ဆည်းဆာပေါင်းများစွာကို မြင်တွေ့ခွင့်ရကြပါစေ

ဆည်းဆာပေါင်းများစွာကို မြင်တွေ့ခွင့်ရကြပါစေ

ခုကာလကြီးသည် ဆည်းဆာချိန်အကုန်မြန်သောကာလကြီးဖြစ်သည်။ နှလုံးနွမ်းနယ်မူဖြင့် အိပ်ယာသို့ဝင်ကြရသည်။ နှလုံးနွမ်းနေသော်လည်း ထိုလှပသော ဆည်းဆာများရှိသောကြောင့်သာ ဘဝတွင် ဖြေဆည်ရာရကြပေသည်ဟုလည်း အောက်မေ့ရလေသည်။ ထို့ကြောင့် သဘာဝတရားကြီးကို ကျေးဇူးစကားဆိုပါသည်။
တကယ်စဥ်းစားကြည့်ပြန်တော့လည်း လူတိုင်းသည်ဆည်းဆာကိုမြင်ခွင့်ရကြသည်မဟုတ်။ ဆည်းဆာကို ဘယ်လိုမှမမြင်နိုင်သူတွေရှိသလို မြင်သော်လည်း မခံစားနိုင်အားကြသူတွေရှိလေသည်။ ဆည်းဆာကိုမြင်ရတာခြင်းတူလျင်တောင် လှပသောဆည်းဆာကို မြင်ခွင့်ရသူတို့မှာ ပိုမိုကံကောင်းကြမည်ဟု ဆိုချင်ပါသည်။
လှပသော ညနေဆည်းဆာကို မြင်ခွင့်၊ ခံစားခွင့်ရဖို့ ဆိုသည်က ဆည်းဆာရှုခင်းတစ်ခုတည်းနှင့် ပြည့်စုံသည်မဟုတ်။ ဆည်းဆာ၏ ရာသီဥတုကလည်း ကောင်းဖို့၊ သာယာဖို့လိုပါသည်။ ယခုလိုဆောင်းရာသီတွင်တော့ ရာသီဥတုက အေးမြသာယာသည်။ ဆည်းဆာကလှပသည်။ ထိုလှပသောဆည်းဆာ၊ သာယာသော ရာသီဥတို့ကို ခဏမျှခံစားရင်း ပူလောင်နေသော နှလုံးသားကို ချွေးသိပ်ရပါသည်။
ညနေဆည်းဆာလှပဖို့ အရာများစွာလိုအပ်ပါသည်။ စိမ်းလန်းသောတောင်ကုန်းလေးတစ်ခုလိုအပ်ပါသည်။ ကြည်လင်စွာစီးဆင်းနေသော မြစ်တစ်စင်းလိုအပ်ပါသည်။ စိမ်းလန်းသောကွင်းပြင်တစ်ခုလည်းလိုအပ်ပါသည်။ အုပ်ဆိုင်းနေသော သစ်ပင်ကြီးတွေလည်း လိုအပ်ပါသေးသည်။ ဆည်းဆာအလှသည် တန်ဖိုးကြီးပေစွ။
ကျနော်တို့ ညနေဆည်းဆာတွေလှပဖို့ မြစ်တွေ၊ ချောင်းတွေကို ဂရုစိုက်ကြရမည်။ တောင်တန်းတွေကို ချစ်မြတ်နိုးကြရမည်။ သစ်ပင်တွေကိုစောင့်ရှောက်ကြရမည်။ ညနေဆည်းဆာအလှကို ခံစားဖို့ အေးမြလတ်ဆတ်သည့် လေလိုပါသည်။
ကျွန်တော်တို့ နိုင်ငံကလူတွေ ပုဂံကိုရောက်လျင် ပုဂံ၏ ညနေဆည်းဆာကို ကြည့်ရှုခံစားတတ်ကြသည်။ သမိုင်းတွင် နေဝင်သွားခဲ့ပြီဖြစ်သော ပုဂံနိုင်ငံတော်ကို နေဝင်ဆည်းဆာမှာ တွေ့မြင်ရသည်က ခံစားမှုတစ်စုံတစ်ရာဖြစ်ပေါ်စေပါသည်။
ကျွန်တော် ညနေဆည်းဆာကိုကြည့်နေသည်။ ပုဂံညနေဆည်းဆာမဟုတ်ပါ။ ကိုယ့်မြို့ကိုယ့်ရွာက ညနေဆည်းဆာကိုဖြစ်ပါသည်။ ကျနော့်စိတ်ထဲတွင် ပုဂံညနေဆည်းဆာကြည့်ဖူးခဲ့စဥ်က ခံစားမှုမျိုးရုတ်တရက်ဝင်လာသည်။ ကျနော်တို့ သဘာဝပတ်ဝန်းကျင်သည်လည်း တနေ့ လူတွေရဲ့လက်ချက်နဲ့ ပျက်သုန်းတော့မှာလား။ ဒီလိုဆည်းဆာတွေ နောက်မြင်ရဦးမလား။ ကျွန်တော်တို့နောက်မျိုးဆက်တွေရော ဆည်းဆာလှလှကို ဓာတ်ပုံထဲမှာပဲ မြင်ဖူးတဲ့ မျိုးဆက်ဖြစ်နေမလား။
ကျနော်ကတော့ လှပသောဆည်းဆာကို ခုလူတွေရော၊ နောက်လူတွေရော မြင်စေချင်ခံစားစေချင်သည်။ ဆည်းဆာတွေလှဖို့………။ ကျွန်တော်တို့သည် သဘာဝကိုချစ်မြတ်နိုးရုံမျှနှင့်မရ။ ထိန်းသိမ်းတတ်ဖို့လိုပါသည်။ ဆည်းဆာပေါင်းများစွာကို လူပေါင်းများစွာ၊ မျိုးဆက်များစွာ တွေ့မြင်ခံစားနိုင်ကြပါစေလို့ ဆုတောင်းမိပါသည်။
ဆန်းလေး

About The Author

greenness_mm

No Comments

Leave a Reply