အလွမ်းတောင်တန်း

အလွမ်းတောင်တန်း

ဟားခါးမြို့သည်ဆောင်းရာသီဆိုလျင်နေပူကြီးထဲမှာပင်တုန်နေအောင်ချမ်းသည့်မြို့ ဖြစ်သည်။ ရေချိုးသည့်အခါ ဓာတ်လိုက်သလို၊ ကြိမ်လုံးသေးသေးလေးတွေနှင့် ကိုယ် တစ်ခုလုံးအရိုက်ခံရသလို ခံစားရသည်။
မနက်စောစော အပြင်ထွက်လျင် ခြေအိတ် လက်အိတ်မပေါဘဲထွက်လို့မရ။ ဟားခါးမြို့ကိုရောက်ပြီးပထမဦးဆုံး ဆောင်းမနက်ခင်း ကို ကျွန်တော်မှတ်မိနေသည်။ ဟားခါးဆောင်းမနက်အကြောင်းကို မသိသေးသည့် ကျွန်တော်နှင့်ကျွန်တော့်သူငယ်ချင်း နှစ်ယောက် ခြေအိတ်၊လက်အိတ် တွေမပါဘဲ မြို့ ထဲလဘက်ရည်သောက်ရင်း လမ်းလျောက်ထွက်ကြရာ ခဏကြာတော့ ကျွန်တော်တို့ ခြေလက်တွေ ခံစားမူတွေကင်းမဲ့အောင်ထုံကျင်သွားခဲ့သည်။ လမ်းဘေးပလက်ဖောင်း ပေါ်မှာရောင်းသည့် ခြေအိတ်၊လက်အိတ်တွေကို အမြန် ဝယ်ဝတ်ခဲ့ကြရသည်။ ညဆို လျင် အိမ်တခါးကိုစေ့နေအောင်ပိတ်ပြီးမှအိပ်ရသည်။ လေဝင်ပေါက်လေးသေးသေး ရှိနေလျင်တောင် အိမ်ရှိလူအကုန်နိူးလာအောင်ထိ အေးတတ်သည်။ဟားခါးမြို့သည် ဆောင်းရာသီတွင် စောစောအိပ်ယာဝင်ပြီး၊ အိပ်ယာထနောက်ကျတတ်ပါသည်။
မိုးရာသီဆိုလျင် တိမ်နှင့်မိုး တစ်လှည့်စီ အဆက်မပြတ်လာတတ်သည်။ တိမ် တွေကိုငုံ့ကြည့်ခဲ့ရသည့် ဘဝကိုကျွန်တော်လွမ်းသည်။ တစ်တောင်နှင့်တစ်တောင် ကြား တွင်တိမ်ပင်လယ်ကြီးဖြစ်နေသည်။ တောင်အောက်ကိုမမြင်ရ။ ကောင်းကင်ဘုံကို ရောက်နေရသလိုလို ခံစားရလေသည်။ တိမ်တိုက်တွေထဲ လမ်းလျောက်ခဲ့ရတာကို ကျွန်တော် မြင်ယောင်သည်။ တိမ်ခိုးတိမ်ငွေ့ ဖြူဖြူတွေကြား လမ်းလျောက်ရသည်မှာ ရိုမန်းတစ်ဆန်လှသည်။ ကိုယ့်ရှေ့ဝါးတစ်ရိုက်ခန့်လောက်သာ ကောင်းကောင်းမြင် ရ သည်။ လူတွေ၊ အိမ်တွေ၊ ထင်းရူးပင်တွေသည် တိမ်ဖြူဖြူတွေထဲတွင် အရိပ်သဖွယ် ဝိုးတဝါး။ ဟားခါးမြို့မိုးရာသီသက်ရှိပန်းချီကားတစ်ချပ်ဖြစ်သည်။
နွေရာသီ ထင်းရူးတောတန်း၏ လေချွန် သံတွေ ကျွန်တော့်နားထဲကြား ယောင် နေသည်။ ထင်းရူးပင်အောက် ထင်းရူးရွက်ကြွေ တွေပေါ် လမ်းလျောက်ခဲ့၊ ထိုင်ခဲ့၊ လဲ လျောင်းခဲ့တာတွေသတိရမိ သည်။ ထင်းရူးတောထဲက ထင်းရူးပင်အောက်တွင်ထိုင်ရင်း ကဗျာရေးခဲ့ဖူးသည်။ ထင်းရူးပင် အောက်မှ အတိတ်ခြေရာတွေကို ကျွန်တော်မြတ်နိူးစွာ သိမ်းထားပါသည်။
နှစ်ထောင့်ဆယ့်ငါးခုနှစ်က မြို့ဟောင်းနေရာတွေမြေပြိုကြောင်းသတင်းတွေကြား ရသည်။ ရင်ထဲမှာနှမြောတသဖြစ်ရသည်။ မြို့သစ်ဘက်တွင်တော်တော်စည်ကား ကြောင်းလည်းကြားရသည်။ ဝမ်းသာရပါသည်။ မြို့ဟောင်းနှင့်အတူ ယဉ်ကျေးမူတွေ ပါပြိုပျက်သွားမှာကိုတော့ ကျွန်တော်စိုးသည်။ မြို့သစ်နှင့်အတူ ကောင်းသောယဉ်ကျေး မူသစ်တွေတော့ထွန်းကားစေချင်ပါသည်။ ပြိုပျက်သွားသော မြို့ဟောင်းသည် ကျွန်တော့်ရင်တွင်အမြဲသစ်နေသည်။ ကျွန်တော့်ရင်ထဲက မြို့ဟောင်းမှာ ခမ်မတူးမော် တော်ဟု ဒေသအခေါ် ခေါ်ကြသည့် လက်လုပ်မော်တော်ကားတွေကို ကလေးတွေ ပျော်ရွှင်စွာစီးရင်းဆော့နေကြဆဲဖြစ် သည်။
လတ်လတ်ဆတ်ဆတ်ဂေါ်ရခါးအညွန့်၏ အရသာ၊ ထောပတ်သီး၊ သစ်တော်သီး နှင့် ဆာဗုသီးတွေကို ကျွန်တော်တမ်းတသည်။ နံနက်စောစောလ္ဘက်ရည်ဆိုင်မှာ ဒန်အိုး ကြီးထဲထည့်ဖျော်ထားသည့် လ္ဘက်ရည်ကိုလည်းသတိရမိသည်။ ရံဖန်ရံခါစားရသည့် တောင်ပေါ်ငါး၏အရသာမျိုးကို ဘယ်ဆီမှာမှမရနိုင်။အစားအသောက်နှင့်ပတ်သက် လျင် ရှားပါးခဲ့သော်လည်း အသွားအလာအဆင်းအတက် လူပ်ရှားမူများသောကြောင့် ရှိတာလေးနှင့်ပင်စားကောင်းသောက်ကောင်းဖြစ်ခဲ့ရသည့်အချိန်တွေကို လွမ်းရပါသည်။
အားကစားကွင်းစင်မြင့်ပေါ်မှ မြို့၏ရူခင်းတွေကိုငေးခဲ့ရသည်။ ချင်းအမျိုးသားနေ့ ပွဲတော်မှာ အားကစားကွင်းစင်မြင့်ပတ်လည်ထောင်ထားသည့် အလံတော်များ လေထဲ လွင့်နေသည့်မြင်ကွင်းကို မြင်ယောင်နေဆဲ။ အလံတော်များကို လေတိုးသည့် အသံကို ကြားယောင်နေဆဲ။ မြို့တစ်ဖက်အထွက်တောင်ကုန်းပေါ်ကနေ မြို့ကိုခဏခဏငေးခဲ့ ဖူးသည်။ ဂေါက်ကွင်းကိုလည်းလှမ်းမျှော်ကြည့်ဖူးသည်။ ကုန်းအတက်တွေကိုအားမာန် နဲ့တက်ခဲ့ဖူးသည်။ အဆင်းတွေမှာ ပျော်ရွှင်စွာပြေးခဲ့ဖူးသည်။
မြို့မဘုန်းတော်ကြီးကျောင်းကို မကြာခဏရောက်ဖြစ်ခဲ့သည်။ ဟားခါးမြို့ထက်ပေ တစ်ထောင်ပိုမြင့်သော သာသနပါလကုန်း တော်ပေါ်သို့လည်း အခါအားလျော်စွာတက် ခဲ့ဖူးသည်။ တနင်္ဂနွေနေ့မနက်တွေမှာ ဘုရားကျောင်းတွေလည်းတက်ခဲ့ပါသည်။ ပြီး တော့ စျေးနားက အဆိုတော်ဆုံသင်းပါ၏အစ်မအရင်းဖွင့်ထားသည့် စာအုပ်ငှားဆိုင် မှာ စာအုပ်တွေငှားပြီးဖတ်ခဲ့ရသည်။ အားကစားကွင်းဝင်ပေါက်မျက်နှာချင်းဆိုင်က ရန်ကုန် လက်ဘက်ရည်ဆိုင်မှာ ညတိုင်းနီးပါးထိုင်ခဲ့သည်။ သည်လက်ဘက်ရည်ဆိုင်နေရာက နေကြည့်လိုက်လျင် မီးလေးတွေမှိတ်တုတ်မှိတ်တုတ်နှင့် တောင်စောင်းတွင် အဆင့်ဆင့် ဆောက်ထားသောအိမ်ကလေးတွေကို မြင်ရသည်။ အခုအချိန်တွင်တော့ သည်မြို့ ဟောင်းကမီးလေးတွေငြိမ်းကြတော့မည်ထင်သည်။
မွေးကတည်းကတောင်တန်းတွေနှင့်ရင်းနှီးခဲ့သူတစ်ယောက်အဖို့ တောင်တန်း တွေကိုမမြင်မတွေ့ရသည့်နေရာမှာနေရတော့ ပတ်ဝန်းကျင်ရူခင်းတို့ သည် တစ်ခုခု လိုနေသလိုခံစားရသည်။ တောင်တန်းအသွယ်သွယ်တို့ကိုမမြင်ရ။ မြစ်ချောင်း အသွယ် သွယ်ကိုသာမြင်ရလေသည်။ တောင်ဇလပ်ပန်းနီနီတွေကို မတွေ့ရ။ ဗေဒါပန်းပြာပြာ တွေကိုသာတွေ့မြင်ရသည်။ ထင်းရူးတောတန်းတွေကို မငေးမောရ။ ရေတဖွေးဖွေး လယ်ကွင်း ပြင်တွေကိုသာ တမျှော်တခေါ်ငေးမောရသည်။ ရင်ခုန်ဖွယ် အဆင်း အတက် ၊အကွေ့အကောက်လမ်းတွေကိုမသွားရ။ ညီညာဖြောင့်စင်း သောလမ်းတွေ ကိုသာသွားရလေသည်။
မြစ်ချောင်းအသွယ်သွယ် ဗေဒါပန်းပြာပြာတို့သည် လှပါသည်။ ကျွန်တော့်ရင်မှာ တော့ တောင်ဇလန်းပန်းတွေသာပွင့်ပါသည်။ ရေတဖွေးဖွေးနှင့်ကွင်းပြင်တို့ငေးမောရ သည်မှာ ကြည်နူးဖွယ်ဖြစ်ပါသည်။ ကျွန်တော့်မျက်စိထဲတွင် တောင်တန်း၊ ထင်းရူးတော တန်းတွေကို မကြာခဏမြင်ယောင်တတ်ပါသည်။ ထိုသို့မြင်ယောင်တိုင်းလည်း လွမ်း စိတ်နှင့်အတူ အားမာန်တို့ပြည့်လာတတ်ပါသည်။ မြေပြန့်တွင်သွားလာရသည်မှာ ချော မွေ့အဆင်ပြေပါသည်။ သို့သော်ကျွန်တော်သည် အဆင်းအတက်အကွေ့ အကောက် တွေနှင့် တိမ်တွေကိုအပေါ်စီးမှကြည့်ပြီး သွားလာရသည်ကို ပိုနှစ်သက်မိ ပါသည်။
တောင်ပေါ်ရောက်စအချိန်က အတက်အဆင်း တွေသွားလာရသည်မှာ မောပန်း လွန်းသည်။ သည်လိုပုံစံနဲ့ဖြစ်ပါ့မလားဟုပင် အတွေး ဝင်ခဲ့ဖူးသည်။ နောက်သွားဖန်များ လာတော့ကျင့်သားရလာခဲ့သည်။ မမောပန်းသည့် အပြင် သက်လုံတွေပိုကောင်းလာ သည်။ ခန္ဓာကိုယ်ပိုတောင့်တင်းကျန်းမာလာသည်။ တကယ်တော့ကျွန်တော်တို့သည် လည်း လောကဓံအတက်အဆင်းတွေနှင့် ဘဝခရီးကိုသွားလာရသူတွေဖြစ်သည်။ ဘဝ လမ်းမှာ မောပန်းခဲ့ရတာအမှန်ဖြစ်သည်။
သို့သော် လက်လျော့လို့မဖြစ်။ လောကဓံအ တက်အဆင်းတွေကို ဖြစ်ပါ့မလားလို့ ကြောက်စိတ်၊ စိုးစိတ်ဝင်လို့ဖြစ်။ တောင်တန်းတွေ ပေါ် ကျွန်တော်တက်ခဲ့သလို လောကဓံအတက်တွေကို ကျွန်တော်တက်ရပေဦးမည်။ တောင်တန်းတွေပေါ်က အဆင်းတွေကို ကျွန်တော်ဆင်းခဲ့သလို လောကဓံအဆင်းတွေ ကို ကျွန်တော်ထိန်းဆင်းရပေဦးမည်။
တိမ်တိုက်ဖြူဖြူတွေကိုအပေါ်စီးကနေ ခဏခဏကြည့်ခဲ့ဖူးပါသည်။ တစ်နေ့တော့ လောကရဲ့အလှအပတွေကို အပေါ်စီးကနေ ကျွန်တော်ကြည့်နိူင်ဦးမည်ဟု မျော်လင့်မိ ပါသည်။
ဖိုးမောင်(မြန်မာစာ)

About The Author

greenness_mm

No Comments

Leave a Reply