(၂၁)ရာစု မြန်မာနိုင်ငံအတွက် ရာသီဥတုစိန်ခေါ်မှုများ

(၂၁)ရာစု မြန်မာနိုင်ငံအတွက် ရာသီဥတုစိန်ခေါ်မှုများ

                မြန်မာနိုင်ငံရဲ့ရာသီဥတုတွေဟာ ပြောင်းလဲနေပါတယ်။ ပြောင်းလဲနေတဲ့အတွက် နယ်ပယ်စုံမှာ နှစ်စဉ်နှစ်တိုင်း ထိခိုက်မှုတွေ ကြုံတွေ့နေရပါတယ်။ ကမ္ဘာပေါ်မှာ ရာသီဥတုပြောင်းလဲမှုကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံး(အဆိုးဆုံး) ဆယ်နိုင်ငံ စာရင်းမှာ ဒုတိအဆိုးဆုံးနိုင်ငံအဆင့်ကို မြန်မာနိုင်ငံရောက်ရှိနေခဲ့တာ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ (၅)နှစ်ဆက်တိုက်ရှိ နေပြီ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ဟာ ပူပြင်းတဲ့နှစ်တစ်နှစ်ဖြစ်လာဖို့ အလားအလာတွေက များနေပြန်ပြီဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအထိ လွန်ခဲ့တဲ့(၂၅)လကာလအတွင်း တစ်လချင်းစီရဲ့ အပူချိန်တွေဟာ ၁၉၈၁-၂၀၁၀အထိ နှစ်(၃၀)ပျမ်းမျှတန်ဖိုးတွေထက် ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလတစ်လမှလွဲပြီး၊ ကျန်လတွေအားလုံးဟာနှစ်( ၃ဝ)ပျမ်းမျှအထက်ကျော်လွန်နေတာကိုတွေ့ရပါတယ်။ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် အပူဆုံးလကတော့ ၂၀၁၆ ခုနှစ်၊ မတ်လဖြစ်ပါတယ်။
            ၂၀၁၇ ခုနှစ်ဟာ ပူပြင်းတဲ့ နှစ်တစ်နှစ် ဖြစ်လာစရာအကြောင်းတွေ အများကြီးရှိနေပါတယ်။
(၁)၂၀၁၆ ခုနှစ်အထိ လွန်ခဲ့တဲ့ (၄)နှစ်တာကာလအတွင်း တစ်နှစ်တာ ပျမ်းမျှပိုမိုပူပြင်းတဲ့ စံချိန်တင်နှစ်တွေဖြစ်လာ နေပါတယ်။ ၂၀၁၄ ဟာ လွန်ခဲ့တဲ့အပူချိန်တွေဟာ လွန်ခဲ့မှတ်တမ်းကာလတစ်လျှောက် တစ်နှစ်ပြီးတစ်နှစ် ကမ္ဘာ့အပူချိန်မှတ်တမ်းကာလတစ်လျှောက် အပူဆုံး စံချိန်တင်ခဲ့တာကို၂၀၁၅ က စံချိန်ချိုးလိုက်ပါတယ်။ တစ်ခါ အဲဒီ ၂၀၁၅ ကို ၂၀၁၃ထပ်ပြီး စံချိန်ချိုးလိုက်ပြန်ပါတယ်။ ဒါကြောင့် လက်ရှိကာလဟာ တစ်နှစ်ထက် တစ်နှစ် ပိုပိုပြင်းနေတဲ့ ဖြစ်စဉ်ကိုသွားနေပါတယ်။
(၂) တစ်လချင်းစီရဲ့ ပျမ်းမျှအပူချိန်တွေဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ဇန်နဝါရီလမှ၂၀၁၇ ဇန်နဝါရီလအထိ (၂၅)လအတွင်း ၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလမှလွဲ၍လစဉ် နှစ်(၃၀)(၁၉၈၁-၂ဝ၁ဝ)ပျမ်းမျှ အပူချိန်တွေထက် ပိုမို ပူပြင်း နေခဲ့ပါတယ်။
(၃) ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်ဟာ ၂၀၁၅ ခုနှစ် နဲ့ ၂၀၁၆ခုနှစ်များပြီးရင် ကမ္ဘာ့မှတ်တမ်း သမိုင်းတစ်လျှောက်မှာ တတိယအပူချိန်အမြင့်ဆုံး ဇန်နဝါရီလဖြစ်ပါတယ်။
(၄) အမေရိကန်ပြည်ထောင်စု NOAA, IRC (international Research Centre) ရဲ့ရာသီအလိုက် ခန့်မှန်းချက်တွေအရ လွန်ခဲ့တဲ့(၃)နှစ်အတွင်း လက်ရှိအချိန်အထိ လစဉ် အပူချိန်တွေဟာ နှစ်(၃၀)ပျမ်းမျှတန်ဖိုးတွေထက် လစဉ်ကျော်လွန်နေခဲ့ပြီ။ လက်ရှိ ၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလအပူချိန်များအပေါ်အခြေပြုပြီး ၂၀၁၇ ခုနှစ်၊ မတ်လ၊ ဧပြီလနဲ့ အပူချိန်များဟာ မြန်မာနိုင်ငံအတွက် အပူချိန်များဟာ ပုံမှန်ရဲ့အထက် 0.5C မှ 1.0C အထိ ပိုနေဖို့ သေချာမှု ၇၀% အထက်ရှိကြောင်းကိုလည်း ခန့်မှန်းထားပါတယ်။
(၅) ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှ စတင်ကာ ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်ခဲ့တဲ့ အားအနည်းသာရှိတဲ့ လာနီညာရာသီဥတုဟာ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလမှာ လုံးဝပြီးဆုံး သွားခဲ့ပြီဖြစ်တဲ့အပြင်၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ မှ စတင်ကာ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ဖြစ်စေတတ်တဲ့ အယ်လ်နီညိုဖြစ်စဉ် တစ်ကြော့ပြန်လာဖို့ သေချာမှု ၅၀% အထိ ရှိနေကြောင်း အမေရိကန်ပြည်ထောင်စုရှိ NOAA မှ ထုတ်ပြန်ထားပါတယ်။ အထက်ပါအကြောင်းတွေဟာ ၂၀၁၇ ခုနှစ်နွေရာသီဟာ ၂၀၁၅ ၂၀၁၆ နွေရာသီကာလတွေလောက် မပူပြင်းသည့်တိုင်အောင် ပုံမှန်ထက် ပိုမိုပြင်းတဲ့နွေရာသီကာလတစ်ခု ဖြစ်လာဦးမယ်ဆိုတာဟာ သေချာသလောက်ရှိနေပါတယ်။ ပူပြင်းခြောက်သွေ့ရင် ဘာတွေဖြစ်လာနိုင်သလဲ။
              ၂၀၁၅ ခုနှစ်၊ ဇွန်လ မှ ၂၀၁၆ ခုနှစ်၊ မေလအထိ (၁၂)လတာ ကာလဟာ သမိုင်းတစ်လျှောက် အားအကောင်းဆုံး အယ်လ်နီညို ဖြစ်ခဲ့တဲ့အတွက် အလွန်ပူပြင်း ခြောက်သွေ့တဲ့ ရာသီဥတုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကြောင့် အောက်ပါကဏ္ဍများမှာ ထိခိုက်မှုတွေကြုံတွေ့ခဲ့ကြရပါတယ်။
(၁) ၂ဝ၁၅ ခုနှစ်နဲ့ ၂ဝ၁၆ ခုနှစ် နွေရာသီကာလများမှာ အလွန်ပူပြင်းခြောက်သွေ့ခဲ့တဲ့အတွက် မြို့ကြီးပေါင်းများစွာ (၃၀ ခန့်) အမြင့်ဆုံးအပူချိန်စံချိန်သစ်များ တင်ခဲ့ပါတယ်။
(၂) ရေရှားပါးမှု ကျယ်ပြန့်စွာ ကြုံတွေ့ခဲ့ရပါတယ်။ ရေရှားပါးသော ကျေးရွာပေါင်း ၂၀၁၅ ခုနှစ်တွင် (၆ဝဝ)ခန့်ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် (၃)ဆခန့် မြင့်တက်လာပြီး ကျေးရွာပေါင်း (၁၈၀၀) ကျော်အထိရှိလာခဲ့တာကို ကျေးလက်ဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပါတယ်။ အဝီစိတွင်း တူးသော်လည်း ရေမထွက်သောဒေသ (ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်) နဲ့ လယ်ကွင်းထဲမှ ရေကို ခပ်သောက်ရသောကျေးရွာများ (ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်) အထိ ရှိလာခဲ့ပါတယ်။
(၃) မီးလောင်မှုများအလွန်မြင့်မားခဲ့ပါတယ်။ နွေရာသီကာလတွင် နေ့တိုင်းလိုလို မီးလောင်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ်၊ ဧပြီလ(၃၀) ရက်နေ့အထိ မီးလောင်မှု အကြိမ်ပေါင်း (၈၀၀)ကျော် ပျက်စီးဆုံးရှုံးမှု တန်ဖိုးပေါင်း မြန်မာ ကျပ်ငွေ သန်းပေါင်း (၃၅၀၀၀)အထိရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ရာသီကုန်တဲ့အထိ တစ်နှစ်တာအတွင်း မီးလောင်မှုများကို ဆက်လက်ထုတ်ပြန်ခဲ့ရာ မီးလောင်သောအကြိမ်ပေါင်း (၁၈၀၀)ကျော်၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုးပေါင်း မြန်မာကျပ်ငွေသန်းပေါင်း တစ်သိန်းခန့် ရှိခဲ့ပါတယ်။
(၄) ပူပြင်းခြောက်သွေတဲ့ ရာသီဥတုဒဏ်ကြောင့် စိုက်ပျိုးရေးကဏ္ဍမှာလည်း ထိခိုက်မှု များစေခဲ့ပါတယ်။ အပူဒဏ်နဲ့ ရေရှားပါးမှုဒဏ်ကြောင့် စိုက်ပျိုးပင်များ သေကြေခြင်း၊ အထွက်လျော့ခြင်းတို့ကို ဖြစ်စေခဲ့တဲ့အတွက် စားနပ်ရိက္ခာကုန်ဈေးနှုန်းများကို မြင့်တက်စေတဲ့အပြင် စားနပ်ရိက္ခာလုံခြုံမှုကိုလည်း ထိခိုက်စေခဲ့ပါတယ်။ FAO ရဲ့ အစီရင်ခံစာအရ ၂၀၁၅ ခုနှစ်အတွင်း ဆန်စပါးဈေးဟာ ဇွန်လမှအောက်တိုဘာလအတွင်း ၃၈.၄% မြင့်တက်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ဆန်းပိုင်းတွင် ဆန် တစ်ပြည် ဈေးနှုန်းဟာ ၁၅၀၀ ကျပ်မှ ၅ဝဝဝ ကျပ်အထိ မြင့်တက် သွားစေခဲ့ပါတယ်။ ပြည်သူအများနဲ့တကွ အခြေခံလူတန်းစားများရဲ့ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ နဲ့ စားဝတ်နေရေးများကို ထိခိုက်ကျပ်တည်း စေခဲ့ပါတယ်။
(၅) ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဒဏ်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာလည်း များစွာထိခိုက်စေခဲ့ပါတယ်။ အသက်အရွယ်ကြီးရင့်သူ၊ ကလေးသူငယ်များနဲ့ ရောဂါရှိသူအများအပြားဟာ ပူပြင်းတဲ့ အပူဒဏ် ကြောင့် Heat strokeရရှိကြတဲ့အတွက် လေဖြတ်ခြင်း၊ အသက်ဆုံးရှုံးခြင်း စတာတွေကို ကြုံတွေ့ကြရပါတယ်။ ၂၀၁၆ ခုနှစ်၊ နွေရာသီကာလမှာ အပူရှိန်ပြင်းထန်မှုကြောင့်(extreme weather)များသာ ပုံမှန်ကြုံတွေ့နေရသဖြင့် တဖြည်းဖြည်း အသားကျ လာနေသော ပြောင်းလဲရာသီဥတုများနဲ့အညီ သဟဇာတဖြစ်အောင် နေထိုင်စိုက်ပျိုး ရေးဟာ မြန်မာနိုင်ငံအတွက် ၂၁ ရာစုနှစ်ရဲ့ အကြီးမားဆုံး ရာသီဥတု စိန်ခေါ်မှု ဖြစ်ပါ တော့တယ်။
မောင်ထွန်းလွင်(မိုးလေဝသ)
ရောသမရာသီ ဆောင်းပါးများ– စာအုပ်မှ
#greenness စာအုပ်စင်

About The Author

greenness_mm

No Comments

Leave a Reply