တောင်ထိပ်ပေါ်က လက်ဆေးကန်
ကန်နာမည်က လက်ဆေးကန်တဲ့။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲမှာရှိတာပါ။ ကလေးခရိုင်နှင့် မောလိုက်ခရိုင် နယ်နိမိတ်အစပ်မှာ တည်ရှိပါတယ်။ ကလေး – တမူး ကားလမ်းမကြီးကနေ ချိုးသွားပြီး ဆယ်မိုင်ကျော်က အမြင့်ပေ သုံးထောင်ကျော် တောင်ထိပ်က ရေကန်တစ်ခု။
လက်ဆေးကန်တဲ့။ မြတ်စွာဘုရားရှင်သက် တော်ထင်ရှားကြွလာစဥ်က ဆွမ်းဘုန်းပေးပြီး လက်ဆေးခဲ့တဲ့ ကန်မို့ လက်ဆေးကန်တဲ့။ မြတ်စွာဘုရား မြန်မာနိုင်ငံကို ကြွဖူးတဲ့ ကျမ်းဂန်အထောက်အထားမရှိဘူးလို့ ဆရာတော်ကြီးတွေ မိန့်ကြားဖူးပေမယ့် ဒေသခံတွေက ဒီလိုယုံကြည်ကြပါတယ်။ မြတ်စွာ ဘုရားတကယ် ကြွခဲ့၊ မကြွခဲ့ ပြောဖို့ခက် တာမို့ ရှေးအတိတ်ကိုထားပြီး လွန်ခဲ့တဲ့ ဆယ်နှစ်က လက်ဆေးကန်ကိုပဲ သွားကြပါစို့။
လက်ဆေးကန်ကိုရောက်ဖို့ တောင်ပေါ်ကိုတက်ရတယ်။ ကျနော်တို့တွေ လက်ဆေးကန်ကိုသွားတုန်းက ကားလမ်းဟာ မြေသားလမ်းဖြစ်ပါတယ်။ မြေသားကားလမ်းအတိုင်း ကျနော်တို့ဟာ အဖွဲ့လိုက် ခြေလျင်တက်ကြပါတယ်။ လမ်းတလျောက်မှာ အပင်ကြီးတွေကိုတွေ့မြင်ကြရတယ်။ တောင်ပေါ်ဆိုပေမယ့် ရေအရင်းအမြစ် ဘယ်လောက်ထိကောင်းသလဲဆို ဖြတ်သန်းသွားလာထားတဲ့ ကားဘီးယာတွေထဲကနေ စိမ့်စမ်းလေးတွေထွက်နေတာမျိုးတောင် တွေ့ခဲ့ရတယ်။
တောင်တက်ခရီးဆိုတော့ လူငယ်ယောကျာ်းလေးတွေက ရှေ့ဆုံးကတက်တာပေါ့။ နောက်ဆုံးကတော့မိန်းကလေးတွေ။ ကိုယ်တွေက အလယ်လောက်က။ တောင်တက်လမ်းချိုးကွေ့တိုင်း လမ်းမြေပြင်ပေါ်မှာ ပြုံးနေတဲ့ ဝလုံးပုံမျက်နှာ တွေဆွဲထားတာတွေ့ရတယ်။ ” အားတင်းထား” လို့ ရေးထားတာတွေလည်းတွေ့ရတယ်။ ရှေ့ကတက်သွားတဲ့ လူငယ်လေးတွေ နောက်ကလူတွေ အားတက်အောင် ဆွဲထား၊ ရေးထားခဲ့တာတွေပါ။ စိတ်ကူးကောင်းတဲ့လူငယ်တွေပဲလို့ စိတ်ထဲကနေ ချီးကျူးမိပါတယ်။
လက်ဆေးကန်ကိုရောက်တော့ ကန်စပ်ကိုသွားပြီး မျက်နှာသစ်ရတယ်။ ရေကလည်းသန့်လို့၊ ကြည်လို့၊အေးလို့။ ကန်ပတ်လည်မှာ သစ်ပင်ကြီးတွေဝိုင်းလို့ပါ။ သစ်ပင်တွေရဲ့ အရိပ်နဲ့ ကန်ရေဟာ အေးမြနေပါတယ်။ကန်နားမှာ ဘုန်းကြီးကျောင်းနှစ်ကျောင်းရှိပါတယ်။
ဘုန်းကြီးကျောင်းတစ်ကျောင်းက ဆရာတော်နှင့် စကားလက်ဆုံကျမိပါတယ်။ ဆရာတော်က တောထွက်ပါ။ လူ့ဘဝ ရွှေပန်းထိမ်အလုပ်ကိုလုပ်ခဲ့ပြီးနောက် လူ့ဘောင်ကိုစွန့် တောရ ဆောက် တည်နေတယ်လို့ သိရပါတယ်။ ကန်ရေအနက်ဟာ ဝါးတပြန်မမှီတဲ့နေရာတွေရှိတယ်လို့ ဆရာတော်ကဆိုပါတယ်။
” ကန်က တဖြည်းဖြည်း ရေတော့လျော့လာတယ်” လို့ မိန့်ပါတယ်။ ဆရာတော်မိန့်နေတုန်းမှာပဲ တောထဲကထွက်ပေါ်လာတဲ့ ချိန်းဆောနဲ့ သစ်ခွဲတဲ့အသံတွေလည်း ကြားနေခဲ့ရတာပါ။ ချိန်းဆောဆွဲသံဟာ လက်ဆေးကန်ကို တိုက်ရိုက်ချိန်းခြောက်နေပါကလားလို့တွေးမိခဲ့ပါတယ်။
တောင်ပေါ်မှာ သဘာဝစိမ့်စမ်းရေကန်တစ်ကန်ရှိဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ သစ်ပင်သစ်တောကြီးတွေအားကောင်းလွန်းလို့သာ တည်ရှိနေတာပါ။ ဒီလိုနေရာမျိုးမှာ သစ်ပင်ခုတ်တာကို တင်းတင်းကြပ်ကြပ်တားမြစ်ဖို့ လိုပါတယ်။ မတားမြစ်နိုင်ရင်၊ မထိန်းသိမ်းနိုင်ရင် ပျောက်ကွယ်သွားမှာ သေချာနေတဲ့ကိစ္စပါ။
ခုချိန်တော့ ခေတ်ကာလကလည်းမကောင်း။ လက်ဆေးကန်ကျန်းမာရေး အခြေအနေဘယ်လိုနေသလဲ မသိနိုင်ပါ။ နီးစပ်သူတွေ ထိန်းသိမ်းတတ်ကြပါစေပဲ ဆုတောင်းရပါတယ်။ သွားခွင့်ရတဲ့တနေ့တော့ လက်ဆေးကန်ကို ခြေလျင်ခရီးပဲတက်ချင်ပါသေးတယ်။ အရင်ကလို လမ်းတလျောက်အရိပ်ပေးမယ့် အပင်ကြီးတွေရှိပါတော့မလား။ လက်ဆေးကန်ထဲက ရေဟာ တောင်ထဲကို စုန့်ဝင်သွားမလား။
တွေးပူမိတာတော့ အမှန်ပါ။ ကျနော်ကိုယ်တိုင်ရော ၊နောင်မျိုးဆက်တွေကိုရော လက်ဆေးကန်ကို အကောင်းအတိုင်း တွေ့မြင်ခွင့်ရစေချင်ပါတယ်။
ချမ်းမြ
No Comments