ကြေကွဲနေတဲ့ ဝန်းကျင်

ကြေကွဲနေတဲ့ ဝန်းကျင်

ယခုရက်ပိုင်းအတွင်း ပတ်ဝန်းကျင်သည် နေရာတော်တော်များများမှာ အုံ့မှိုင်းလျက်ရှိနေသည်။ နယ်တွင်သာမက။ ရန်ကုန်၊ ထိုင်းနိုင်ငံဘန်ကောက်မြို့ကောင်းကင်ပေါ်မှာပါ အုံ့ဆိုင်းနေသည်ကို ဓာတ်ပုံတွေကတဆင့် တွေ့မြင်ရသည်။ နယ်တွေမှာတော့ ယခုလိုရာသီအချိန်ဆိုလျင် အုံ့ဆိုင်းတတ်မြဲ။ ပုံမှန်အချိန်ဆိုလျှင်တော့ အုံ့ဆိုင်းနေသည့် ရာသီသည် အင်မတန်လွမ်းဆွေးဖွယ် ကောင်းပါသည်။ ယခုအချိန်အုံ့ဆိုင်းမှုကတော့ ကြေကွဲဖွယ်ပိုကောင်းနေပေသည်။

နိုင်ငံအနှံ့ သဘာဝပတ်ဝန်းကျင်အတုတွေမှာသာ စိန်းလန်းစိုပြေနေပြီး တကယ့်သဘာဝပတ်ဝန်းကျင်အစစ်တွေမှာ ခြောက်သွေ့နေကြသည်။ မီးလောင်နေကြသည်။ ဒဏ်ရာရာရနေကြသည်။ ဖျားနာနေကြသည်။တောင်ပေါ်တွေမှာ သစ်ပင်တွေ၊သစ်ကိုင်းတွေ ကျိူးကျေနေကြသည်။ မြစ်တွေ လည်ပင်းညစ်ခံနေရသည်။ အသက်ရှူကြပ်နေသော ပတ်ဝန်းကျင်။ ဖျားနာနေသောရာသီဥတု။ ဝန်းကျင်တစ်ခုလုံး တွေ့ရမြင်ရတာ ကြေကွဲဖွယ်ကောင်းနေပါသည်။

သဘာဝပတ်ဝန်းကျင်အတုတွေဖန်တီးနိုင်ဖို့ သဘာဝပတ်ဝန်းကျင်အစစ်တွေကို ဖျက်ဆီးနေကြခြင်းဖြစ်သည်။ အရည်အသွေးအရောင်လဲ့လဲ့အရာသေးသေးလေးတွေအတွက် တကယ့်တောင်ကြီးတွေကို ဖြိုဖျက်နေကြသည်။ တလက်လက်နှင့်တောက်ပသည့် အရာလေးတစ်ခုရဖို့ မြစ်တွေ၊ချောင်းတွေကို ဖျက်ဆီးပစ်နေကြသည်။ မြင်တွေ့နေရသောပတ်ဝန်းကျင်သည် ကြေကွဲဖွယ်ကောင်းပါသည်။

သဘာဝတေးသံတွေ တိတ်ဆိတ်ပြီး ကြောက်မက်ဖွယ်အသံတွေသာ နေရာအနှံ့ ထိတ်လန့်ဖွယ်ကြားနေရပါသည်။ ပျားတွေအဖို့ ဝတ်ရည်စုတ်ဖို့ရာ ပန်းတွေ ရှားပါးလာသည်။ ကျေးငှက်တို့အဖို့ မီခိုနားစရာ သစ်ပင်ကြီးတွေရှားပါးလာသည်။ ကျွဲ၊နွားတွေအဖို့ စားကျက်မြေတွေ ရှားပါးလာသည်။ တောရိုင်းတိရိစ္ဆာန်တွေအဖို့ တောတွေ မရှိတော့ပါ။ တချို့လူတွေအဖို့လည်း နေစရာအိမ်တွေ မရှိတော့ပါ။ လောကကြီးတစ်ခုလုံး အုံ့ဆိုင်းနေသည်။ အုံ့ဆိုင်းနေသော လောကကြီးတစ်ခုလုံး လူတွေရဲ့ရင်ဘတ်ထဲ ရောက်နေသည်။ ကြေကွဲဖွယ်ကောင်းလှပါသည်။

ကျွန်တော်တို့လူသားတွေ ကိုယ်မှီတည်ရာ လောကကို ကိုယ်တိုင်ဖျက်ဆီးနေကြသည်။ လောကကို စောင့်ရှောက်ချင်သူတွေက အမြဲထိခိုက်နစ်နာပြီး လောကကိုဖျက်ဆီးနေသူတွေက အမြဲကောင်းစားနေသည်မှာ ခေတ်အဆက်ဆက်ပင် ဖြစ်သည်။ သူ့ဘာသာရှင်သန်လှပမွေးပျံ့နေသော ပန်းပင်ကိုချိုးပြီး ပူဇော်ပသမှ ကုသိုလ်ကောင်းမှုရသည်ဟူသော အယူအဆကိုလည်း ကျွန်တော်လက်မခံပါ။ စာနာမှုမေတ္တာတရားသည် ဘုရားကျောင်းဆောင်တွေဆီမှာထားရမည့်အရာမဟုတ်။ သဘာဝန်းကျင်တစ်ခုလုံးအပေါ်မှာ ထားရမည့်အရာဖြစ်ပါသည်။

ဝန်းကျင်တစ်ခုလုံးပူလောင်နေသည်။ သဘာဝဝန်းကျင်အစစ်တွေပျက်စီးနေသည်။ သဘာဝဝန်းကျင်အတုတွေသာ တစ်ခုပြီးတစ်ခုပေါ်ပေါက်လာသည်။ ထို့အတူ မေတ္တာတရားသည်လည်း…..။

ဝေလင်းလက်

About The Author

greenness_mm

No Comments

Leave a Reply