ကျေးလက်ကဗျာလေးတွေက ပြောတဲ့သဘာဝပတ်ဝန်းကျင်နှင့် ခေတ်ပေါ်ကဗျာတစ်ပုဒ်ရဲ့ဝန်ခံချက်

ကျေးလက်ကဗျာလေးတွေက ပြောတဲ့သဘာဝပတ်ဝန်းကျင်နှင့် ခေတ်ပေါ်ကဗျာတစ်ပုဒ်ရဲ့ဝန်ခံချက်

ရှေးကျေးလက် ကဗျာတွေထဲမှာ ရာသီဥတု၊သစ်ပင်တွေအကြောင်းပါနေတာလေးတွေကိုပြောချင်ပါတယ်။ ဒီကျေးလက်ကဗျာတွေလေးဟာ ဘယ်သူက စပ်ဆိုခဲ့တယ်ရယ်လို့ မသိကြရပါဘူး။ မြန်မာပြည်သူတွေ နူတ်ဖျားကနေ ရွတ်ဆိုလက်ဆင့်ကမ်း သယ်ဆောင်လာကြတဲ့ ကဗျာလေးတွေဖြစ်ပါတယ်။
” ကောက်တီနဲ့ မယ်စော
ရောနှောပါလို့ ပျိိုးတောင်
မိုးလေက ခေါင်။
သည်ပျိုးရေအောင်မှ
မယ်နဲ့မောင် အလှူပေးမယ်
မိုးကူပလေး။”
တောင်သူဇနီးမောင်နှံနှစ်ဦးက သူတို့အလှူပြုနိုင်ဖို့ မိုးကိုအကူအညီတောင်းနေတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ရှေးခတ်အခါကလည်း ရာသီဥတုဟာ ခုခေတ်လို မဆိုးဝါးပေမယ့် မိုးခေါင်တဲ့နှစ်တွေဆိုတာ ရှိခဲ့ကြတာပေပဲလို့ နားလည်ရပါတယ်။ ဒါပေမယ့် ကဗျာရဲ့လေထဲမှာ ပူပန်မှုမပါ။ ကဗျာထဲမှာ မိုးကိုချစ်တဲ့စိတ်ကလေးကိုလည်း တွေ့မြင်နေရပြန်တယ်။ မိုးဟာရွာလာမှာပဲရယ်လို့ ယုံကြည်မှုကိုလည်း တွေ့ရပါတယ်။
ပျိုလေးတို့ အိမ်စွန်း
ကျွန်းဆယ့်နှစ်ပင်
စောင့်ရှောက်စေချင်။
မငြိုငြင်
ရှင်အောင်ပမွေး။
မယ်နှင့်မောင် ကံဆိုင်တော့
ကျောင်းတိုင်ဖို့လေး။
ဒီကဗျာလေးကတော့ ချစ်သူနှစ်ဦးကံဆုံကြတဲ့အခါ ကျောင်းဆောက်လှူဖို့ အိမ်ဝင်းထဲက ကျွန်းပင်တွေကို စောင့်ရှောက်ထားတဲ့အကြောင်းပါ။ ဘုန်းကြီးကျောင်းဆောက်လှူဖို့ ကိုယ့်ဝင်းထဲမှာ ကျွန်းပင်ကိုစိုက်ထားတာပါ။ ရှေးခတ်အခါက ခုထက်အဆများစွာ သစ်တောတွေထူထပ်နေတာပြောစရာမလိုပါ။ ဒါကိုအလွယ်တကူသွားခုတ်တာမျိုးမဟုတ်ပဲ အိမ်မှာ ပျိူးထားတယ်ဆိုတာလေးက ချစ်စရာပါ။ နောက်မူလတန်းမှာ လူတိုင်းသင်ခဲ့ဖူးတဲ့
“တောင်တောရယ်သာ
မာလာကငုံဖူး
တစ်ပင်ကို နှစ်ပင်ယှက်တယ်
ကျေးငှက်ကမြူး ” ဆိုတဲ့ ကဗျာလေးပါ။
ကျေးလက်လူထုကဗျာတွေထဲက သုံးပုဒ်ကိုထုတ်နုတ်တင်ပြခဲ့ပါပြီ။ ကျွန်တော်တို့ရှေးမြန်မာတွေဟာ သဘာဝပတ်ဝန်းကျင်ကို ခံစားတတ်၊ သစ်ပင်ကိုစိုက်ပျိုးစောင့်ရှောက်တတ်ကြတဲ့ လူမျိုးတွေရယ်ပါ။ ဒီလို တစ်မျိုးသားလုံးစိတ်ထဲမှာရှိခဲ့တဲ့စိတ်ဟာ ဘယ်အချိန်မှာ ဘာအကြောင်းတွေကြောင့် ပျောက်ကွယ်သွားရတာပါလိမ့်။ ဘယ်သူတွေက ဖျက်ဆီးခဲ့တာပါလိမ့်။ ဘယ်အချိန်ထိ ပျက်စီးနေဦးမှာပါလိမ့်။ စဥ်းစားစရာတွေများစွာပါ။ မြန်မာခေတ်ပေါ်ကဗျာ လောကမှ ကဗျာဆရာတွေအချင်းချင်းကတောင်လေးစားရတဲ့ ကဗျာဆရာလှသန်းကတော့ ကဗျာတစ်ပုဒ်နဲ့ ခုလိုဝန်ခံခဲ့ပါတယ်။
ဝန်ခံခြင်း
ဘယ်သူဟာ
သွားကြားထိုးနေရင်း
ပဲခူးရိုးမထဲက ဝါးရုံတောကြီးကို
သတိရကြမှာလဲ
အတွေးတွေကို ဆန့်မထုတ်နိုင်သေးသရွေ့
ကျွန်ုပ်တို့ညံ့ခဲ့ကြတာ သေချာတယ်။
ကျွန်တော်တို့တွေ ဘယ်အချိန်ထိ ဆက်ညံ့နေကြဦးမှာလဲ…။
ချမ်းမြ

About The Author

greenness_mm

No Comments

Leave a Reply