကုက္ကိုလ်ပင်အောက်၊မန်းကျည်းပင်အောက်မှာ ကလေးတွေစုရုံးပြီး သရဲကြောင်းပြောကြ၊ပုံပြင်ပြောကြ၊နာမည်ဖွက်တမ်းဆော့နေကြလိမ့်မည်ဟု ကျွန်တော်တွေးနေမိသည်။ပြီးတော့ ကလေးတွေကိုလည်း သနားနေမိသည်။
ချောင်းထဲရေဆင်းစိမ်ပြီး ပြန်တက်လာတော့ လရောင်လေးက ဝိုးတဝါးသာနေသည်။ဟိုပြောဒီပြောဖြင့် သူငယ်ချင်းနှစ်ယောက် စကားပြောရင်း ကျောင်းထိပ်သို့ရောက်လာကြသည်။ရေစိုအဝတ်များကိုလဲ ပြီး လှမ်းရုံရှိသေး”ဖရော..ဖရော”ဆိုသည့် အသံတွေက ကျောင်းရှေ့ ခပ်လှမ်းလှမ်းမှကြားနေရသည်။လွယ်အိတ်ထဲမှ ဓာတ်မီးကို နှိုက်ပြီး ထိုးကြည့်မိတော့ အမှောင်ထဲမှာ နှာမောင်းကို မြှောက်ကာ ငှက်ပျောပင်ကို စားသောက်နေသော အစွယ်တဖွေးဖွေးဖြင့် ဆင်းကြီးတစ်ကောင်က ကျွန်တော့်ဘက်ကို လှည့်ကြည့်နေသည်။သူလေးငါးဆယ်လှမ်းလှမ်းလျှင် ကျွန်တော့်ဆီ အသာလေး ရောက်လာနိုင်သည်။ကျောင်း ခြံစည်းရိုးကို အန္တရာယ်ရှိပါသည်ဟု ဌာနမှ တင်ပြတောင်းခံခဲ့သော်လည်း ယနေ့အထိ ရောက်မလာသေးသဖြင့် ယခုလို အသက်အန္တရာယ်နှင့်ကြုံရတော့လည်း လင်ပစ်မိန်းမတစ်ယောက် ယောက်ျားအပေါ် စိတ်နာသလိုမျိုး စိတ်နာမိခဲ့ပြန်သည်။
“ကို တေကြီး မြန်မြန်လုပ် ဆင်ဝင်လာနေပြီ”ဟု အော်ကာ ကျွန်တော်တို့နှစ်ယောက် ရွာထဲသို့ ဆင်းပြေးခဲ့တော့သည်။ရွာထဲရောက်မှ ရွာလူကြီးကိုပြောကာ ဝိုင်းဝန်း အော်ဟစ် မောင်းထုတ်ခဲ့ကြသည်။ထိုညက တစ်ညလုံးနီးပါး ထိုဆင်ကြီးက ရွာမှာ မွှေနှောက်တော့သည်။ရွာထိပ်ဖျားက အိမ်ကို ခေါင်းဖြင့်ဝင်တိုက်ကာ ဖျက်ဆီးသွားတော့သည်။တစ်ညလုံး ဟိုနေရာက ပေါ်လာလိုက်၊သည်နေရာက ပေါ်လာလိုက်၊မောင်းလိုက်ကြ၊နားလိုက်ကြဖြင့် မိုးလင်းခါနီး ကျွန်တော် မှေးခနဲ အိပ်ပျော်သွားသော်လည်း ကျောင်းရှေ့မှ လူများ တဖုတ်ဖုတ် ပြေးလွှား သွားသံကြောင့် လန့်နိုးလာတော့သည်။ခေါင်းရင်းမှ ပြတင်းတံခါးလေးကို ဖွင့်ကာကြည့်ရင်း ပြေးလာသော ကို ဇော်ဝင်းကို
“ကို ဇော်ဝင်း ဘာဖြစ်လို့လဲ ဗျ”
“ဆင် ငံပြားထိပ်နားမှာ ဆင်းနင်းခံရလို့တော့ ပြောတာပဲ။ဘယ်သူလဲတော့ မသိဘူးဆရာရေ”ဟု ပြောကာ ပြေးသွားတော့သည်။ကျွန်တော်လည်း အိပ်ရာမှ လူးလဲထကာ ပြေးလိုက်သွားသည်။
သွေးအိုင်ထဲတွင် လဲနေသော ဦးမြမောင်က အသက်မျှင်းမျှင်းသာရှိတော့သည်။ခြေထောက်နှစ်ချောင်းလုံး ရုတ်ပျက်ဆင်းပျက် ကျိုးပဲ့နေသည်။ပေါင်တွင် ပြတ်ရှဒဏ်ရာ ကြီးက ငါးကိုဓားနဲ့မွှမ်းထားသလို ဟဗြဲကြီး ဖြစ်နေသည်။မျက်နှာတစ်ခုသာ ကြေမွ မပျက်စီးသွားသဖြင့် ဦးမြမောင်အားမှတ်မိနေခြင်းဖြစ်သည်။ဘယ်လိုနည်းနှင့်မှ အသက်မရှင်နိုင်တော့မှန်းသိသဖြင့် စောင်ကို ပုခတ်လုပ်ကာ သူ့အိမ်သို့ခေါ်လာရင်း လမ်းတွင် ဘဝတစ်ပါးသို့ ကူးပြောင်း ကွယ်လွန်သွားခဲ့တော့သည်။
“ဆင်ထွက်နေလို့ ဒီနေတော့ မသွားပါနဲ့ဆိုတာ တားမရဘူး။အဲ့ဒီလိုနဲ့ နှမ်းစိုက်ဖို့ နောက်ကျလိမ့်မယ်ဆိုပြီး ကိုင်းခုတ်ဓားကိုင်ပြီး ထွက်သွားတာ။အဖေရဲ့ ခြေထောက်တစ်ဖက်က မနှစ်က တောဝက်ပတ်တာ ခံထားရတာ။မပြေးနိုင်ဘူး”ဆိုသော သူ့သမီးရဲ့ မျက်ရည်သုတ်လိမ်းထား သောစကားလုံးများကို အပြန်လမ်းမှာကြားယောင်နေမိသည်။
နေ့လယ်လောက်ရောက်တော့ သစ်တောမှ တောအုပ်ကြီး နှင့်တောခေါင်းများ ရောက်လာကြသည်။ဆင်စားကျက်ထဲမှာ ဝင်ရောက်လုပ်ကိုင်သဖြင့် အသက်ပေးရသော ဦးမြမောင်အား အသက်ပင်သာမက ဒဏ်ငွေ တစ်သိန်းခွဲ ပေးဆောင်ရပြန်သည်။လောလောဆယ်ပေးစရာမရှိသဖြင့် မျက်နှာလေးတွေ ငယ်နေပုံက နွေနွေခေါင်ခေါင်မှာ စံပယ်ရွက်တွေ ညှိုးနေသလိုပါပဲ။ဦးမြမောင်၏ ဇနီးရွာထဲက ပြန်ရောက်လာတော့ လက်ထဲမှာ ဆင်ဖြူတော် တစ်အုပ်ပါလာကြသည်။
“ဪ…ဦးမြမောင်ရယ် ဆင်တစ်ကောင်တည်းအားမရလို့။ဆင်ဖြူအုပ်လိုက် သတ်တာလည်း ခံရပြန်ပြီလား ဗျာ”ဟု တစ်ကိုယ်တည်း တွေးတောရင်း ရွာရှိရာအရပ်ဆီ မှန်းဆပြီး လျှောက်လာခဲ့မိတော့သည်။
ဥက္ကံချောင်းက ရစ်ခွေစီးဆင်းထားသော ဤရွာကလေးတွင် အစစအရာရာ အဆင်မပြေသော်လည်း အဆင်ပြေချင်ယောင်နေသည့် ရိုးသားသော တောသူ၊တောင်သား၊တောင်ပေါ်တက်သူများကို ဆိပ်ဖလူးပန်းများ ပွင့်တိုင်း သတိရမိသည်။ရွာထိပ် မန်းကျည်းပင်ကြီးအောက်က ဆီးကြိုနေသော ကလေးများကိုလည်း အမှတ်ရမိသည်။တစ်နေ့နေ့မှာ ဤရွာကလေး ဘယ်လို ဖြစ်တည်ပြောင်း လဲသွားမည်ဆိုတာကိုလည်း စိတ်ဝင်းစားမိပါသေးသည်။နောက်ထပ် ဦးမြမောင်တွေ ထပ်ရှိမလာဖို့ကိုတော့ ကျွန်တော် ဘယ်တော့မှ မျှော်လင့်မှာ မဟုတ်တာကတော့ သေချာပါသည်။
မြတ်သိမ်းခိုင်
No Comments