ပန်းဝင်စား
ပျားပိတုံးတွေဝိုင်းဝိုင်းလည်နေရုံနဲ့
ရှေ့မကြည့်နောက်မကြည့်ပြောတာမဟုတ်ဘူး
လတ်ဆတ်လန်းဆန်း လှပမွှေးမြပြီး
ထူးမြတ်တဲ့ဖြစ်တည်နေပုံက
တအားအနုစိပ်သိမ်မွေ့တယ်
ဆွဲညှို့ဖမ်းစားတတ်တဲ့ရောင်ခြယ်ဆဲလ်တွေ
ရွှေမျက်ပါးလိုအပြားခတ်တဲ့ပွင့်ချပ်တွေ
ဝတ်မှုန် ဝတ်လွှာ ဝတ်ဆံ ဝတ်ရည်တွေနဲ့
တစ်ကိုယ်လုံး ပန်းဖြစ်နေတဲ့ကျက်သရေလေး
ကြယ်တွေဆိုက်ဆိုက်မြိုက်မြိုက်
ရင်ခွင်ထဲထိုးဆင်းဝင်လာသလို
လမင်းအစင်းစင်း
နှင်းအဆက်ဆက်
ပွင့်လက်ထိန်သာရွှေစင်မျက်နှာလေး
ပန်းဘဝကလာပြီးပန်းဘဝကိုလားမယ့်
ဘဝဆက်တိုင်းပန်းဖြစ်နေတော့မယ့်
အရိုက်အရာလေး
မာနကိုဆူးလိုချွန်ထားပြီး
အလှတရားတွေပန်းလိုရွှန်းလင်းတဲ့
ယမင်းပျိုလေး
အကြည့်ကပန်းလိုနူးညံ့သလောက်
ရှက်သွေးကလည်းပန်းရောင်ခြယ်
ယဉ်မူသွယ်ဖြာ ချိုစင်မျက်နှာလေး
မခူးရက်အောင်လှပခမ်းနားပြီး
မထားရက်အောင်အတင့်ရဲလှတဲ့
အဆန်းပြားဆုံးသဘာဝရတနာလေး
လူသားရဲ့ထူးကဲဖြစ်စဉ်တွေမှာ
ယဉ်ကျေးမှုအမြင့်ဆုံးထိနွယ်တက်လာတဲ့
အနုပညာ ကနုတ်တန်းဆာလေး
ရှုတိုင်းယဉ် မြင်တိုင်းလွမ်း
နမ်းတိုင်းမွှေးနေမယ့်ပန်းရိုင်းကလေး
ပန်းဆိုတာကြွေတတ်တဲ့သဘောရှိသတဲ့
ကိုယ်က ပန်းကို
ကြွေခဲ့တယ်။ ။
(30-10-17)
No Comments