ကျောက်မီးသွေးအသုံး သုံညဖြစ်ရေး

ကျောက်မီးသွေးအသုံး သုံညဖြစ်ရေး

တောမီးနှင့် ကိုဗစ်အကြားက သြစတြေးလျ

သက္ကရာဇ် ၂၀၂ဝကို ပြဿနာကြီးလှသောနှစ်ဟု ကျွန်ုပ်တို့ အမှတ်တရ ဖြစ်နေလိမ့်မည်။ ပြီးခဲ့သော နွေရာသီကာလအတွင်းတောမီးများနှင့် မီးခိုးများအကြောင်းနားလည်သဘောပေါက်စပြုခါရှိသေးကိုဗစ်-၁၉က သြစတြေးလျကိုတိုက်ခိုက်လာသည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၏ ခြိမ်းခြောက်မှု ပုံစံအတိုင်း ဖြစ်သည်။

ထိုအချိန်မှစ၍ သတင်းမီဒီယာစာမျက်နှာများက ကိုဗစ်-၁၉ကို ဗဟိုချက်ပြု သတင်းပို့ကြသည်။ ပြည် သူလူထုအပေါ် ကိုဗစ်ရောဂါသက်ရောက်မှုကလည်း ထပ်၍ထပ်၍တိုးနေသည်၊ ကျဆင်းသည်မရှိ၊ ရာသီဥတု ပြောင်းလဲမှုဒဏ် သတင်းများက မှေးမှိန်သွားသည်။ သို့ဖြင့် ရာသီဥတုပြောင်းလဲမှုအကြောင်း သြစတြေးလျ ပြည်သူများ မေ့ပျောက်သွားကြပြီလား။
မမေ့ကြပါ။ လောလောဆယ် ကောက်ယူခဲ့သော ပြည်သူ့သဘောထား စစ်တမ်းအရ သြဇီတို့သည် ရာသီဥတုပြောင်းလဲမှုနှင့် ယင်း၏အန္တရာယ်များအတွက် အစိုးရိမ် မပျက်ရှိကြသည်။ ကိုဗစ်-၁၉ကြောင့်ဖြစ်သည့် လူမှုဘဝဒုက္ခများနှင့် မရေရာမှုများအကြားမှပင် ထိုသို့ စိုးရိမ်နေကြဆဲ ဖြစ်သည်။

The Australian Institute ၏ The Climate of the Nation အစီရင်ခံစာသည် ရာသီဥတု ပြောင်းလဲမှုအပေါ် သြဇီတို့၏ သဘောထားအမြင်ကို စောင့်ကြည့်အကဲခတ်နေခဲ့သည်မှာ ဆယ်စုနှစ်ခန့် ကြာခဲဲ့ ပြီ။ ယခုနှစ်တွင် အသက် ၁၈နှစ်နှင့်အထက် လူပေါင်း ၁၉၉၈ဦးကို နမူနာပြု၊ သဘောထား စစ်တမ်းကောက်ယူ ခဲ့ရာ ၇၉ ရာခိုင်နှုန်းက အကောင်းဆုံးသိပ္ပံပညာ သက်သေအထောက်အထားများနှင့် သဘောထားတူညီနေ ကြာင်း တွေ့ရှိရသည်။ အဓိပ္ပါယ်မှာ လူငါးဦးတွင် လေးဦးက ရာသီဥတုအပြောင်းအလဲဖြစ်နေသည်မှာ မှန်ကန် သည်ဟု သဘောရှိသည်။ ၂၀၁၂ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးအမှတ် ဖြစ်သည်။

စံချိန်ချိုးခဲ့သော မနှစ်က တောမီးကြီးများနှင့် ယခုလာမည့် နွေရာသီတွင် ပို၍ဆိုးရွားသောတောမီးများ ၏ အန္တရာယ်ကို မျှော်င့်ပူပန်နေကြသည်ဖြစ်၍ ၈၂ ရာခိုင်နှုန်းသော ဖြေကြားသူတို့က ရာသီဥတုဖေါက်ပြန်မှု ကြောင့် တောမီးများပို၍ ဖြစ်ပေါ်လိမ့်မည်ဟု ဆိုကြသည်။ မနှစ်က အစီရင်ခံစာတွင် ၇၆% ရှိခဲ့သည်။

ကိုဗစ်-၁၉ အလွန် စီးပွားရေးပြန်လည်နိုးထရာတွင် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများအပေါ်တွင် မှီခို အားထားနေရမည့်အချိန် မဟုတ်ဟု သြဇီတို့က ယုံကြည်ကြကြောင်း အစီရင်ခံစာကဆိုသည်။ ၁၂ ရာခိုင်နှုန်း မျှကသာ သဘာဝဓာတ်ငွေ့အသုံးဖြင့် သြစတြေးလျ၏ စီးပွားရေးကို ပြန်လည်ထူထောင်ခြင်းကို မြင်လိုကြသည်။ ယင်းမှာအစိုးရ၏ ပေါ်လစီဖြစ်သည်။ ၅၉ ရာခိုင်နှုန်းကမူ ပြန်ပြည့်မြဲစွမ်းအင်ကို အသုံးပြုစေလိုကြသည်။

ကျောက်မီးသွေးအရေး

ရာသီဥတုဖေါက်ပြန်မှုနှင့်ပတ်သက်သည့် သိပ္ပံပညာ အဆိုညီညွတ်မှုမှာ မှတ်သားလောက်ပါပေသည်။ ယင်းကိစ္စအရေးတကြီးလုပ်ငန်းများဟု သိပ္ပံပညာရှင်များက အကြံပြုသည်။ အထူးများပြားသော ပြည်သူတို့က လည်း လိုလားသည်။ သို့သော် သြစတြေးလျကား ဤနေရာတွင် နောက်ကျ ကျန်ရစ်သည်။

ရာသီဥတုဖေါက်ပြန်မှုဆိုင်ရာ လုပ်ဆောင်မှုညွှန်းကိန်းတွင် ၅၇ နိုင်ငံနှင့် ဥရောပသမဂ္ဂ ပါဝင်သည်။ ယင်း ၅၈ နိုင်ငံစုက ကမ္ဘာ့ကာဗွန်စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကို ထုတ်လွှင့်သည်။ ယခုနှစ်တွင် ရာသီဥတုဆိုင်ရာ ပေါ်လစီပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွင် သြစတြေးလျသည် နောက်ပိတ်ဆုံး ဖြစ်သည်။ အကြောင်းမှာ ၂၀၁၉ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံတွင် တက်ရောက်ရန် ပျက်ကွက်ခဲ့သည့်အပြင် နိုင်ငံတကာ ရာသီဥတုရန်ပုံငွေ ထည့်ဝင်ခြင်းမှလည်း နှုတ်ထွက်လိုက်သောကြောင့် ဖြစ်သည်။

ရာသီဥတုဖေါက်ပြန်မှုကို ငြင်းဆိုခြင်း၊ စ-လုပ်ရန်နှောင့်နှေးခြင်းနှင့် ခွဲခြားခွဲခြားလုပ်နေခြင်းများသည် သြစတြေးလျ၏ ပုံမှန်ပုံစံ ဖြစ်နေခဲ့သည်။ ယခုလည်း အချို့သောမီဒီယာနှင့် နိုင်ငံရေးအထက်လွှာ လူတစ်စု အတွင်း သည်အတိုင်းပင် ရှိဆဲဖြစ်၏။ ကျောက်မီးသွေး၏ အနာဂတ်နှင့် ပတ်သက်လျှင် အငြင်းပိုသန်ကြသည်။

သြစတြေးလျစွမ်းအင်ကဏ္ဍ၏ ကာဗွန်ထုတ်လွှတ်မှုသည်တစ်နိုင်ငံလုံးထုတ်လွှတ်မှု၏ ၃၂.၇ ရာခိုင်နှုန်း ရှိ၏။
သာမံသြဇီတစ်ယောက်၏ အဖြေက ရှင်းပါသည်။ “နိုင်ငံ၏ ရာသီဥတုဖေါက်ပြန်မှု” အစီရင်ခံစာအရ ၈၃ ရာခိုင်နှုန်းမျှသော သြဇီတို့က ကျောက်မီးသွေးကို မီးရှို့သော စွမ်းအင်စက်ရုံများကို တဆင့်ချင်း လျှော့ချလိုကြ သည်။ ၆၅ ရာခိုင်နှုန်းက ကျောက်မီးသွေးတွင်းအသစ် ဖေါ်ထုတ်ခြင်းကို အစိုးရအားရပ်တန့်စေလိုသည်။

အဆိပ်သင့်သော နိုင်ငံရေးစကား

များစွာသော သြစတြေးလျံများ၊ အထူးသဖြင့် ကျောက်မီးသွေးထုတ်လုပ်ရာဒေသများတွင် နေထိုင်သူ များသည် ကျောက်မီးသွေးမှ ပြန်ပြည့်မြဲစွမ်းအင်သို့ ပြောင်းရွှေ့ရေးကို မျှော်တွေးပူပန်နေကြခြင်းမှာ သူတို့၏ အနာဂတ်အရေးဖြစ်၍ အပြစ်ပြောဘွယ်မရှိ၊ တရားဥပဒေနှင့် လျော်ညီပါသည်။ သို့သော် အဆိပ်သင့်သော နိုင်ငံရေးစကားများကမူ အလုပ်အကိုင်နှင့် ရာသီးဥတုပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာ၌ အကျဉ်းအကြပ် ဖြစ်စေပါသည်။

အရေးပါနေသော တရားခံမှာ “ကျွန်ုပ်တို့နှင့်သူတို့” ဟူသော နိုင်ငံရေးစကား ဖြစ်သည်။ မီဒီယာ လောကပါ ထိုစကားကို အသုံးများလာသည်။ သူတို့ယင်းစကားကို ကျောက်မီးသွေးထုတ်လုပ်ရာ အရပ်ဒေသ များရှိ ပြည်သူများ၏အရေးကို ကျန်ပြည်သူများက အလေးဂရုမပြုဟု ထပ်ခါတလဲလဲ မှားယွင်းစွာ ပြောနေကြ သည်။

“ရာသီဥတုနှင့် အလုပ်အကိုင်အပြိုင်” စကားရည်လုပွဲများ ခင်း၍လည်း ရာသီဥတုပြောင်းလဲခြင်းအမှုကို တိုက်ခိုက်ကြသည်။ သို့သော် လူထုဆန္ဒစစ်တမ်းက သူတို့၏အဆို မှားယွင်းကြောင်း ပြသည်။ သြဇီအများစုက အမှန်မှာ ကျောက်မီးသွေးထွက်ရာဒေသနေ ပြည်သူများအရေးကို အလေးထားပါသည်၊ သြဇီလေးပုံသုံးပုံက ကျောက်မီးသွေးမှ ပြန်ပြည့်မြဲစွမ်းအင်သို့ စနစ်တကျ စီမံပြောင်းလဲယူရန် အစိုးရအားအဆိုပြုကြသည်။

သြစတြေးလျံအများစုသည် ကျောက်မီးသွေးထုတ်လုပ်ရာအရပ်နေ အိမ်ထောင်စုများ၏ အရေးကို လည်း ပူပန်သည်၊ ဘေးဥပတ်အန္တရာယ်ကင်းသော ရာသီဥတုကိုလည်း လိုချင်သည်။

သြဇီ ၆၈ ရာခိုင်နှုန်း၏ ဆန္ဒသဘောထား

သြစတြေးလျံတို့သည် သူတို့နိုင်ငံအနေဖြင့် ရာသီဥတုဖေါက်ပြန်မှုကို လျော့ကျစေရေး နိုင်ငံတကာ ကြိုးပမ်းမှုတွင် မိမိတို့၏ အချိုးကျထက်ပို၍ ထောက်ကူနိုင်သည်ကို အသိအမှတ်ပြုကြ သည်။ ၇၁ ရာခိုင်နှုန်းသည် ရာသီဥတုဖေါက်ပြန်မှုပြဿနာ၏အဖြေကို ရှာကြံရာ၌ ရှေ့ဆုံးက သွားလို ကြသည်။ ၇၇ ရာခိုင်နှုန်းကမူ ရာသီဥတုဖေါက်ပြန်မှုကို ဖြေရှင်းခြင်းသည် အလုပ်အကိုင်သစ်များကို ဖေါ်ထုတ်နိုင်ပြီး သန့်ရှင်းသောစွမ်းအင်တွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများပေါ်ထွက်လာမည်ကို သိမြင်ကြသည်။

အားလုံးသော သြစတြေးလျံပြည်နယ်များနှင့် ဒေသနယ်မြေများသည် သက္ကရာဇ် ၂၀၅၀၊ သို့မဟုတ် ထို့ထက်စော၍ အသားတင်ကာဗွန်ထုတ်လွှတ်မှု သုညဖြစ်ရေး စိတ်ပိုင်းဖြတ်ထားကြသည်။ သို့သော် ဖက်ဒရယ် အစိုးရကမူ မဆုံးဖြတ်သေး။ ထပ်ပြောရဦးမည် – ၆၈ ရာခိုင်နှုန်းသော ပြည်သူတို့သည် သြစတြေးလျအတွက် ၂၀၅၀ တွင် ကာဗွန်အသားတင်ထုတ်လွှတ်မှု သုညအဖြစ်ကို မြင်လိုကြသည်။ ဤအမှတ်သည် ၂၀၁၉ ကထက် ရာခိုင်နှုန်းအမှတ် ၄ ပိုမိုမြင့်မားသည်။

အကယ်၍ သြစတြေးလျသည် အဓိပ္ပါယ်ရှိရှိ၊ စိတ်အားထက်သန်သော ရာသီဥတုပေါ်လစီကို ချမှတ် အကောင်အထည်မဖေါ်ပါလျှင် နိုင်ငံတကာမိသားစု၏ အပြင်ဘက်သို့ ယခုထက်ပို၍ အလှမ်းဝေး ကျန်ရစ်ခဲ့မည် ဖြစ်သည်။ The Climate of the Nation အစီရင်ခံစာ၏ ရလာဒ်များကဤအဖြစ်သည် သြစတြေးလျ ပြည်သူတို့၏ ဆန္ဒနှင့် ဆန့်ကျင်နေသည်ကိုထင်ရှားစွာ ပြသနေသည်။
စိတ်အားထက်သန်သောရာသီဥတုဆိုင်ရာလုပ်ဆောင်မှုကိုထောက်ခံသည့်အပြင်ဆုပင်ပေးလိုသည့် အခြေခံမဲဆန္ဒနယ်များ သြစတြေးလျမှာ ရှိပါသည်။ ယခုအခါ နိုင်ငံရေးခေါင်းဆောင်များသည် မိမိတို့၏ ရာသီဥတုဆိုင်ရာ ပေါ်လစီမူဝါဒအပေါ် ပြန်လည်ရှုကြည့်သုံးသပ်ဆင်ခြင်ဖို့ အချိန်တန်ပြီ ဖြစ်ပါကြောင်း။။

မူရင်းစာတမ်း။ ။ The Conversation အီးမေးသတင်းလက်ကမ်းစာစောင်ပါ Rebecca Colvin, Australian National University၏ ဆောင်းပါးကိုဘာသာပြန်ဆိုရေးသားပါသည်။

ညီညိ (ဘော်တွင်း)

About The Author

greenness_mm

No Comments

Leave a Reply