ကချင်မှာ မြေရှားသတ္တုစွန့်ပစ်ရည်ကြောင့် ဒေသခံ သုံးရာနီးပါး အရေပြားရောဂါဖြစ်နေ

ကချင်မှာ မြေရှားသတ္တုစွန့်ပစ်ရည်ကြောင့် ဒေသခံ သုံးရာနီးပါး အရေပြားရောဂါဖြစ်နေ

■ ကချင်ပြည်နယ် လိုင်ဇာနဲ့ မိုင်ဂျာယန်မြို့ကြားမှာရှိတဲ့ အင်ခေါင်းပါရွာက မြေရှားသတ္တုတူးဖော်ရာမှာအသုံးပြုတဲ့ ဓာတုစွန့်ပစ်ပစ္စည်းတွေကြောင့် ဒေသခံ သုံးရာနီးပါး အရေပြားရောဂါ ဖြစ်နေတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
မြေရှားသတ္တုကန်က စွန့်ပစ်ရည်တွေဟာ အင်ခေါင်းပါရွာအနီးက ချောင်းထဲကိုစီးဆင်းနေပြီး အဲဒီချောင်းရေကို အသုံးပြုရာကနေ အရေပြားရောဂါဖြစ်နေကြတာလို့ ဆိုပါတယ်။
လက်ဖဝါး၊ ခြေထောက်နဲ့ ခန္ဓာကိုယ်မှာဖြစ်ပွားနေတာလို့ အင်ခေါင်းပါရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီလိုမျိုး တစ်ခါမှမဖြစ်ဖူးဘူး။ ကျွန်တော်တို့ရွာက ချောင်းရေကိုပဲ အဓိက အသုံးပြုကြတာ။ အနာဖြစ်တယ်ဆိုတာ မရှိခဲ့ဘူး။ ပြီးခဲ့တဲ့နှစ်က ရွာအနီးမှာ မြေရှားတူးဖော်ရေးလုပ်ငန်းတွေ စတယ်။ အဲဒီမြေရှားတူးဖော်တဲ့ သတ္တုကန်တွေကနေ အက်ဆစ်ရည်လို အပြင်းစား အသုံးပြုထားတဲ့ စွန့်ပစ်ရည်တွေ ထုတ်တော့ ချောင်းထဲကို သွန်တာ။ အဲဒါကို သုံးမိပြီး အနာတွေ ဖြစ်ကုန်ကြတာပါ”
အင်ခေါင်းပါရွာမှာ လူဦးရေတစ်ထောင်ကျော် နေထိုင်ပြီး အများစုဟာ အရေပြားရေဂါနဲ့ သတိလစ်မေ့မြောတာစတဲ့ လက္ခဏာတွေကို မကြာခဏ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရေပြားရောဂါ ဖြစ်ပွားနေပေမယ့်လည်း ဒေသခံအများစုဟာ တောင်ယာလုပ်ငန်းလုပ်ကိုင်တဲ့ ဝင်ငွေနည်းပါးသူတွေဖြစ်တာကြောင့် မိုးမောက်ပြည်သူ့ဆေးရုံကို သွားမကုနိုင်ဘဲ ရိုးရာဆေးမြီးတိုတွေနဲ့သာ ကုသနေရတယ်လို့ ဆိုပါတယ်။
အင်ခေါင်းပါရွာအနီးမှာ မြေရှားသတ္တု တူးဖော်တဲ့လုပ်ငန်းကို ကချင်လွတ်မြောက်အဖွဲ့ KIO ရဲ့ ခွင့်ပြုချက်နဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှ စတင်တူးဖော်လာတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတွေ အရေပြားရောဂါဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး ကေအိုင်အေ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
ကချင်ပြည်နယ်မှာ မြေရှားသတ္တုတူးဖော်မှုတွေကို ဒေသခံတွေဘက်က အပြင်းအထန် ကန့်ကွက်ထားကြပေမယ့် KIA ဘက်က လုပ်ငန်းပြန်ရုပ်သိမ်းဖို့ ကတိပေးပြောဆိုတာမျိုး အခုထိ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
—————-
အရေပြားရောဂါ ခံစားနေရသည့် ကချင်ပြည်နယ်၊ အင်ခေါင်းပါရွာ ဒေသခံတစ်ဦးအား မြင်တွေ့ရစဉ်။ (Photo: The 74Media)
RFA ရဲ့ သတင်းကို ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ်။

About The Author

greenness_mm

No Comments

Leave a Reply