ချစ်တဲ့ ချင်းတောင်ဇလပ်ရေ

ချစ်တဲ့ ချင်းတောင်ဇလပ်ရေ

တောင်ပေါ်မြေမှာ ပွင့်ဖူးတဲ့…
တောင်ဇလပ်ပန်းနီလေးရယ်
မင်းဘဝ ချွေမှာစိုး ကိုယ်တွေးတိုင်းစိုးရိမ် ချစ်တဲ့ချင်းတောင်ဇလပ်ရေ”
အထက်ပါစာပိုဒ်ဟာ ချင်းလူမျိုးတေးရေးဆရာစံပီးရဲ့ သီချင်းစာသားဖြစ်ပါတယ်။ ဒီစာသားထဲမှာ မင်းဘဝ ချွေမှာစိုး ဆိုတဲ့ စာသားကို သထိထားမိမယ်ထင်ပါတယ်။ သတိထားမိပြီးရင် မင်းဘဝ ကြွေမှာစိုး ဖြစ်ရမယ်လို့ ထင်မိကြမှာပါ။ တကယ်တော့တောင်ဇလပ်ပန်းဟာ တော်ရုံတန်ရုံမကြွေပါ။ ချင်းတောင်မှာ လေထန်နေလည်းမကြွေပါ။ တောင်ဇလပ်ပန်းဟာ အနီရောင်နဲ့လှပသလောက် အကြမ်းခံတဲ့ပန်း၊ အပင်ကနေ ကြွေဖို့ မလွယ်တဲ့ပန်းဖြစ်ပါတယ်။ ပွင့်နေတုန်း လူကချွေတာတောင် တော်တော်ချွေယူမှရတာပါ။ ဒါကြောင့် တေးရေးဆရာ စံပီးက ” မင်းဘဝ ချွေမှာစိုး” ဆိုပြီး သုံးခဲ့ပုံရပါတယ်။
တောင်ဇလပ်ပန်းတွေပွင့်တဲ့ ခုလိုရာသီဆိုရင် ချင်းတောင်ဟာ သိပ်လှပါတယ်။ တောင်ကုန်းတောင်တန်းတွေပေါ်မှာ အနီရောင်ပန်းတွေပွင့်နေတဲ့ တောင်ဇလပ်ပန်းပင်တွေကို မြင်လိုက်ရရင် သင်ဟာလည်း ချင်းတောင်ကို ပိုချစ်မြတ်နိုးလာမှာသေချာပါတယ်။
တောင်ဇလပ်ပန်း ပွင့်ဖတ်တွေက ကျစ်ကျစ်လစ်လစ်ရှိပါတယ်။ အအေးဒဏ်လေဒဏ်ကို ခံနိုင်ပါတယ်။ ရိုးရိုးလေးနဲ့လှတယ်ဆိုတာ တောင်ဇလပ်ပန်းပါပဲ။ ချင်းအမျိုးသမီးလေးတွေဟာ တောင်ဇလပ်ပန်းတွေလိုပါပဲ။ ရိုးရိုးနဲ့လှပြီး ချစ်ခင်ဖွယ်ဖြစ်ပါတယ်။ ချင်းတောင်ကိုမရောက်တာကြာတော့ ငယ််ငယ်တုန်းက ကျောင်းအတူနေခဲ့တဲ့ ” ကျိန်လွန်းဒိန်တို့၊ ကျားလျန်ကိမ်း၊ ရှမ်းရှမ်းစတဲ့တို့ ကျောင်းနေဘက် သူငယ်ချင်းမိန်းကလေးတွေကို လွမ်းမိပါတယ်။ ကွဲကွာသွားတာကြာပြီဖြစ်တဲ့ ” ကန်ခန့်ဟောက်တို့၊ ထာဆွန်းလျန်၊ ပါဘွိုလ် တို့လို ချင်းအမျိုးသားသူငယ်ချင်းတွေကိုလည်း လွမ်းရပါတယ်။
လွန်ခဲ့တဲ့ ခြောက်နှစ် ချင်းတောင်ကို တက်ခဲ့စဥ်က တောင်ဇလပ်ပန်းတွေ အခိုင်လိုက်ကြီးခူးပြီးပြန်သွားကြတဲ့ သူတွေကိုတွေ့တော့ ကျနော်တော်တော်ဒေါသဖြစ်ခဲ့ရပါတယ်။ သူတို့ဘာရည်ရွယ်ချက်နဲ့ခုလိုအခိုင်အများကြီးခူးကြရတာလဲ။ စဥ်းစားမရပါဘူး။ မြေပြန့်ရောက်ရင် ကြွားချင်ကြလို့ ဒီလိုခူးကြတာလို့ပဲ ရေဘုယယူဆမိပါတယ်။ တော်သင့်ရုံခူးရင်ကောင်းမယ်လို့တွေးရင်း တောင်ဇလပ်ပန်းခိုင်တွေကြားက ပြုံးပျော်နေတဲ့ သူတို့မျက်နှာကို ကျွန်တော်ကြည့်မရခဲ့ပါဘူး။
ကျနော်တိူ့လူမျိုးဟာ သဘာဝအလှကို ခံစားချင်သလောက်၊ ခံစားတတ်သလောက် သဘာဝကို ချစ်မြတ်နိုးစောင့်ရှောက်မှုမှာသိပ်အားနည်းပါတယ်။ သဘာဝအလျောက်ပေါက်နေတဲ့ပန်းဟာ ကိုယ်ပိုင်မဟုတ်ဘူး။ အများပိုင်ဖြစ်တယ်။ လူတိုင်းကြည့်ရှု့ခံစားခွင့်ရှိတယ်ဆိုတာလောက်တော့တွေးတတ်စေချင်ပါတယ်။
ခုချိန် ချင်းတောင်မှာ တောင်မှာ တောင်ဇလပ်ပန်းတွေပွင့်ပေါ့။ လွတ်လွတ်လပ်လပ်ကြီးပွင့်ကြရောပေါ့။ ချွေမယ့်သူမရှိ လှပစွာ ချင်းတောင်တန်းကိုအလှဆင်ကြရောပေါ့။ လွမ်းရပါတယ် ချစ်တဲ့ ချင်းတောင်ဇလပ်ရေ…
ချမ်းမြ

About The Author

greenness_mm

No Comments

Leave a Reply