ချောင်းဖြစ်လာတဲ့မြစ်တွေ

ချောင်းဖြစ်လာတဲ့မြစ်တွေ

” မြစ်ကမ်းပါးတွေကလည်း ပြိုတယ်ဟေ့ ဒီနှစ်လည်း။ မြစ်က ကောနေပါပြီကွာ။ ရာသီဥတု မမှန်တာကိုး” လို့ မြစ်သာ မြစ်ကမ်းပါးဘေးမှာနေတဲ့ ကျွန်တော့်အစ်ကိုဝမ်းကွဲက ဖုန်းထဲကနေ ညည်းပါတယ်။

မြစ်သာမြစ်ဟာ မကွေးတိုင်း၊ ယောဒေသကနေ စစ်ကိုင်းတိုင်းထဲက ချင်းတွင်းမြစ်ကို စီးဝင်တဲ့မြစ်တစ်စင်းဖြစ်ပါတယ်။ ကျနော်တို့ငယ်ငယ်က အမြဲတမ်းကူးခတ်ဆော့ကစားခဲ့ရတဲ့ မြစ်ဖြစ်ပါတယ်။ ကျွန်တော်တို့ငယ်စဥ်ကတော့ မြစ်သာမြစ်ဟာ နွေရာသီမှာတောင် ရေတော်တော်နက်တဲ့နေရာတွေရှိပါတယ်။ ခုချိန်မှာတော့ မြစ်ဟာ လူတရပ် မြုပ်လောက်တဲ့နေရာတောင် တော်တော်ရှားလာပြီဖြစ်ပါတယ်။

ကျနော်တို့်ငယ်စဥ် မြစ်ဟာ ရေကြောင်းပြောင်းလဲတာမျိုးသိပ်မရှိလှ။ ခုနောက်ပိုင်းအချိန်တွေမှာတော့ မြစ်ရေကြောင်းဟာ တစ်နှစ်တစ်ခါဆိုသလို ပြောင်းလဲနေတာပါ။ အချို့နေရာတွေမှာ ဆို မြစ်ဟာ မြစ်အသွင်ပျောက်ပြီး ချောင်းကလေးလို စီးဆင်းနေတတ်ပါတယ်။

မြစ်သာမြစ်ထဲကိုစီးဝင်နေကြတဲ့ မဏိပူရ်မြစ်နှင့် နေဉ္ဇရာမြစ်တွေကတော့ နွေရာသီမှာ တကယ့်ချောင်းအဖြစ်ကို ရောက်နေပြီဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
” မဏိပူရ်မြစ်ကမှ နည်းနည်းတော်သေးတယ်။ နေရဉ္ဇရာမြစ်ကတော့ နွေရာသီဆို ဘယ်နေရာကြည့်ကြည့် ရေက ဒူးလောက်ရှိတော့တာ” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။

ဒီမြစ်သုံးစင်းဟာ စာရေးသူငယ်စဥ်က ရင်းနီးခဲ့တဲ့မြစ်တွေဖြစ်ပါတယ်။ မြို့ပေါ်မှာနေထိုင်ရင်း မွမ်းကြပ်ပူလောင်လာတဲ့အခါ ငယ်ငယ်ကလို မြစ်ထဲကို ဒိုင်ပင်ပစ်ပြီး ရေချိုးလိုက်ချင်တဲ့စိတ်တွေ ခုထိပေါ်နေတုန်းပါပဲ။ အခွင့်သာလို့ ကိုယ့်နယ်ကိုအလည်အပတ်ပြန်တဲ့အခါ ဒိုင်ပင်ပစ်လို့ရလောက်အောင် ရေရှိပါ့မလားဆိုတာတော့ တွေးပူမိပါရဲ့။

စာရေးသူသိတဲ့ မြစ်သုံးစင်းအကြောင်းကို သာတင်ပြရတာဖြစ်ပြီး စာရေးသူသေသေချာချာမသိတဲ့ မြစ်တွေရဲ့ အခြေအနေဟာ ဒီမြစ်သုံးစင်းနှင့် သိပ်ထူးမယ်မထင်ပါ။ နိုင်ငံရဲ့ဒုတိယအကြီးဆုံးမြစ်ဖြစ်တဲ့ ချင်းတွင်းမြစ်ကြီးတောင်မှ သိသိသာသာကောလာနေတာကိုး။

မြစ်တွေအဓိက ကောရတဲ့အကြောင်းကတော့ ရေအရင်းအမြစ်ကို ထိန်းသိမ်းပေးနေတဲ့ သစ်တောတွေပြုန်းတီးလာတာကြောင့်ဆိုတာ အားလုံးသိကြမှာပါ။ ချင်းတွင်းမြစ်ကတော့ မြစ်ဖျားပိုင်းမှာ ရွှေမှော်တွေလုပ်ကြတဲ့အတွက် ပိုဆိုးပါတယ်။ ကိုယ်ငယ်ငယ်ကဆော့ကစားခဲ့တဲ့ မြစ်သာမြစ်ဖျားမှာ ရွှေမထွက်တာကို ကျေးဇူးကြံဖန်တင်မိပါတယ်။

မြစ်တွေအကြောင်းပြောရင်း ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်ထဲက ပျောက်ကွယ်သွားတဲ့ ဝါးဘလောက်သောက်မြစ်ကို သတိရမိပါတယ်။ ၁၉၉၀ ကျော်ကာလမှာ လုံးဝပျောက်ကွယ်သွားခဲ့တဲ့မြစ်တစ်စင်းပါ။ အထက်အညာဒေသက မြစ်တွေဟာ ဝါးဘလောက်သောက်မြစ်လို မပျောက်ကွယ်နိုင်ပေမယ့် မြစ်တွေကချောင်းဖြစ်ပြီး၊ ချောင်းတွေက ရေမြောင်းကလေးတွေအဆင့်ရောက်သွားနိုင်ပါတယ်။

အချိန်မီ လိုအပ်တဲ့ထိန်းသိမ်းမှုတွေ မလုပ်နိုင်ရင် နောက်နောင်မှာ “မြစ်သာချောင်းကလေးသည် ချင်းတွင်းချောင်းကြီးထဲသို့စီးဝင်ပြီး ချင်းတွင်းချောင်းကြီးသည် ဧရာဝတီမြစ်ကလေးထဲသို့စီးဝင်သည်” လို့ ကလေးတွေကိုသင်ပေးကြရပါလိမ့်မယ်။ ဒါကြောင့် မြစ်တွေချောင်းမဖြစ်ရေးအတွက် ချောင်းဖျား၊မြစ်ဖျားက သစ်တောတွေကို သက်ဆိုင်ရာ စွမ်းနိုင်သူတွေက ထိန်းသိမ်းပေးကြပါလို့ နိုးဆော်လိုက်ပါရစေ….။

ချမ်းမြ

About The Author

greenness_mm

No Comments

Leave a Reply