ငလျင်နဲ့ပတ်သက်လို့ ကွယ်လွန်သူ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဒီလိုပြောခဲ့တယ်

ငလျင်နဲ့ပတ်သက်လို့ ကွယ်လွန်သူ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဒီလိုပြောခဲ့တယ်

ပြီးခဲ့တဲ့ရက်ပိုင်းက ငလျင်တွေ လှုပ်တော့ ကောလဟလ သတင်းတွေ အမျိုးစုံကြားရပါတယ်။ သဘာ၀ဘေးကောလဟလတွေကလည်း သဘာ၀ဘေးတစ်ခုခုဖြစ်ပြီးတိုင်း နောက်ဆက်တွဲအနေနဲ့ ကြားရတတ်ပါတယ်။ ကြားလည်း ကြားနေကျပါ။ နာဂစ်မုန်တိုင်းပြီးတော့ နာဂစ်ထက်ကြီးတဲ့ မုန်တိုင်းကြီးပဲ လာတော့မလိုလို၊ ငလျင်ကြီး တစ်ခုလှုပ်ပြီးတော့ ည ၁၂ နာရီမှာပဲ သူ့ထက် အင်အားကြီးတဲ့ ငလျင်ကြီးပဲ ထပ်ဖြစ်တော့မလိုလို.. ကောလဟလသတင်းတွေ ထွက်ခဲ့ပါတယ်။ ပြည်သူတွေကလည်း ထိတ်လန့်တကြားပေါ့။ အဲဒီတုန်းကတော့ ပညာရှင်တွေ အထူးသဖြင့် မိုးလေဝသပညာ ဒေါက်တာထွန်းလွင်ဟာ ကောလဟလတွေကို ချက်ချင်းတုန့်ပြန် ဖြေရှင်းခဲ့လို့ ပြည်သူတွေ စိတ်အေး သက်သာ ရခဲ့ကြရပါတယ်။

အခုကတော့ ဆရာကြီးကလည်း မရှိတော့ဘူး။ တိုင်းပြည်ကလည်း ကံဆိုးမိုးမှောင်ကျ၊ ပြည်သူတွေမှာ ကျီးလန့်စာ စားနေရချိန်မှာ ငလျင်က ထလှုပ်တယ်။ ထပ်ကြီးမယ့် ငလျင်တွေ လာမယ်လို့ ပြောကြတယ်။ ပြည်သူဟာ တကယ်ကို အားကိုးရာမဲ့ခဲ့ရပါတယ်။ ပညာရှင်တွေ၊ စာရေးသူတွေ၊ သတင်းသမားတွေကလည်း ကိုယ့်အကြောင်းနဲ့ကိုယ်၊ နေထိုင်နေကြရတာဆိုတော့ ဘာမှမဖြေရှင်းအားခဲ့ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဘာမှ မရေးဖြစ်ခဲ့ပါဘူး။ အခုတော့ Greenness ကနေ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာတွေ၊ သတင်းအချက်အလက်တွေကို တတ်နိုင်သလောက် ဖြန့်ဝေပေးဖို့ ကြိုးစားနေပါတယ်။

ဒီနေ့ အထူးဆောင်းပါး တစ်ပုဒ်ရေးမယ်ဆိုတော့ သင်ဆရာ မြင်ဆရာ ကြားဆရာတွေ ဖြစ်တဲ့ သစ်တောပညာရှင် ဆရာကြီး ဦးအုန်းနဲ့ မိုးလေဝသပညာရှင် ဆရာကြီး ဦးထွန်းလွင်တို့ကို ဦးစွာသတိရမိတယ်။ ကျွန်တော်ကလည်း သိပ်မကြာခင်က ဖြစ်ခဲ့တဲ့ ငလျင်နဲ့ပတ်သက်တဲ့ ကောလဟလတွေနဲ့ ပတ်သက်ပြီး ရေးချင်တော့ ဆရာကြီး ဦးထွန်းလွင် မကြာခဏသတိပေးနေတဲ့ စာလေးကို သတိရသွားတယ်။ ဆောင်းပါးထဲထည့်ရေးဖူးပေမယ့် ဆရာကြီး ရေးထားတဲ့အတိုင်း မဟုတ်ဘူး။ ဒီတော့ လိုင်းပေါ်ရှာကြည့်မိတယ်။ တွေ့ပါတယ်။ တာဝန်သိ ပြည်သူတွေက ပြန်လည်မျှဝေထားတဲ့ ဆရာကြီးရဲ့ ပို့စ်လေး..။ စေတနာတွေနဲ့ လျှံလို့.. သတိရခြင်းတွေကလည်း မျက်ဝန်းကနေ စီးဆင်းသွားတယ်။

ဟုတ်ကဲ့၊ ကျွန်တော် အများကြီး မပြောတော့ပါဘူး။ ဆရာကြီး ဦးထွန်းလွင်ရဲ့ မူရင်း ပို့စ်လေးကိုပဲ ဖော်ပြလိုက်ပါတယ်။
ဒီပို့စ်ကို ဆရာကြီးက ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်က ရေးပြီး သူ့ရဲ့ လူမှုကွန်ရက် ဖေ့ဘွတ်ခ်စာမျက်နှာမှာ တင်ခဲ့တာပါ။

မြေငလျင်နဲ့ပတ်သက်လို့…..
မြေငလျင်ငယ်တွေ များများလှုပ်လေ မြေငလျင်ကြီးတွေလှုပ်ရှားဖို့နည်းလေဖြစ်ပါတယ်။
၁၅-၁-၂၀၁၈
ည(၉း၅၀)နာရီ။

မြန်မာနိုင်ငံမှာ လက်ရှိလူပြောများနေသော ကိစ္စမှာ မြေငလျင်ငယ်များမကြာမကြာ လှုပ်နေတဲ့အတွက် မကြာမီ ငလျင်ကြီးတစ်ခုလှုပ်တော့မယ်ဆိုတာကို တွေးကြောက်နေကြတာဖြစ်ပါတယ်။

မြေငလျင်ကို ကြိုတင်ခန့်မှန်းနိုင်တဲ့အရာမဟုတ်ဘူးဆိုတာကို ပညာရှင်အများလက်ခံထားကြပါတယ်။ တိတိကျကျ နီးနီးစပ်စပ်ကြိုတင်ခန့်မှန်းနှိုင်မှုအနည်းဆုံးသော ဘာသာရပ်လည်းဖြစ်ပါတယ်။ ဒါကြောင့်တိတိကျကျ မပြောနိုင်ကြသော်လည်း လေ့လာထားခဲ့သမျှအထောက်အထားအရ ပြောရပါက မြေငလျင်ငယ်များ များများလှုပ်လေ အင်အားပြင်းထန်တဲ့မြေငလျင်ကြီးတွေလှုပ်ဖို့အလားအလာနည်းပါးလေဆိုတာကို ဌာနတွင်ရှိစဉ်က ဂျပန်နိုင်ငံသို့ပညာသင်သွားခဲ့သော တပည့်တစ်ဦးအား ကျွန်တော်လေ့လာမှုတစ်ခုပြုလုပ်ခဲ့ရန် တာဝန်ပေးချက်အရ မြေငလျင်တစ်ခု၏ အင်အား(Intensity) နဲ့ မြေငလျင်လှုပ်ရှားမှုအကြိမ်ပေါင်း(Frequency)တို့ ဆက်စပ်မှုရှိနေကြောင်း ခိုင်မာတဲ့တွေ့ရှိချက်တစ်ခု ရရှိခဲ့ပါတယ်။

အဆိုပါ အင်အားနဲ့ အကြိမ်ပေါင်း ဆက်စပ်မှုအရ မြေငလျင်အကြိမ်များများလှုပ်ရှားလေ အင်အား 4- 6 အတွင်း ငလျင်များသာ အလှုပ်များခဲ့ပြီး၊ အင်အားပြင်းထန်သော မြေငလျင်ကြီးတွေ လှုပ်ရှားမှုနည်းပါးကြောင်း တွေ့ရပါတယ်။ တစ်ကြိမ်နှစ်ကြိမ်တော့ ပြင်းအား 6 နဲ့ 7ကြားအင်အားရှိတဲ့ မြေငလျင်(၂)(၃)ကြိမ် လှုပ်ခဲ့တာတော့ ချွင်းချက်ရှိပါတယ်။ ဒါပေမယ့် ငလျင်ငယ်တွေလှုပ်တာများတိုင်း အင်အားကြီးတဲ့ငလျင်တွေမလှုပ်တတ်ပါ။

မြေငလျင်လှုပ်ရှားမှုအကြိမ်နည်းပါးသော ကာလများတွင်မူ မြေငလျင်ငယ်များ လှုပ်ရှားမှုမရှိသလောက်နည်းသွားပြီး၊ အင်အား 6-8 အထိ ပြင်းအားရှိတဲ့ မြေငလျင်ကြီးတွေလှုပ်ရှားခဲ့ကြောင်း တွေ့ရပါတယ်။ ဒါဟာ လက်တွေ့လေ့လာမှုတစ်ခုရဲ့တွေ့ရှိချက်ဖြစ်တဲ့အတွက် လက်ရှိမြေငလျင်ငယ်များဆက်တိုက်လှုပ်ရှားနေမှုအပေါ် လွန်ကဲသော စိုးရိမ်မှုများမရှိသင့်ပဲ လိုအပ်တဲ့အသိ နဲ့ ကြိုတင်ပြင်ဆင်မှုများသာလုပ်ဆောင်ဖို့အရေးကြီးပါတယ်။

မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့မြေငလျင်များလှုပ်ဖို့ အလားအလာများလာနေတာကို ပညာရှင်အများက ထောက်ပြနေကြပါတယ်။ ဒါကိုတော့ သတိကြီးစွာထားကြပြီး မြေငလျင်ကြောင့် အသက် အန္တရာယ်ကျရောက်မှုမှာ မြေငလျင်ကြောင့်မဟုတ်ပဲ၊ အဆောက်အဦများပြိုကျမှုကြောင့်ဖြစ်ကြရကြောင်းကို သတိထားပြီး၊ မိမိနေထိုင်ရာအဆောက်အဦရဲ့ခိုင်ခံ့မှု၊ မိမိနေထိုင်ရာဒေသရဲ့ အန္တရာယ်ကျရောက်နိုင်မှုအနေအထား၊ မြေငလျင်လှုပ်ရှားစဉ်ဆောင်ရန်ရှောင်ရန်အသိများကို လေ့လာထားသင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။
ဒေါက်တာထွန်းလွင်

ဒီလောက်ဆို အားလုံး သဘောပေါက်ကြပြီထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေ ဒုက္ခပေါင်းစုံနဲ့ ကြုံနေရချိန်မှာ ဘာမဟုတ်တဲ့ ကောလဟလတွေကြောင့် ပိုပြီး သောကရောက်ရမှာကို မလိုလားပါဘူး။ ကျွန်တော်လည်း တတ်နိုင်သလောက် Greenness ကနေ ပြည်သူတွေအတွက် သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ၊ ဗဟုသုတနဲ့ သတင်းအချက်အလက်တွေကို မျှဝေပေးပါမယ်။ အသက်မသေခင် ကျွန်တော်တို့ လုပ်သင့်တာတွေ လုပ်ကြရင်း သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း မမေ့မလျော့ လုပ်ကြပါစို့ဗျာ။ ။

မင်းချစ်နိုင်

#Greenness

#Photo crd

About The Author

greenness_mm

No Comments

Leave a Reply