စီမံကိန်းလုပ်ခွင့်ရရုံ ဟန်ပြလုပ်ထားသည့် EIA/SIAများ သတိထား

စီမံကိန်းလုပ်ခွင့်ရရုံ ဟန်ပြလုပ်ထားသည့် EIA/SIAများ သတိထား

ဒီအကြောင်းရေးဖို့ တေးထားတော့ ကြာပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်ခဲ့။ အခုတော့ မရေးမဖြစ်လို့ ရေးရပါတော့မည်။ မရေးခင်တော့ ကျွန်တော် ဒီဆောင်းပါးကို ရေးတာဟာ မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမှ ထိခိုက်စေရန် မရည်ရွယ်ကြောင်း၊ တိုင်းပြည်နှင့် လူမျိုးကောင်းဖို့အတွက်ကိုသာ ရည်ရွယ် ကြောင်း ပြောကြားလိုပါသည်။

တိုင်းပြည်တစ်ပြည် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်တောလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်း၊ မြို့ပြတည်ဆောက်ရေးလုပ်ငန်း၊ လမ်းပန်းဆက်သွယ် ရေးလုပ်ငန်း စသဖြင့် လုပ်ငန်းအမျိုးမျိုးကို လုပ်ဆောင်ကြရသည်။ ထိုကဲ့သို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်ရာတွင် သဘာဝအရင်းအမြစ်များကို ထုတ်ယူသုံးစွဲခြင်း၊ ဖယ်ရှားရှင်းလင်းတို့ကို ပြုလုပ်ကြ ရသဖြင့် သဘာဝအရင်းမြစ်များပျက်စီး ပျောက်ကွယ်ပြီး သဘာဝပတ်ဝန်းကျင်အနေအထားများ ပျက်စီးခဲ့ကြရ သည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုလုပ်ဆောင်တိုင်း သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများဖြစ်ပေါ်နေသဖြင့် ဖွံ့ဖြိုး တိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်တို့သည် ၀ိရောဓိအသွင် ဆောင်နေခဲ့ပါသည်။

ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေလုပ်တိုင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဖြစ်ပေါ်မှာကို စိုးရိမ်ပြီး လိုက် ကန့်ကွက်နေကြရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို မလုပ်ရတော့ဘူးလား။ ထိုသို့လည်း မဟုတ်ပေ။ ဖွံ့ဖြိုး တိုးတက်ရေး ဆိုသည်မှာ တိုင်းပြည်တိုင်း မဖြစ်မနေလုပ်ဆောင်ရမည့် တာဝန်တစ်ရပ်ဖြစ်သောကြောင့် ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ကြရမည်သာဖြစ်သည်။ သို့သော်လည်း လုပ်ဆောင်မည့် ဖွံ့ဖြိုးတိုးတက်ရေးက တိုင်းပြည်နှင့် လူမျိုးအတွက် ထိခိုက်ပျက်စီးမှုနည်းပြီး အကျိုးရလဒ်များဖို့လိုသလို လက်ရှိတင်မက နောင် လာမည့်မျိုးဆက်များအတွက်ပါ ဆက်လက်ခံစားရရှိစေနိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဖြစ်ရန်လိုအပ်ပါသည်။ ထို့ကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာတွင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ထိန်းညှိဆောင်ရွက်ကြရမည်ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ထိန်းညှိပေးရန်အတွက် စီမံကိန်း တိုင်းတွင် ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုအစီအစဉ်(Environmental Management Plan-EMP)ပါဝင်ရေး အတွက် ဆောင်ရွက်လာကြသည်။ တစ်ဆက်တည်းမှာပင် ထိုလုပ်ငန်းစဉ်ကို အထောက်အကူပြုစေသော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက်(EIA)နှင့် လူမှုဘဝထိခိုက်မှုဆန်းစစ်ချက်(SIA) လုပ်ငန်းစဉ်များ ကလည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အရေးပါလာကြသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များ၊ အဖွဲ့အစည်းများက ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ အကောင်အထည်မဖော်မီ စီမံကိန်း အနေ အထားပေါ်မူတည်၍ ကနဦးပတ်ဝန်းကျင်ထိခို်က်မှု (IEE) ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက် (EIA)၊ လူမှုဘဝထိခိုက်မှုဆန်းစစ်ချက် (SIA)တို့ကို မဖြစ်မနေလုပ်ဆောင်ရန် တိုက်တွန်းလာကြသလို ပြည်သူများက လည်း ထိုဆန်းစစ်ချက်မလုပ်ဆောင်သော လုပ်ငန်းတိုင်းကို အပြင်းအထန်ကန့်ကွက်လာကြသည်။ ထို့ကြောင့် လည်း မြန်မာပြည်မှာ စီမံကိန်းများဆောင်ရွက်ရာတွင် EIA,SIA လုပ်ငန်းများက အထူးပင်ရေပန်းစားလာခဲ့ပါ တော့သည်။

စီမံကိန်းများလုပ်ဆောင်သူများကလည်း EIA,SIA လုပ်ငန်းများကို မလွှဲမရှောင်သာ လုပ်ဆောင်ရတော့ မည်ဖြစ်သောကြောင့် EIA,SIA လုပ်ငန်းလုပ်ကိုင်သည့် အဖွဲ့အစည်းများလည်း အလျှိုလျှိုပေါ်ထွက်လာပါတော့ သည်။ မြန်မာပြည်တွင် စီမံကိန်းအကောင်အထည်ဖော်မည့်ကုမ္ပဏီက EIA,SIA လုပ်ဆောင်မည့် အဖွဲ့အစည်း များကို ငှားရမ်းရပြီး ထိုအဖွဲ့အစည်းကလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေတွင်ပါရှိသော လုပ်ငန်းစဉ် အတိုင်းပြုလုပ်ကာ လေ့လာတွေ့ရှိချက်အပေါ်မူတည်၍ ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရပါသည်။ မြန်မာပြည်တွင် ဆောင်ရွက်ပြီးသွားသည့် စီမံကိန်းများနှင့် ဆောင်ရွက်ဆဲစီမံကိန်းများ တွင် EIA,SIA လေ့လာဆန်းစစ်ချက်များ ပါဝင်သည်ဟုဆိုသော်လည်း ထိုလေ့လာဆန်းစစ်ချက်များသည် စီမံကိန်းလည်ပတ်ခွင့်ရရေးအတွက် ဟန်ပြလုပ်ဆောင်ခြင်းဖြစ်ပြီး လေ့လာဆန်းစစ်တွေ့ရှိချက်များကိုလည်း ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိကြောင်း ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ ၏ ဝေဖန်ကန့်ကွက်သံများကို မကြာခဏကြားနေရပါသည်။ ထိုဝေဖန်ချက်များသည် အမှန်အကန်ဖြစ်ပါက မြန်မာပြည်နှင့် ပြည်သူလူထုအတွက် အင်မတန်အန္တရာယ်ကြီးမားလှသည်ကို အစိုးရတာဝန်ရှိသူများ သတိပြု ကြရန်လိုပါသည်။

ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ဆောင်ရွက်ရာတွင် စီမံကိန်းအကြီးအသေးပေါ်မူတည်ပြီး စီမံကိန်းမ စတင်မီ အစီရင်ခံစာ(Report) အဆင့်ဆင့်ကို ရေးဆွဲကြရသည်။ ထိုအစီရင်ခံစာများအဆင့်ဆင့်ရေးဆွဲရာတွင် နှစ်နှစ်၊ သုံးနှစ်မှအစပြု၍ ဆယ်စုနှစ် နှစ်ခု သုံးခုလောက်ထိ အချိန်ကြာတတ်ပါသည်။ (မြစ်ဆုံရေကာတာ စီမံကိန်းအတွက် EIA, SIA ဆန်းစစ်ချက်များကို အချိန်ရှစ်လခန့်သာယူ၍ လုပ်ဆောင်ခဲ့ကြောင်း ပညာရှင် များက ဝေဖန်ခဲ့ကြသည်။) အစီရင်ခံစာများကို ရေးဆွဲရာတွင် နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များ ဖြစ်သည့် မြေပြင်အနေအထား၊ မိုးလေဝသအချက်အလက်၊ တည်ဆောက်ရေးဆိုင်ရာပညာရပ်ပိုင်း အချက် အလက်များနှင့် စီပွားရေးဆိုင်ရာအချက်အလက်များဖြစ်သည့် စီမံကိန်းဆောင်ရွက်ခြင်းကြောင့် ရရှိလာမည့် အရှုံးအမြတ်၊ စီးပွားရေးတွက်ခြေကိုက်မှုရှိမရှိ၊ မမြင်နိုင်သော/ ငွေကြေးဖြင့်တွက်၍မရသော အရှုံး အမြတ်၊ စီမံကိန်းနှင့် ဆက်သွယ်နေသော လူမှုဘဝစီးပွားရေး အရှုံးအမြတ် စသည်တို့ကို လေ့လာဆန်းစစ်ပြီး ထည့်သွင်း ရေးဆွဲကြရသည်။ စီမံကိန်းဆိုင်ရာ အစီရင်ခံစာ အဆင့်ဆင့်တိုင်းတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက်(EIA)ကတော့ မဖြစ်မနေပါဝင် ရပါသည်။

သည်နေရာ တွင် EIA,SIA နှင့်ပတ်သက်ပြီး ဆောင်ရွက်ရသည့်လုပ်ငန်း အကျဉ်းချုပ်ကို ပြောလိုပါ သည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ချက်(EIA)ဆိုသည်မှာ စီမံကိန်းလုပ်ငန်းမစတင်မီ စီမံကိန်းဧရိယာ နှင့် ၄င်းနှင့်ဆက်စပ်နေသည့်ဧရိယာများတွင် မိုးလေဝသအခြေအနေ၊ မြေပြင်အခြေအနေ၊ ရေ၊ လေ၊ အသံ အခြေအနေ၊ ဇီဝမျိုးစုံမျိုးကွဲများအခြေအနေ၊ ယဉ်ကျေးမှုအမွေအနှစ်အခြေအနေတို့ကို လေ့လာဆန်းစစ်ရသည့် လုပ်ငန်းဖြစ်သည်။ လူမှုဘဝဆိုင်ရာဆန်းစစ်ချက်(SIA) ဆိုသည်မှာ စီမံကိန်းဧရိယာတွင်နေထိုင်သော လူများ အပေါ် စီမံကိန်းကြောင့် ထိခိုက်လာနိုင်သောအခြေအနေများကို လေ့လာဆန်းစစ်ရသည့် လုပ်ငန်းဖြစ်သည်။ ထိုလုပ်ငန်းများထဲတွင် စီမံကိန်းဆောင်ရွက်ရာ၌ ပျက်စီးနိုင်သည့် သဘာဝပတ်ဝန်းကျင်အတွက် ထိခိုက်မှု သက်သာအောင်၊ ထိခိုက်မှုမရှိအောင် မည်ကဲ့သို့ဆောင်ရွက်ရမည်ဟူသော အစီအမံများနှင့် ဒေသခံပြည်သူများ ၏ စီးပွားရေး၊ ပညာရေး။ လူမှုရေး၊ ကျန်းမာရေး ပြောင်းလဲမှုများရှိလာပါက မည်ကဲ့သို့ဆောင်ရွက်ပေးမည် ဟူသော အစီအမံများ ထည့်သွင်းရေးဆွဲရပါသည်။ ထိုကဲ့သို့ အစီရင်ခံစာအဆင့်ဆင့်ကို ပညာရှင်အဖွဲ့များက ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံဖြင့် ပြည်စုံစွာ အချိန်ယူဆောင်ရွက်ပြီးမှသာ စီမံကိန်းကို စတင်ဆောင်ရွက်ရ ပါသည်။

စီမံကိန်းများကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း တည်ဆောက်ရေးအင်ဂျင်နီယာ၊ ကျွမ်းကျင်အဖွဲ့များနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်အဖွဲ့ပါ ပါလာရသည်။ ထိုသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်အဖွဲ့က စီမံကိန်းဆောင်ရွက်စဉ်ကာလအတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မြေ၊ ရေ၊ လေ၊ သတ္တဝါများ တတ်နိုင်သလောက်မပျက်စီးရန် ထိန်းကျောင်းပေးရသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစီရင်ခံစာပါ အချက်အလက်၊ လမ်းညွှန်ချက်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေမှ သတ်မှတ်ချက် များကို လိုက်နာဆောင်ရွက်ရန် ထိန်းကျောင်းပေးရသည်။ စီမံကိန်းဆောင်ရွက်သူများသည် သက်ဆိုင်ဥပဒေ များကို ချိုးဖောက်ပါက အရေးယူဆောင်ရွက်ရပါသည်။ အရေးယူဆောင်ရွက်ရာတွင် စီမံကိန်းကို ရပ်ဆိုင်း ပစ်ခံရခြင်း၊ လျော်ကြေးပေးရခြင်း၊ နာမည်ပျက်စာရင်းသွင်းခံရခြင်းတို့ကို ပြုလုပ်ခံရသောကြောင့် နိုင်ငံတကာ တွင် စီမံကိန်းဆောင်ရွက်ကြသည့်ကုမ္ပဏီအများစုသည် EIA,SIAလုပ်ငန်းများကို စနစ်တကျလုပ်ဆောင်ကြပြီး တိတိကျကျလည်း လိုက်နာဆောင်ရွက်ခဲ့ကြသည်။

စီပွားရေးလုပ်ငန်းရှင်ကြီးများသည် စီမံကိန်းတစ်ခုဆောင်ရွက်ရာတွင် EIA,SIAလုပ်ငန်းများပြုလုပ်ရန် အတွက် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများကို ငွေကြေးအကုန်ကျခံ၍ ငှားရမ်းရသည်။ ထိုသို့ငှားရမ်းရာတွင် နိုင်ငံတကာက အသိအမှတ်ပြုသောအဖွဲ့ဖြစ်ရပါသည်။ ငှားရမ်းခံရသည့်အဖွဲ့ကလည်း မိမိပညာရပ်ဆိုင်ရာ ကျင့်ဝတ်များနှင့်အညီ တွေ့ရှိချက်များကို ဘက်မလိုက်ဘဲ အမှန်အတိုင်း တင်ပြရသည်။ ထို့အပြင် လေ့လာ တွေ့ရှိထားသည့် EIA,SIA ဆန်းစစ်ချက်များကိုလည်း ပြည်သူလူထုနှင့် မူဝါဒရေဒဆွဲသူများထံ ပွင့်လင်းမြင်သာ စွာ တင်ပြရန်လိုပါသည်။ စီမံကိန်းလုပ်ခွင့်ရရန် ဆောင်ရွက်ထားသော၊ ပြည်သူကို ပွင့်လင်းမြင်သာစွာ ချမပြသော EIA,SIA များမဖြစ်ရန် အထူးအရေးကြီးပါသည်။

မြန်မာပြည်တွင် ယခင်ကာလများက စီမံကိန်းများဆောင်ရွက်ရာတွင် EIA,SIA ဆန်းစစ်ချက်များ လုပ်မလုပ်မသိရသော်လည်း ယခုကာလတွင် စီမံကိန်းများဆောင်ရွက်ရာတွင် EIA,SIA မဖြစ်မနေလုပ်ဆောင် ရန် တိုက်တွန်းတောင်းဆိုလာကြသောကြောင့် ကုမ္ပဏီများက EIA,SIAကို လုပ်ဆောင်လာကြပါသည်။ သို့သော်လည်း EIA,SIA ဆန်းစစ်ချက်များကို ပြည်းတွင်းအဖွဲ့အစည်းများဖြင့်သာ လအနည်းငယအတွင်း အဖြစ် သဘောလုပ်ဆောင်မှုက များနေကြောင်း သတင်းများအရ သိရပါသည်။ ပြီးခဲ့သည့်လပိုင်းက သံလွင်မြစ် ပေါ်တွင် တည်ဆောက်မည့်မိုင်းတုံရေးအားလျှပ်စစ်စီမံကိန်းအတွက် ကုမ္ပဏီကပြုလုပ်သော EIA/SIA စစ်တမ်း များသည် အပေါ်ယံဟန်ပြသာ ဖြစ်နေပြီး ထိုEIA,SIAရလဒ်ဖြင့် ရေကာတာတည်ဆောက်ရေးကို အမြန် အကောင်အထည်ဖော်မည်ကို စိုးရိမ်သဖြင့် ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ကြသေးသည်။ ထို့အပြင် ပတ်ဝန်း ကျင်ထိခိုက်မှုနှင့် ကနဦးပတ်ဝန်း ကျင်လေ့လာဆန်းစစ်ခြင်းများကို ဥပဒေအရ ပြုလုပ်သော်လည်း ၎င်းတို့၏ အစီရင်ခံစာများကို အများပြည်သူထံ ချပြခြင်းမရှိကြောင်း မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက် အကူပြုဌာန (MCRB)က သတင်းထုတ်ပြန်ခဲ့သေးသည်။

ထိုကဲ့သို့ဖြစ်ရပ်များ များပြားလာပါက တိုင်းပြည်နှင့် လူမျိုးအတွက် များစွာထိခိုက်လာနိုင်ပါသည်။ တကယ်တမ်းတွင် မြန်မာပြည်သည် ဖွံ့ဖြိုးတိုးတက်မှုကို ဆာလောင်နေသော တိုင်းပြည်တစ်ခု ဖြစ်သောကြောင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို မဖြစ်မနေဆောင်ရွက်ရပါမည်ဖြစ်သည်။ ထိုသို့ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ဆောင်ရွက်ရာတွင် တိုင်ပြည်နှင့်လူမျိုးအတွက် အမှန်တကယ်အကျိုးအမြတ်ရှိစေသော၊ သဘာဝပတ်ဝန်းကျင် နှင့် လူမှုဘဝထိခိုက်မှု သက်သာစေသော စီမံကိန်းများဖြစ်ရန် အစိုးရအနေဖြင့် စည်းမျဉ်းစည်းကမ်းဥပဒေများ ဖြင့် စနစ်တကျ ထိန်းချုပ်ဆောင်ရွက်သွားရန်လိုပါသည်။ ထိုသို့ဆောင်ရွက်ရရာတွင် စီမံကိန်းလုပ်ခွင့်ရရုံ ဟန်ပြ လုပ်ထားသော EIA/SIA ဆန်းစစ်ချက်များကို အထူးသတိထားပြီး တိုင်းပြည်နှင့်လူမျိုး ရေရှည်ဖွံ့ဖြိုး တိုးတက် ရေးကို စေတနာအမှန်ဖြင့် ဦးတည်ဆောင်ရွက်သင့်ပေသည်။ ။

ရွှေလက်
7Day Daily(9.12.2016)

About The Author

greenness_mm

No Comments

Leave a Reply