ရေစိမ့်ဝင်မှုကောင်းသော မြေဆီလွှာနှင့် ရေစီးရေလာကောင်းမွန်စေရန် သိကောင်းစရာများ

ရေစိမ့်ဝင်မှုကောင်းသော မြေဆီလွှာနှင့် ရေစီးရေလာကောင်းမွန်စေရန် သိကောင်းစရာများ

ကျွန်ုပ်တို့ရဲ့ ဥယျာဉ်စိုက်ခင်းမြေဆီလွှာဟာ တစ်ချိန်လုံး ရေဝပ်ပြီးစိုစွတ်နေတာမျိုး သို့မဟုတ် ခြောက်သွေ့နေတာမျိုး တွေ့ရှိဖူးတယ်ဆိုရင် အဆိုပါအ​ခြေအနေဟာ မြေဆီလွှာရဲ့ ရေစိမ့်ဝင်နိုင်မှုကို မြှင့်တင်ဖို့ရာ လုပ်ဆောင်ပေးရမဲ့ အနေအထားဖြစ်ပါတယ်။ အပင်တွေစိုက်ပျိုးတဲ့အခါ အများစုဟာ ရေစီးရေလာကောင်းမွန်ပြီး ရေစိမ့်ဝင်နိုင်မှုမြင့်မားသော မြေဆီလွှာမှာ အကောင်းဆုံးရှင်သန်ဖြစ်ထွန်းနိုင်တယ်ဆိုတာကို သတိပြုမိကြမှာပါ။ ဒါဆိုရင် မိမိရဲ့ မြေဆီလွှာဟာ ရေစိမ့်နိုင်မှုကောင်းသလားဆိုတာကို ဘယ်လိုပြောနိုင်ပါသလဲ။ အပင်ရဲ့ အမြစ်များဆီသို့ လေနဲ့ ရေကို အချိုးညီညီ ထောက်ပံ့ပေးနိုင်တဲ့ မြေဆီလွှာကို အပင်စိုက်ပျိုးသူတိုင်း လိုအပ်ကြတာ ဖြစ်ပါတယ်။ မိမိရဲ့ စိုက်ခင်းမြေဟာ သဲဆန်တဲ့မြေဖြစ်ပါက ရေများ လျင်မြန်စွာ စိမ့်ဝင်စီးဆင်းသွားတာကို သတိပြုမိနိုင်ပြီး အပင်များ ခြောက်သွေ့ပြီး မြန်မြန်ရင့်ရော်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ထို့နည်းတူ မြေဆီလွှာဟာ ရွှံ့စေးဆန်တဲ့မြေ ဖြစ်နေမယ်ဆိုရင် ရေဝပ်နေပြီး လေဝင်လေထွက်မရှိခြင်းကြောင့် အမြစ်များပုပ်နိုင်တဲ့ ပြဿနာကို ကြုံတွေ့ရနိုင်ပါတယ်။ မိမိရဲ့ ဥယျာဉ်စိုက်ခင်းမြေဆီလွှာဟာ ရေစိမ့်ဝင်နိုင်မှုနဲ့ပတ်သတ်လို့ လွန်ကဲစွာ ထိခိုက်ခံစားနေရပါက ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်းဖြင့် ကျန်းမာစွာရှင်သန်ကြီးထွားနိုင်တဲ့ ဥယျာဉ်စိုက်ခင်းတစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

ရေစိမ့်ဝင်မှုကောင်းသောမြေ၏ လက္ခဏာများ

မည်သည့် မြေဆီလွှာမှာမဆို မြေစိုင်မြေခဲအမှုန်များကြားရှိ နေရာလွတ်များမှာ အပင်ကျန်းမာကြီးထွားရန်အတွက် လိုအပ်သော အောက်ဆီဂျင်နဲ့ ရေများ ရှိနေတာဖြစ်ပါတယ်။ မိုးရွာသွန်းတဲ့အခါ သို့မဟုတ် ဥယျာဉ်စိုက်ခင်းကို ရေသွင်းတဲ့အခါမှာ အဲဒီနေရာလွတ်တွေဟာ ရေနဲ့ပြည့်သွားမှာ ဖြစ်ပါတယ်။ ရေဟာ မြေဆီလွှာမှတဆင့် အောက်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားလာတာနဲ့အမျှ ၎င်းနေရာကို လေတွေ ပြန်လည် အစားထိုးလိုက်တာ ဖြစ်ပါတယ်။ အဆိုပါရွေ့လျားမှုကို မြေဆီလွှာရေစိမ့်နိုင်ခြင်းလို့ ခေါ်ဆိုကြတာဖြစ်ပြီး ၎င်းဖြစ်စဥ်ဟာ မည်မျှမြန်ဆန်စွာ ဖြစ်ပျက်သွားတယ်ဆိုတာက အရေးကြီးတာဖြစ်ပါတယ်။

မိမိရဲ့မြေဆီလွှာဟာ ​ရေကောင်းစွာ စိမ့်ဝင်နိုင်ကြောင်း ဆုံးဖြတ်ဖို့ရာ လွယ်ကူစွာပြုလုပ်နိုင်ပါတယ်။ မိမိရဲ့ မြေဆီလွှာမှာ အကျယ် ၁ ပေ နဲ့ အနက် ၁ ပေ ခန့်ရှိသော ကျင်းတစ်ခုကို တူးပါ။ ထို့နောက် ၎င်းကျင်းကို ရေဖြည့်လိုက်ပါ။ ရေ လုံးဝစိမ့်ဝင်သွားပြီးနောက် ရေအပြည့် ပြန်ဖြည့်ကာ ရေပြန်စိမ့်ဝင်သွားစေရန် အချိန်မည်မျှကြာကြောင်း မှတ်သားထားပါ။ ရေစိမ့်ဝင်မှုကောင်းသော မြေဆီလွှာဆိုရင် တစ်နာရီလျှင် ၁ – ၆ လက်မခန့်နှုန်းဖြင့် ကျဆင်းသွားမှာ ဖြစ်ပါတယ်။ သို့ပေမဲ့ ပုံမှန်ထက် နှေးကွေးစွာ သို့မဟုတ် မြန်ဆန်စွာ​ ရေ စိမ့်ဝင်နေတယ်ဆိုပါက မြေဆီလွှာကို ပိုမိုကောင်းမွန်အောင် ပြုပြင်လုပ်ဆောင်ပေးသင့်တာ ဖြစ်ပါတယ်။

ရေစိမ့်ဝင်နိုင်မှု ကောင်းမွန်သော မြေဆီလွှာကို ဘယ်လိုဖန်တီးမလဲ

ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ ရှိပြီးသားဖြစ်တဲ့ အော်ဂဲနစ်ပစ္စည်းများ (သဘာဝမြေဆွေး၊ တိရစ္ဆာန်အညစ်အကြေးမြေဆွေး သို့မဟုတ် သစ်ရွက်ခြောက်) ဟာ မြေဆီလွှာရဲ့ ရေစိမ့်နိုင်မှုကို တိုးတက်ကောင်းမွန်စေရန် ကူညီလုပ်ဆောင်ပေးနိုင်သော အကောင်းဆုံးအရာများထဲမှ တစ်ခုဖြစ်ပါတယ်။ အဆိုပါ ရိုးရှင်းသောပစ္စည်းနဲ့ ပြုပြင်လုပ်ဆောင်ခြင်းဟာ လျင်မြန်စွာ ရေစိမ့်ဝင်နိုင်သော သို့မဟုတ် နှေးကွေးစွာ စိမ့်ဝင်နိုင်သော မြေဆီလွှာများအတွက် အကျိုးရှိစေနိုင်တာ ဖြစ်ပါတယ်။ အပင်မစိုက်ပျိုးရသေးသော မြေဆီလွှာမှာဆိုရင် အော်ဂဲနစ်ပစ္စည်းများကို မြေမျက်နှာပြင်ပေါ်မှာ ၃ – ၄ လက်မခန့်အထူ ဖြန့်ခင်းပြီး ပေါက်ပြား၊ ထွန်ခြစ် သို့မဟုတ် ကောက်ဆွဖြင့် မြေဆီလွှာ ၈ – ၁၂ လက်မအထိရောက်အောက် ရောမွှေပြုပြင်ထားသင့်ပါတယ်။ စိုက်ပျိုးပြီးသား မြေဆီလွှာမှာဆိုရင်တော့ အပင်များရဲ့အောက်ခြေနဲ့ အနီးတဝိုက်မှာ သဘာဝမြေဆွေးကို ၂ လက်မခန့်အထူ ဖြန့်ခင်းပြီး မြေဆွပေးသင့်ပါတယ်။ ထိုကဲ့သို့ နှစ်စဥ်ထည့်ပေးခြင်းအားဖြင့် အချိန်ကြာလာတာနဲ့အမျှ သဘာဝအတိုင်း မြေဆီလွှာနဲ့ ရောစပ်အသားကျသွားမှာ ဖြစ်ပါတယ်။

မြေဆီလွှာကို တူးဆွခြင်းအား ရှောင်ရှားလိုပါက စိုက်ပေါင် (ဘောင်) များ ပြုလုပ်စိုက်ပျိုးခြင်းဟာ ကောင်းမွန်သော အဖြေတစ်ခု ဖြစ်ပါတယ်။ စိုက်ပေါင်ပြုလုပ်မယ်ဆိုရင်တော့ လက်ရှိမြေဆီလွှာထက် ၆ – ၈ လက်မ အမြင့်ရှိသော ပေါင်များပြုလုပ်သင့်ပါတယ်။ ပေါင်လုပ်ပြီး စိုက်ပျိုးမယ်ဆိုရင်တော့ မြေဆီလွှာရောစပ်ခြင်းအတွက် နည်းလမ်းများစွာရှိပြီး အခြေခံအားဖြင့်ဆိုရင်တော့ မြေဆီလွှာ ၄၀ – ၆၀ ရာခိုင်နှုန်းနဲ့ မြေဆွေး သို့မဟုတ် အခြားသော ကောင်းမွန်စွာ ပြိုကွဲပျက်စီးနေတဲ့ အော်ဂဲနစ်ပစ္စည်းများကို ပေါင်းစပ်ပြုလုပ်မယ်ဆိုရင်တော့ ရေစိမ့်နိုင်မှုအတွက် အကောင်းဆုံးအ​ခြေအနေဖြစ်ပါတယ်။

Htoo (Agri)

About The Author

greenness_mm

No Comments

Leave a Reply