အစောဆုံးလာရောက်တတ်ကြသည့် ဆောင်းဧည့်သည် ငှက်လေးများ

အစောဆုံးလာရောက်တတ်ကြသည့် ဆောင်းဧည့်သည် ငှက်လေးများ

ယနေ့နံနက်စောစော လမ်းထလျှောက်သောအချိန်တွင် မြူနှင်းများ ပိတ်ဖုံးစွာ ကျနေသည်ကို တွေ့လိုက်ရပါသည်။
မိုးအကုန် ဆောင်းအကူး ရာသီကာလကို ရောက်လာပြန်ပြီဟု သတိပြုမိလိုက်သည်။
နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံသို့ လာနေကျ ဆောင်းခိုငှက်တွေ ရောက်နေကြပြီလားလို့လည်း တွေးမိလိုက်သည်။ တဆက်တည်းမှာပင် ငှက်ချစ်သူ ကဗျာဆရာကြီး မင်းသုဝဏ်၏ ၁၉၅၆ ခုနှစ်က ရေးသားခဲ့သော မှတ်တမ်းတစ်ခုထဲတွင် ဆောင်းခိုငှက်လေး ကောက်လျင်ငှက် (Brown Shrike) ၏ ကျစ် ကျစ် ကျစ် အော်မြည်သံကို စက်တင်ဘာလ ၁၄ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်နယ်တွင်းမှာ စတင်ကြားရကြောင်း ရေးထားသည်ကို အမှတ်ရမိသည်။
ထိုကောက်လျင်ငှက်ငယ်သည်
မြောက်ဘက် ဆိုက်ဘေးရီးယား၊ မွန်ဂိုလီးယား၊ မန်ချူးရီးယား၊ တရုတ်ပြည် စသည်တို့တွင် သားပေါက်ကြပြီး၊ အလွန်အေးခဲသော ဆောင်းရာသီနီးချိန်တွင် ပူနွေးသောတောင်ဘက်ပိုင်း တိုင်းပြည်များသို့ ရွှေ့ပြောင်းလာကြခြင်း ဖြစ်သည်။ ဧပြီလထိအောင် နေထိုင်တတ်ကြသည်ဟု ဆရာကြီးမင်းသုဝဏ်က မှတ်တမ်းတင်ထားခဲ့သည်။ မိုင်ပေါင်းထောင်ချီ လေစုန် လေဆန် အန္တရာယ်အသွယ်သွယ်ကို ရင်ဆိုင်ဖြတ်သန်းပြီး ပျံသန်းလာကြရသဖြင့်လည်း
”ဆောင်းကိုကြောက်၍
မြောက်မှ တို့ထံ၊ အရောက်ပျံသည်
တောင်ပံဇာနည်၊ ခရီးသည်”
ဟု ထိုကောက်လျင်ငှက်ကို တင်စားခေါ်ဝေါ် စပ်ဆိုခဲ့ပါသည်။
ကောက်လျင်ငှက်နှင့်အတူ ရန်ကုန်မြို့ဝန်းကျင်မှာ
စာရေးသူ မြင်နေကျ မြီးညှောင့်ငှက်လေးတွေလည်း ရောက်နေကြလောက်ပြီဟု တွေးနေမိပါသည်။
ယခင်နှစ်များက သွားနေကျ ဆောင်းခိုငှက်ကြည့်ခရီးစဉ်များကို ယခုနှစ်တွင် ထွက်ရန် မသေချာသဖြင့်
Wild Wings Group အဖွဲ့ဝင်များ
နှစ်ဟောင်းက ရိုက်ကူးခဲ့သော အစောဆုံးရောက်လာတတ်ကြသည့် ကောက်လျင်ငှက်နှင့် မြီးညှောင့်ငှက်တို့၏ ပုံလေးများကိုသာ
အလွမ်းပြေ ဖော်ပြလိုက်ရပါတော့သည်။
ကျော်မျိုးနိုင်

About The Author

greenness_mm

No Comments

Leave a Reply