ကိုယ့်အိုးနဲ့ကိုယ့်ဆန် တန်အောင်မလုပ်တဲ့ အစိုးရကို အိုင်ယာလန်လယ်သမားတွေ ဆန္ဒပြ

ကိုယ့်အိုးနဲ့ကိုယ့်ဆန် တန်အောင်မလုပ်တဲ့ အစိုးရကို အိုင်ယာလန်လယ်သမားတွေ ဆန္ဒပြ

အိုင်ယာလန်အစိုးရက COP 26 ညီလာခံမှာ ကိုယ့်အိုးနဲ့ ကိုယ့်ဆန် တန်အောင် ကတိမပေးဘဲ တွေ့ကရာတွေ လက်မှတ်ထိုးလိုက်လို့ ဆိုပြီး အိုင်ယာလန်လယ်သမားအဖွဲ့ချုပ် ( IFA )က မြို့တော်ဒက်ပလင် ဆီကို လယ်ထွန်စက်တွေ မောင်း ပြီး စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

 
လယ်ထွန်စက်အစီး ၁၀၀ ကျော်ပါဝင်တဲ့ ယာဉ်တန်းကြီးက မြို့တော်က အစိုးရရုံးတွေရှိတဲ့ မာရီရွန် စကွဲယား မှာ ရပ်နားပြီး ဆန္ဒပြခဲ့ကြပါတယ်။
 
အိုင်ယာလန်နိုင်ငံရဲ့ လယ်ယာလုပ်ငန်းတွေက နေထွက်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ မွေးမြူရေးလုပ်ငန်းတွေ ကနေထွက်ရှိနေတဲ့ မီသိန်းဓာတ်ငွေ့တွေကို ၂၀၃၀ မတိုင်မီ ၃၀ % အထိ လျှော့ချပေးမယ် ဆိုတဲ့ ကတိစကားကို အိုင်ယာလန် အစိုးရကိုယ်စားလှယ်တွေက ဂလက်စကိုညီလာခံမှာ လက်မှတ်ထိုးခဲ့ပါတယ်။
 
အိုင်ယာလန်ရဲ့ နွားမွေးမြူရေးနဲ့ အမဲသားထုတ်လုပ်ငန်းက ဥရောပသမဂ္ဂနိုင်ငံတွေမှာ မီသိန်း ဓာတ်ငွေ့ အများဆုံး ထုတ်လွှတ် နိုင်ငံဖြစ်နေပါတယ်။
 
IFA က အစိုးရအနေနဲ့ စွမ်းအင်ရရှိမှုအတွက် ဘာ စီမံကိန်းမှ မရှိဘဲ လက်လွတ်စပယ် ကတိတွေပေး ၊ စီမံကိန်းတွေ အကောင်အထည်ဖော်တာနဲ့ ပတ်သက်ပြီး မြေပြင်အခြေအနေ ကင်းလွတ်လွန်းအားကြီးတဲ့အတွက်ကြောင့် ဆန္ဒပြ ကြတာပဲ ဖြစ်ပါတယ်လို့ ဆိုပါတယ်။
 
အစိုးရ ကတော့ လယ်သမားတွေ အတွက် ဝင်ငွေ ရပေါက်ရလမ်း အသစ်တွေကို ဖန်တီးပေးမယ်လို့တော့ အာမခံထားပါတယ်။ အစိုးရရဲ့ စီမံကိန်းအရ ဆိုရင် လယ်သမား ၅ သောင်းခွဲကျော်လောက် က လာမယ့် ၅နှစ်အတွင်း မှာ လုပ်ငန်း ဆုံးရှုံးဖွယ်ရာ ရှိနေပါတယ်။
 
လက်ရှိ အိုင်ယာလန်နိုင်ငံက ထွက်နေတဲ့ မီသိန်းပမာဏ ကို ၂၀ % လျှော့ချမယ်ဆိုရင် နွားကောင်ရေ ၆ သန်းခွဲကို မွေးမြူရေး ခြံတွေက နေ ဖယ်ရှား ရမှာ ဖြစ်ပါတယ်။
 
အိုင်ယာလန် လယ်သမားတွေကတော့ အစိုးရ ရဲ့ ပေါက်ပန်းလေးဆယ် ကတိတွေထက် ပြည်တွင်းက လယ်သမားတွေကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ စီပွားရေးအဆင်ပြေရေး ကို ရေရှည်တည်တန့် ခိုင်မြဲ တဲ့ စီမံကိန်းမျိုးကို အလိုရှိနေပါတယ်။
 
အီးယူကတော့ အိုင်ယာလန်လယ်သမားတွေအတွက် အီးယူ ဘုံစိုက်ပျိုးရေး မူဝါဒအရ ၂၀၂၇ အထိ ယူရို ၁၁ ဘီလီယံနီးပါး ထောက်ပံ့ဖို့အတွက် စီစဉ်ထားပါတယ်။
 
အဲ့ဒိအထဲက ဂေဟစနစ်ကို ထိန်းသိမ်းတဲ့ စိုက်ပျိုးရေး စနစ်ကို ပြောင်းလဲပေးမယ်ဆိုရင် ပထမအရစ်အနေနဲ့ ၂၅% ကို ချပေးမှာဖြစ်ပါတယ်။ လယ်သမားတွေကို ပိုင်ဆိုင်တဲ့ ဟတ်တာ လိုက်ငွေပေးချေမှုတွေ ကို လုပ်ပေးမှာပါလို့ ဆိုထားပါတယ်။
 
မောင်ယဿ
Ref: EURONEWS
Photo ; euronewws

About The Author

greenness_mm

No Comments

Leave a Reply