အောက်တိုဘာ
မြို့ဟာ မြင်ကွင်းထဲ
တစ်နေကုန်လှုပ်နေတယ်
ဝရံတာက သစ်ပင်လေးတွေကြည့်ရင်း
ငါက ငြိမ်နေတယ်။
ငှက်တွေကိုကြည့်ရင်း
မင်းဆီ ပျံနေမိတယ်
ကားလမ်းကို ဖြတ်မကူးပဲနဲ့
မင်းဆီ ကူးလာနေမိတယ် ။
ပင်လယ်ထဲ
မြစ်တွေနဲ့ချောင်းငယ်တွေ ငါတို့ပစ်ထည့်ခဲ့
ကျောက်တုံးနဲ့ငါးတွေ စိုက်ပျိုးခဲ့
အချစ်ဆိုတာ
ငါ့အခန်းတံခါးကို ဖွင့်ဝင်ရတဲ့သော့ပဲ။
လူတိုင်းက
ရောဂါပိုးကိုကြောက်နေကြတယ်
ငါက
မင်းမချစ်မှာကိုပဲ ကြောက်တယ်။
အောက်တိုဘာဟာ
နွေရာသီကိုထားခဲ့ပြီး
ဆောင်းဦးပေါက်ကိုသယ်လာခဲ့
ငါက “မီး” နဲ့ တိုက်ပွဲဝင်ခဲ့ ။
လူတိုင်း အနာဂတ်ဆီသွားနေကြတယ်
ငါက မင်းဆီကိုလာနေတယ်။ ။
ဆောင်းဝေ (နတ်မောက်)
October, 4, 2020
No Comments