စားစရာအတုတွေ ရှောင်ရှားကြ

စားစရာအတုတွေ ရှောင်ရှားကြ

လူမျိုးတစ်မျိုး၏ အထွေထွေကျန်းမာရေးသည် အလွန်အရေးကြိးသည်။ လူကျန်းမာမှအလုပ်လုပ်နိုင်မည်။ အလုပ်များများလုပ်နိုင်မှ နိုင်ငံ၏ကုန်ထုတ်စွမ်းအားတိုးတက်မည်။ လူတစ်ဦးစီ၏ကျန်းမာရေးကောင်းဖို့ရန်မှာ အစားအသောက်အပေါ်များစွာ တည်သည်။ အစားအသောက်ကောင်းချဉ်းမစားနိုင်သည့်တိုင်စစ်မှန်သော အစားအသောက်များကိုမူ မှန်မှန်စားရန်လိုသည်။ ယခုခေတ်တွင် နေရာတိုင်းအလိုလို၌ အတုအယောင်တွေ ရှောင်မလွတ်အောင် ပေါများလှသည်ဖြစ်ရာ အစားအသောက်ဆိုင်အချို့မှာ စားစရာအတုတွေကို မသမာသောနည်းဖြင့် ရောင်းချလျက်ရှိကြသည်။

ရန်ကုန်မြို့အပါအဝင် အချို့သောမြို့ကြီးများရှိ လမ်းဘေးနှင့်စျေးဆိုင်အချို့တွင် ရောင်းချလျက်ရှိသည့် အစားအသောက်များမှာ ကျန်းမာရေးရူ့ထောင့်မှ ကြည့်လျှင် ပြည်သူလူထု၏ ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်နိုင်သဖြင့် ရင်လေးစရာ ကောင်းလှသည်။ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနမှ စစ်ဆေးခွဲစစ်ပြီးသမျှ အစားအစာ၊ အဖျော်ယမကာနှင့် ဆေးဝါးများတွင် စားသုံးသူတို့အား ဒုက္ခ အကြီးအကျယ်ပေးနိုင်သည့် ပစ္စည်းမျိုးစုံပါနေသည်ကို တွေ့ရသည်။

ထိုပစ္စည်းများသည် လူအများစားသုံးရန် လုံး၀မသင့်လျော်သည်သာမက လောလောဆယ်တွင် မည်သို့မျှ မဖြစ်သေးသော်လည်း နောင်ကြာလာသည့်အခါ အမျိုးမျိုးဒုက္ခပေးနိုင်သည်။ မသမာသူစျေးနှင့် စီးပွားရေးသမားများသည် မိမိတို့အမြတ်အစွန်းရရှိရေးတစ်ခုတည်းကိုသာကြည့်ပြီး စားသုံးသူပြည်သူလူထု၏အကျိုးကို လုံး၀ဥပက္ခောပြုထားသည် ဘယ်သူသေသေ ငတေမာလျှင်ပြီးရာဆိုသော စိတ်ထားဖြင့် စားသောက်စရာများကို အတုနှင့်အစစ် ခွဲခြားမရနိုင်အောင် လိမ်လည်ရောင်းချကြသည်။

ငရုတ်ဆီထဲမှ ဆိုးဆေးအတုတွေ

ဟိုတယ်၊ ခေါက်ဆွဲဆိုင်များနှင့် မီးဖိုချောင်များတွင် အသုံးများသော ငရုတ်ဆီမှာ စားချင်စဖွယ်ဖြစ်အောင် အရောင်မှာ နီရဲနေသည်။ အမှန်စင်စစ် ငရုတ်ဆီအစစ်ဖြစ်လာဖို့ရန်မှာ အစားအစာဆိုးဆေးများ ထည့်သွင်းဆိုးထားရသည်။ အစားအစာဆိုးဆေးမှာ ပြင်ပတွင် ပြင်ပတွင်ရဖို့ မလွယ်သည့်အပြင် ရသည့်တိုင်အောင်လည်း စျေးကြီးလွန်း၍ ပုဂ္ဂလိက လုပ်ငန်းရှင်များသည် လှပသောအရောင် ရနိုင်အောင် ချည်မျှင်နှင့်အထည်လိပ်ဆိုးသော ဆိုးဆေးများကိုသာ ထည့်သွင်းအသုံးပြုကြတော့သည်။

အထည်အလိပ်ဆိုးဆေးမှာ လူတို့စား၍ ရသော ဆိုးဆေးမဟုတ်။ ထိုဆေးဖြင့်စပ်ထားသော ငရုတ်ဆီကို စားမိကြသူများသည် လတ်တလောတွင် မည်သို့မျှ မဟုတ်သေးသော်လည်း ကြာလာပြီး အစားများလာသည့်အခါ အသည်းကင်ဆာဖြစ်နိုင်သည်ဟု ဆေးပညာရှင်များက အတိအလင်းသတိပေးထားသည်။ အထည်အလိပ်ဆိုးဆေးထည့်သုံးသော ငရုတ်ဆီ၏ အနံ့မှာ တမျိုးဖြစ်နေ၍ ငရုတ်ဆီအတုမှန်းသိသာနိုင်သည်။ စားသုံးသူတို့သည် အန္တရာယ်ကို တကယ်မသိသူများရှိသလို သိလျက်နှင့် စားကောင်း၍ဆက်စားနေသူများလည်း ရှိသည်။

အမှန်စင်စစ်ဆိုသော် အကြော်အလှော်များနှင့် ငရုတ်ဆီကိုတွဲဖက်ပြီး စားနေကြသူများမှာ အအီပြေရန်နှင့် ချဉ်စပ်အရသာခံနိုင်ရန်အတွက် စားခြင်းသာဖြစ်၏။ ငရုတ်ဆီအစား သံပုရာသီး သို့မဟုတ် ရှောက်သီးအရည်၊ ငရုတ်စိမ်းနှင့် ကြက်သွန်များရောစပ်ထားသော အချဉ်ကို စားလျှင်လည်း အဆိုပါအရသာနှစ်မျိုး ရနိုင်သည်သာမက ဗီတာမင်စီပါသော သံပုရာရည်၊ ရှောက်ရည်များကို စားရသဖြင့် လိုအပ်သော ဗီတာမင်လည်း ရသည်။ အန္တရာယ်လည်း ကင်းရှင်းပေမည်။

ဆက်လက်ဖော်ပြပါမည်။
တက္ကသိုလ်ခင်မောင်ဇော်
(၁၉၇၉ ခုနှစ်ထုတ်- အန္တရာယ်ပြွမ်းသည့် လူသားဝန်းကျင်..စာအုပ်မှ)

#Greenness

About The Author

greenness_mm

No Comments

Leave a Reply