ဆောင်းကိုမြင်ရ ထူးလေစွ

ဆောင်းကိုမြင်ရ ထူးလေစွ

ဆောင်းရာသီပီပီပြင်ပြင်ဖြစ်လို့မှ ရက်ပိုင်းပဲရှိသေးတယ်၊ မိကျောင်းဆိုတဲ့ မုန်တိုင်းကြောင့် ဆောင်းရာသီဥတုဟာ ပျက်ပြားသွားရပြန်ပကောလို့ လှမ်းထားတဲ့စပါးတွေကို အမြန်သိမ်းနေကြတဲ့ တောင်သူတွေကို ကြည့်ပြီးတွေးမိပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း မုန်တိုင်းကြောင့် မိုးတွေကျလာလို့ တောင်သူတချို့ စပါးတွေမိုးမိကြပါတယ်။ ဆောင်းရာသီမှာ ရွာတဲ့မိုးမို့ သဲသဲမဲမဲမဟုတ်ပေမယ့် အလုပ်ရှုပ်ကြရပါတယ်။ ရာသီဥတုဖောက်ပြန်တာဆိုတာ ဒါပါလားလို့ လက်တွေ့သိရပါတယ်။

ရာသီဥတုဖောက်ပြန်တာမှာ လူတွေကို ကာယပိုင်းသာအလုပ်ရှုပ်စေတာမဟုတ်ပါဘူး။ စိတ်ခံစားမူတွေကိုပါ ကသောင်းကနင်းဖြစ်စေတာပါ။ ” ရာသီဥတုကြီးကလည်း ဘယ်လိုကြီးမှန်း မသိဘူး။ နေရတာ တမျိုးကြီး” လို့ လူတွေက ဆိုတတ်ကြပါတယ်။ ဒါဟာ ရာသီဥတု ဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုဖြစ်ပါတယ်။

လူတွေဟာ ရာသီဥတုအပေါ်မှာ မူတည်ပြီး စိတ်ခံစားမူတွေ ဖြစ်ပေါ်တတ်ကြပါတယ်။ သူ့ရာသီနှင့်သူ ပူတဲ့အချိန်ပူ၊ အေးတဲ့အချိန်အေး၊ မိုးရွာတဲ့အချိန် မိုးရွာနေရာကနေ ဖောက်ပြားမှုတွေကြုံ ကြရတဲ့အခါ သဘာဝတရားကြီးအပေါ်မှာ ယုံကြည်တဲ့စိတ်ဟာ ပျက်ပြားပြီး နေရတာ စိတ်မသက်မသာဖြစ်ကြတာပါ။ ဒီလိုဖြစ်အောင် ဘယ်သူကလုပ်တာလဲဆိုတော့ လူတွေပါပဲ။

ခုဆောင်းရာသီမှာလည်း ဆောင်းကို ပီပီသသ မြင်ချင်ကြ၊ ခံစားချင်ကြပါတယ်။မြူနှင်းတွေကြားမှာ လမ်းလျှောက်ချင်တယ်။ နှင်းငွေ့ကိုရှုရှိုက်ချင်တယ်။ မြက်ခင်းပေါမှာ တွဲခိုနေတဲ့ နှင်းစက်တွေကို မြင်ချင်တယ်။ ကြည်လင်သာယာတဲ့ ဆောင်းရာသီကောင်းကင်အောက်မှာ နေချင်တယ်။ နှင်းကွဲချိန်မှာ နေဆာလှုံချင်တယ်။

ဒီလိုတွေ သူ့ရာသီရမ်သမ်အတိုင်း သွားနေမယ့် ဆောင်းရာသီမှာ မိုးကအုံံ့ပျက်ပျက်၊ နေရောင်ကမထွက်နဲ့။ အနေခက်ကြရပါတယ်။ ဆောင်းပျောက်နေတဲ့ ဆောင်းရာသီနေ့ရက်မှာ ကဗျာဆရာ အောင်ချိမ့်ရဲ့ ” ဆောင်းဘွဲ့ ၂၀၁၅” ကဗျာ စိတ်ထဲပေါ်လာမိပါတယ်။

အိမ်တံခါးဖွင့်တော့
ဆောင်းကိုမြင်ရ။

ရပ်ကွက်ထဲမှာ
ဆောင်းကိုမြင်ရ။

ကားလမ်းမပေါ်မှာ
ဆောင်းကိုမြင်ရ။

မိုးကောင်းကင်မှာ
ဆောင်းကိုမြင်ရ။

မမြင်ရကြာ
ဆောင်းကိုမြင်ရ။

ပိတ်ပင်ထားသလို
ဆောင်းကိုမြင်ရ။

သြော် ဒီနှစ်ဒီကာလ
ဆောင်းကိုမြင်ရ။

သြော် ဆောင်းကိုမြင်ရ
သြော်ထူးလေစွ။

ဆောင်းကိုမြင်ရ
ဆောင်းကိုမြင်ရ။ ။

ခုရက်ပိုင်းအတွင်း မိုးကြောင့် ဆောင်းဟာ ရုတ်တရက် ပျောက်သွားခဲ့ရ။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ရက်ပိုင်းလောက်ပဲ ဆောင်းကို တွေ့မြင်ခံစားလိုက်ရ။ ဒီမိုးပြီးရင်တော့ ဆောင်းကို ခဏတာမြင်ရဦးမယ် မျော်လင့်မိပါတယ်။ ကမ္ဘာကြီးပူနွေးလာမှု၊ ချိန်ခါမဟုတ်မိုးရွာသွန်းမှုတွေနဲ့ ဆောင်းဟာ ပါးပါးလျားလျားသာ ရှိနေပါတော့တယ်။ ဆောင်းကိုမြင်ရမှာဟာ ထူးလေစွ။

ချမ်းမြ

About The Author

greenness_mm

No Comments

Leave a Reply