စက်ဘီးတွေ အဓွန့်ရှည်ပါစေ

စက်ဘီးတွေ အဓွန့်ရှည်ပါစေ

ကျွန်တော်တို့နိုင်ငံမှာ စက်ဘီးစီးခြင်းပြန်လည်ခေတ်စားလာသည်ကို တွေ့မြင်ရသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။ ကျွန်တော်တို့မြို့ကလေးမှာ စက်ဘီးတွေပြန်လည်ခေတ်စားလာသည်မှာဆယ်စုနှစ်တစ်ခုနည်းပါးရှိပြီဟု ဆိုနိုင်မည်ထင်သည်။ ပြီးခဲ့သည့် ခြောက်နှစ်၊ခုနစ်နှစ်လောက်ကစ ဝါသနာအရ၊ ကျန်းမာရေးအရ စက်ဘီးစီးသူတွေများပြားလာကာ စစ်ဘီးစီးအဖွဲ့ပင် ဖွဲ့နိုင်ခဲ့ကြတာကိုတွေ့ရသည်။
စစ်ဘီးစီးခြင်း ပြန်လည်ခေတ်စားခါစ ထိုအချိန်တုန်းက စက်ဘီးစီးကြသူများမှာ ဝါသနာအရစီးသူ၊ကျန်းမာရေးအရစီးသူ၊ ဖက်ရှင်အရစီးသူတို့ သာများပြီး မြို့တွင်းအလုပ်ကိုသွားလာမှုအပါအဝင် စျေးဝယ်သွားတာကအစ ဆိုင်ကယ်တွေနှင့်သာသွားလာကြသည်ကိုတွေ့ရသည်။ ကလေးငယ်များမှအပ စက်ဘီးကို သွားလာရေးအတွက် အသုံးပြုစရာဟု မမှတ်ယူကြသေး။ ဆိုင်ကယ်မစီးတတ်သူတွေနှင့် ဆိုင်ကယ်မရှိသူအနည်းငယ်သာလျှင် စက်ဘီးကိုအသုံးပြုကြသည်။ သို့သော် လွန်ခဲ့သည့်နှစ်နှစ်လောက်မှစပြီး စက်ဘီးကို သွားရေးလာရေးအတွက် အသုံးပြုသူတွေများလာသည်။ စက်ဘီးစီးသူတွေများလာသည်။
စက်ဘီးစီးသူတွေများရခြင်းမှာ ဆိုင်ကယ်ဓာတ်ဆီစျေးတွေ တက်လာခြင်းကြောင့်ဖြစ်သည်။ စက်ဘီးစီးချင်သူတွေအတွက် ဂျပန်ကွန်တင်နာကျ စက်ဘီးတွေက အဆင်ပြေသည်။ စျေးနူန်းတသိန်းနှင့်နှစ်သိန်းကြားဆိုလျှင် ခပ်မာမာစက်ဘီးတစ်စီးကိုရသည်။ စက်ဘီးတွေက စီးပြီးသားအဟောင်းတွေဖြစ်သော်ခည်း ဂျပန်ပစ္စည်းမို့ မာသည်။ ပေါ့ပါးပြီး သွက်လက်သည်။
စက်ဘီးစီးသူတွေများလာတော့ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသည့် ကျွန်တော့်မှာ ဝမ်းသာရသည်။ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသည့် အခြားသူများလည်း ကျွန်တော့်လိုဝမ်းသာကြမည်ပင်ဖြစ်သည်။ စက်ဘီးတွေစီးလာကြခြင်းအားဖြင့် ဆိုင်ကယ်စီးသည့်လူဦးရေ သိသိသာသာလျော့နည်းသွားသည်။ ဆိုင်ကယ်မှထွက်သော မီးခိုးတို့လေထုထဲရောက်မှု ရော့ပါးသွားသလို ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပေးလှသော အသံတို့သည်လည်း လျော့သွားပါသည်။
တကယ်တော့ မြို့ထဲတော်ရုံ၊တန်ရုံသွားလာမှုလောက်ကတော့ ဆိုင်ကယ်မသုံးဘဲ စက်ဘီးကိုအ
သုံးပြုလို့ရနေသည်သာဖြစ်သည်။ ရုံးမှာထိုင်ပြီး တနေကုန် အလုပ်လုပ်ရသူတွေအဖို့ စက်ဘီးသည် အသင့်တော်ဆုံးဖြစ်သည်။ အလုပ်သွား၊အလုပ်ပြန် စက်ဘီးနင်းခြင်းဖြင့် အညောင်းဖြေသလိုပင်ဖြစ်နေသည်။
ကျွန်တော်ကတော့ စက်ဘီးစီးလာသည်မှာ သုံးနှစ်ထဲကိုရောက်တော့မည်ဖြစ်သည်။ စက်ဘီးစီးခြင်းနှင့် ဆိုင်ကယ်စီးခြင်းကား ကျန်းမာရေးအတွက် များစွာခြားနားမှုရှိပါသည်။ စက်ဘီးစီးသည့်အချိန်မှစ၍ ခန္ဓာကိုယ်သည် ပေါ့ပါးပြီး သက်လုံလည်းကောင်းလာသည်။ မိမိကိုယ်ကိုယ်ယုံကြည်စိတ်တွေလည်း မြင့်တက်လာပါသည်။
ယနေ့ ကမ္ဘာပေါ်တွင် လူအချို့သည် လိုအပ်ချက်အနည်းဆုံးနေထိုင်မှုကို ကျင့်သုံးလာကြသည်။ လမ်းလျှောက်ပြီး သွားလို့ရသည့်နေရာဆိုလျှင် လမ်းလျှောက်ပြီးသွားသည်။ စက်ဘီးနှင်သွားလို့ရသည့်နေရာဆိုလျှင် စက်ဘီးနှင့်သွားသည်။ လမ်းလျှောက်သွားဖို့ ၊ စက်ဘီးနှင့်သွားဖို့ အဆင်မပြေလောက်အောင်ခရီးရှည်မှ သို့မဟုတ် အချိန်အကန့်အသတ်ရှိမှသာ ဆိုင်ကယ်လို၊ ကားလို ယာဥ်တွေကိုသုံးကြသည်။ အထက်ဖော်ပြခဲ့တာတွေက လိုအပ်ချက်အနည်းဆုံးနေထိုင်မှုကို ကျင့်သုံးသည့်သူတွေ၏ သွားလာမှုပုံစံဖြစ်သည်။ သည်လိုပုံစံကိုအများဆုံးကျင့်သုံးကြသူတွေက တိုးတက်ဖွံ့ပြီး ပညာရေးမြင့်မားသောနိုင်ငံကသူတွေအများစုဖြစ်နေတာ တွေ့ရသည်။
ကျွန်တော်တို့နိုင်ငံမှာ ဓာတ်ဆီစျေးနူန်းတွေ ပြန်ကျခဲ့လျှင်၊ ယခုအခြေအနေထက် စီးပွားရေးတွေပိုမိုကောင်းမွန်လာခဲ့သည့်အချိန်ကျလျှင် ယခုလိုစက်ဘီးတွေစီးကြပါ့ဦးမလား ကျွန်တော်တွေးပူမိပါသည်။ ကျွန်တော်ကတော့ ထိုအချိန်ကြလျှင်လည်း စက်ဘီးတွေကိုပဲစီးစေချင်သည်။ ပို၍ကောင်းမွန်သောလမ်းမှာ ပို၍သက်သောင့်သက်သာဖြစ်သော စက်ဘီးတွေကို စီးကြစေချင်သည်။ စက်ဘီးတွေစီးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းကြစေချင်သည်။ စက်ဘီးတွေအဓွန့်ရှည်ပါစေဟု ဆန္ဒပြုလိုက်ရပါသည်။
ချမ်းမြ

About The Author

greenness_mm

No Comments

Leave a Reply