စိတ်အပန်းဖြေ ခရီးထွက်ရင်း ဇီဝမျိုးကွဲ ထိန်းသိမ်းရေး မှာ ပါဝင်ကူညီလို့ ရတယ်
အမေရိကားနိုင်ငံ အနှံ့မှာ နွေဦးပေါက်ချိန်ဆို Outdoor Recreation အပြင်ထွက်ရတာ နှစ်သက်တဲ့သူတွေက လွင်ပြင် တွေ တော တွေ တောင်တွေ မြင်ကွင်းကောင်းတဲ့ နေရာတွေ လမ်းလျှောက်ထွက်ရင်း ကောင်းကင်မှာ ဖြတ်သန်းပျံလွှားတဲ့ ငှက်တွေ စောင့်ကြည့်ခြင်းဖြင့် စိတ်အပန်းဖြေစရာ ရှာကြတဲ့ အလေ့အထ ရှိပါတယ်
Autumn ဆောင်းရာသီဝင်စအချိန်မှာ ရာသီဥတုအေးတဲ့ မြောက်ဝင်ရိုးစွန်း နဲ့ နီးတဲ့ ကနေဒါနိုင်ငံဘက်က ငှက်တွေက ရာသီဥတုသက်သာတဲ့ အမေရိကန်ပြည်ထောင်စုတောင်ပိုင်း မက္ကဆီကို နှင့် အမေရိကအလယ်ပိုင်း ဒေသ တွေမှာ လာရောက် ဆောင်းခိုလေ့ ရှိကြတယ် (မြန်မာနိုင်ငံ မှာဆို ရုရှား အစရှိတဲ့ ဒေသက ငှက်တွေ လာရောက်ဆောင်းခိုတယ်)
Spring နွေဦးပေါက်ပြီဆို ဌာနေ ကို ပြန်ကြတယ် နွေဦး နဲ့ ဆောင်းဦး အချိန်က ဆောင်းခိုငှက်မျိုးစိတ်တွေ အများအပြား မြင်တွေ့နိုင်တဲ့အချိန် ဖြစ်တယ်
ဆောင်းဦးအချိန်က ရာသီဥတု အေးလာတဲ့အတွက် အပြင်ထွက်တာလျှော့ပြီး အိမ်ထဲ စပြီး နေရတဲ့အချိန် ရွက်ကြွေတောတွေ အရောင်ပြောင်း ရွက်ကြွေစပြုတဲ့အချိန် Hibernate ဆောင်းရာသီအိပ်တန်းတက်မယ့် တိရစ္ဆာန် တွေ နားစပြုကြတဲ့အချိန် Daylight နေ့အလင်းရောင် နည်းလာတဲ့အချိန် ဖြစ်နေတော့ ဆောင်းဦးရာသီ ထက် နွေဦးရာသီ မှာ အပြင်ထွက်ရတာကို လူအများစုက ပိုမို နှစ်သက်ကြတယ်။
နွေဦးရာသီဆိုတာ ရွက်သစ်ထွက်တဲ့အချိန် ငှက်လေးတွေရဲ့ မိတ်လိုက်ရာသီ ဖြစ်နေတော့ တေးသီသံ အစုံ ကြားနိုင်တဲ့အချိန် ရာသီဥတု တစ်နေ့တခြား သာယာနေတဲ့အချိန် ဆိုတော့ လူတွေကို စိတ်ရွှင်လန်းစေတယ် ဆောင်းတွင်း အပြင်မထွက်ဘဲ အကြာကြီးနေထားရတော့ အပြင်ထွက် စိတ်အပန်းဖြေချင်စိတ် ပိုဖြစ်ကြတယ် နွေဦးရာသီ မှာ ငှက်ကြည့်ရတာတွေ လူအများစုက ပိုနှစ်သက်ကြတယ် ။
နွေဦးရာသီ ဆိုရင် အမျိုးသားဥယျာဥ် လို နေရာမျိုးတွေမှာ လူစုလူဝေး နဲ့ လမ်းလျှောက်ထွက်ကြတယ် ကောင်းကင်မှာ ပျံသန်းသွားတဲ့ ငှက်အမျိုးအစား ဘယ်နှမျိုး တွေ့ရတယ် အရေအတွက် အကြိမ်ရေ ဘယ်လောက်များများ တွေ့ရတယ် လေ့လာကြတယ်။
ငှက်ပညာရှင် ဖြစ်စရာ မလိုဘူး ဝါသနာပါတဲ့လူတိုင်း ပါဝင်နိုင်တယ် ငှက်ပညာရှင်တွေက နှစ်စဥ် တွေ့ရတဲ့ ငှက်မျိုးစိတ်တွေကို မှတ်တမ်းတင်ကြတယ်။
စဥ်းစားဖူးတယ် ဒါက စိတ်ပျော်စရာ ရှာကြတာ သက်သက်ပဲ အပန်းဖြေလုပ်ငန်း သက်သက်ပဲ ငှက် ဘယ်နှမျိုး တွေ့သလဲ ထိုင်ကြည့်နေရုံနဲ့ ငှက်မျိုးကွဲ ထိန်းသိမ်းရေး ကို ဘယ်လိုများ အထောက်အကူ ဖြစ်မှာလဲ။ ပရော်ဖက်ဆာ ကို မေးကြည့်ဖူးတော့ ရှင်းပြတယ်။
ဒီအစီအစဥ် ရဲ့ အကျိုးရှိမှု ကို လျှော့တွက်လို့ မရဘူး။ လိုက်ပါသူတွေအတွက် က အပန်းဖြေခရီး သက်သက်ပဲ။
တစ်ဖွဲ့ တစ်ဖွဲ့ က တစ်ခါထွက်ရင် နွေဦးအချိန် မှာ ငှက်မျိုးစိတ် အများဆုံး မြင်ရမယ် လို့ ယူဆတဲ့အချိန် ၁ရက် ၂ရက် ပဲ ထွက်တယ်။ မျက်စိ နဲ့ ထိုင်ကြည့်တယ် မှန်ဘီလူး နဲ့ ကြည့်မယ်။ တေးသီသံ နားထောင်မယ်။ လိုက်ပါတဲ့သူတွေအတွက် ကုန်ကျစရိတ် မရှိတဲ့ ပေါ့ပေါ့ပါးပါး ခရီးတိုလေး။
နှစ်စဥ် မှတ်တမ်းတွေကနေ ဘာတွေသိရသလဲ ဆို အမြဲတမ်း မြင်တွေ့နေကျ ငှက်မျိုးစိတ်တွေ အကောင်ရေ နည်းလာတယ်။ မြင်တွေ့ရတဲ့ အကြိမ်ရေ နည်းလာတယ်။ မတွေ့ရတာတွေ ရှိလာတယ် ဆိုရင် စောစော သိနိုင်တယ်။ “အချိန်မှီချုပ် အစုပ်သက်သာ” ရှားပါးသွားတဲ့ အဆင့်မရောက်ခင် ပြသနာအရင်းအမြစ် ရှာပြီး လိုအပ်တဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေကို ကုန်ကျစရိတ်နည်းပါးစွာ နဲ့ စောစောစီးစီး ဆောင်ရွက်နိုင်တယ်။
မျိုးသုဥ်းလုနီးပါး အဆင့် ရောက်မှ ထိန်းသိမ်းဖို့ စီစဥ်ရင် အစစအရာရာ ကုန်ကျစရိတ် သိပ်ကြီးသွားတယ်။ အမေရိကား မှာ နဂိုကတည်းက အရမ်း ရှားပါးတဲ့ Whooping Crane ငှက်ကို အကောင်၂၀ လောက် ကျန်တော့မှ ထိန်းသိမ်းရေး project တွေ အပူတပြင်း ဆောင်ရွက်ကြတယ်။ နှစ်ပေါင်း များစွာ ကြိုးစားလာတာ အခုထိ ရာဂဏန်းပဲ တိုးပွားလာမှု ရှိတယ်။ Whooping Crane တစ်ကောင် ရဲ့ ထိန်းသိမ်းရေးစရိတ်က အမေရိကန်ဒေါ်လာ တစ်သိန်း မြန်မာငွေ သိန်းတစ်ထောင်ကျော် ရှိတယ် ဆိုတယ်။
ပညာရှင် မဟုတ်တဲ့ သူတွေရဲ့ အင်အား ကို သုံးလို့ရတယ်။ ကုန်ကျစရိတ်မရှိဘူး ပါဝင်တဲ့သူတွေအတွက်လည်း Outdoor အပြင်ထွက်ရခြင်း ကျန်းမာစေတဲ့ လေကောင်းလေသန့် ရှူခွင့်ရခြင်း စိတ်အပန်းပြေစေခြင်း စတဲ့ ကောင်းကျိုးတွေ ရစေတယ်။ ဇီဝမျိုးကွဲ ထိန်းသိမ်းရေး လုပ်ငန်း ကိုလည်း ကြီးမားစွာ အထောက်အကူ ပြုနိုင်တယ်။
မြန်မာနိုင်ငံ မှာလည်း အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းအချို့ အလားတူ Activity လေးတွေ ဆောင်ရွက်ကြတာ ကြားဖူးပါတယ်။ ရန်ကုန်တိုင်း ဆို မိုးယွန်းကြီးအိုင် လှေကားဥယျာဥ် တို့ မှာ သွားကြည့်ကြတယ်။ဒီထက် လူတွေ ပိုစိတ်ဝင်စားလာအောင် ဝါသနာတစ်ရပ် အဖြစ် ဆောင်ရွက်လိုတဲ့ သူတွေ များပြားလာအောင် ကြိုးစားသင့်တယ်။ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာဖို့ကောင်းတဲ့ Ecotourism သဘာဝခရီးသွားလုပ်ငန်း တစ်ခု လို့ မြင်ပါတယ်။
လင်းလွန်းသူ
》》》ဓါတ်ပုံ က မြန်မာနိုင်ငံ ရဲ့ ဌာနေငှက်တွေအကြောင်း ဓါတ်ပုံတွေနဲ့အတူ ဖော်ပြထားတဲ့ စာအုပ်လေးရယ် Pre Order တွေအတွက် T Shirt လက်ဆောင်လေးရယ်ပါ။ ဌာနငှက် တွေ Native Species တွေ အကြောင်း လေ့လာချင်နေတာ။ ဒီစာအုပ်လေးရတော့ အတော်ဖြစ်သွားတယ်။ ဓါတ်ပုံလေးတွေကလည်း Quality ကောင်းတယ်။ အပြင်မှာ မမြင်ဖူးတဲ့ငှက်တွေ အများကြီး ရှိသလို အဝေးကပဲ လှမ်းမြင်ဖူးတဲ့ ငှက်အမျိုးအစား တွေလည်း အများကြီးပါ။ ဒီ ဌာနေငှက်လေးတွေကို ဓါတ်ပုံ Quality ကောင်းကောင်းလေးနဲ့ ကြည့်ရတာတင်ပဲ စိတ်ချမ်းသာစရာ ကောင်းပါတယ်။
No Comments