တခါတုန်းက လရောင်အောက်က ရွာကလေး

တခါတုန်းက လရောင်အောက်က ရွာကလေး

လရောင်ဆန်း၍
ရွာလမ်းမြေမာ၊ ဝင်းဝင်းဝါ၏။

အုန်းထန်းပေလက်၊ တမာရွက်တို့
ရွှေစက်ရွှေပြောက်၊ ရွှေရည်သောက်၏။

တစ်ရံတစ်ခါ၊ လေအလာအတွင်
ရွာလယ်ပေါင်းကူး၊ တံတားဦးမှ
ဆိတ်ဖလူးနံ့၊ ရွာလုံးပျံ့၏။

ကျွန်တော်တို့ငယ်ငယ်က ရွာမှာ လျှပ်စက်မီးများမရှိပါ။ ညအလင်းရောင်အတွက် ရေနံဆီမီးခွက်တွေကိုသာ အားထားခဲ့ရသည်။ ထို့ကြောင့် လသာသောညများသည် ကျွန်တော်တို့အတွက် စိတ်ပျော်ရွှင်ဖွယ်ညများဖြစ်ပါသည်။ ကျွန်တော်တို့ရွာကလေးပေါ်သို့ လရောင်ကျလာသောအခါ ရွာလယ်လမ်းမမှာ ကဗျာထဲကအတိုင်း ဝင်းဝင်းဝါနေပါသည်။ လမ်းဘေးတလျောက်တွင်ရှိသည့် အုန်းပင်၊ သရက်ပင်၊ သပြေပင်၊ မာလကာပင်တွေပေါ်တွေကိုလည်း လရောင်ကဖြာကျနေပါသည်။ အပင်အောက်တွေကို သွားကြည့်လျှင် သစ်ရွက်၊ သစ်ကိုင်းတွေကြားမှ လရောင်စက်ကလေးတွေ မြေပေါ်မှာကျနေသည်။ သစ်ခက်သစ်ရွက်တို့အရိပ်ကြား မြေပေါ်ကျနေသည့် လရောင်ပြောက်ကလေးတွေက ပိုလင်းသည်ဟု ထင်ရပါသည်။ ရွာထိပ်ကျွန်တော်တို့ အဖွားလေးအိမ်ဝင်းထဲက ဆိတ်ဖလူးပန်းနံ့သည်လည်း လေကြောသင့်ရာရပ် မွှေးမြနေပါသည်။

သည်လိုလသာသည့်ညများမှာ ကျွန်တော်တို့ကလေးတွေ ဆော့ကစားကြသည်။ အများဆုံးကစားဖြစ်ကြသည်က ထုပ်စည်းတိုးတန်းဖြစ်သည်။ စိန်ပြေးတန်းကစားသည့်အခါလည်း ကစားကြသည်။ တခါတခါရှားရှားပါးပါး မြစ်ထဲဆင်းပြီး လှေလှော်ကြတာမျိုးလည်းရှိသည်။ တူတူပုန်းတန်းကိုတော့ လူကြီးတွေက တားမြစ်ထားသောကြောင့် ညမှာမဆော့ကြပါ။ နတ်ဖွက်တတ်သည်ဆိုတော့ ကျွန်တော်တို့လည်း ကြောက်ကြပါသည်။

လသာသောညတွေမှာ လူကြီးတွေကလည်း ပုံမှန်ညတွေထက်တော့ အိပ်ယာဝင်နောက်ကျကြပါသည်။ လရောင်အောက်မှာ ဝိုင်းဖွဲ့ပြီး ရေနွေးကြမ်းသောက်ကြသည်။ ဆေးလိပ်ဖွာကြသည်။ အမြည်းကတော့ ထန်းလျက်၊ကြံသကာ၊ လဖက်၊ ပဲလှော်၊ မြေပဲကြော် စသည်ဖြင့် တစ်ခုခုအနည်းဆုံးပါတတ်သည်။

ဝိုင်းလယ်ခေါင်ဗွေ၊ ကရွတ်ခွေတွင်
မြေကရားအိုး၊ နူတ်သီးကျိုးနှင့်။

ညှိတက်ဟောင်းနွမ်း၊ သံလင်ပန်းဝယ်
အကြမ်းပန်းကန်၊ နှုတ်ခမ်းလန်နှင့်။

လသာသောညတွေမှာ လူကြီးတွေက အိမ်ကပြင်မှာ ရေနွေးဝိုင်းဖွဲ့ပြီး ရှေးဟောင်းနှောင်းဖြစ်တွေပြောကြသည်။ ကျွန်တော်တို့ကလေးတွေ ကစားပြီးသည့်အချိန် ရေနွေးဝိုင်းမှာ ကပ်ထိုင်ပြီး နားထောင်ကြရသည်။ သိချင်တာတွေမေးကြရသည်။ ပြောကြသည့်အကြောင်းတွေက စုံသည်။ ရွာထဲကို ကျားဝင်ပြီး အဖိုးတို့အိမ်က ခွေးကိုဆွဲသွားသည့်အကြောင်းပါသည်။ ဦးကျော်စိန်တို့ငယ်ငယ်က မြောင်းမထဲမှာ ငါးနှစ်ကောင်ကို ထမ်းဖိုးကပြီး ရေထဲမှာမောင်းလို့ ကျားဟိန်းတာလည်းပါသည်။ သရဲ၊ တစ္ဆေ၊ စုန်းအကြောင်းတွေကစ အကြောင်းအရာတွေစုံလှသည်။ ငယ်စဥ်က ဘုန်းကြီးကျောင်းမှာ ထိုက်သင့်သလောက်စာကြေခဲ့သည့် လူကြီးတွေကတော့ နိပါတ်တော်တွေကို ပြောဟောလေ့ရှိပါသည်။ ထိုလူကြီးများ၏ စကားဝိုင်းသည် ကျွန်တော်တို့အဖို့ ဗဟုသတနှင့် ရသ ကိုဆည်းပူးရာနေရာဖြစ်ခဲ့သည်။

တခါတခါကြတော့လည်း လူကြီးတွေအချင်းချင်း နောက်ကြပြောင်ကြသည်မှာ တဝိုင်းလုံးရယ်သန်တွေလွှမ်းနေတတ်သည်။ ကွမ်းချိုးကပ်နေသောသွားများ၊ မစုံတော့သည့်သွားများပေါ်အောင် ရယ်မောနေသော သူတို့ရုပ်ပုံတွေကို မြင်ယောင်လွမ်းမိသည်။

ရွာကလေး၏ ရပ်ရေး၊ရွာရေး၊ သာရေး၊နာရေးတွေကိုလည်း လရောင်အောက်က လဖက်ရည်ကြမ်းဝိုင်းမှာပဲ ဆွေးနွေးကြသည်။ မြောင်းမကမ်းပါးရေတိုက်စားနေတဲ့ကိစ္စ၊ ရုံးပင်အောင်က လမ်းဗွက်ထနေတဲ့ကိစ္စ၊ ဘုန်းကြီးကျောင်းသစ်ဆောက်ဖို့ သစ်တွေစစုဖို့ကိစ္စ စသဖြင့်ဆွေးနွေးကြသည်။သီးနှံအထွက်တိုးအောင် ဘယ်လိုစိုက်ရမည်ဆိုသော အတွေ့အကြုံတွေလည်း ပါသည်။

” လဖက်ရည်ကြမ်း၊ တလင်ပန်းဖြင့်
စိတ်ဝမ်းလက်ညီ၊ ရွာသစ်တည်ကာ
ကျီသစ်ပုံသွင်း၊ အားနှင့်ရင်း၍
ဖန်ဆင်းခဲ့ကြဖူးလေပြီ။

ကျွန်တော်တို့ငယ်ငယ်က လူကြီးတွေရဲ့ လဖက်ရည်ကြမ်းဝိုင်းမှာ ပိုက်ဆံအတန်အသင့်ချမ်းသာသည့်လူကြီးတွေလည်းပါသည်။ ဆင်းရဲသည့်လူကြီးတွေလည်းပါသည်။ အားလုံးတန်းတူထားပြီး သူတို့ချင်းချင်းဆက်ဆံကြသည်။ ရှိတာမျှဝေစားသောက်ကြသည်။ သူတို့ချင်းချင်းနေ့စဥ်ထိတွေ့ဆက်ဆံနေကြတော့ အထီးကျန်မှုနည်းပါးပါသည်။ သည်လိုရေနွေးကြမ်းဝိုင်းတွေရှိနေသည့်အတွက် မည်မျှဆင်းရဲသည်ဆိုအုံးတော့ ဘိုးဘွားရိပ်သာ မလိုအပ်ခဲ့ပါ။ အချင်းချင်းမျှဝေကျွေးမွေးကြပါသည်။

ရွာကလေးမှာ သည်လိုရေနွေးကြမ်းဝိုင်းတွေရှိသေးလားဟု လှမ်းမေးတော့ ရှိသေးတယ်ဟုဆိုပါသည်။ သို့သော် ကလေးတွေကတော့ ကျွန်တော်တို့ငယ်ငယ်တုန်းကလို လရောင်အောက်မှာ ဆော့ကစားတာမျိုးမရှိကြတော့ပါ။ သူတို့အားလုံး တီဗွီရှေ့မှာရောက်နေကြသည်။ သူတို့မျက်လုံးတွေက ဖုန်းစကရင်မျက်နှာပေါ်ရောက်နေကြသည်ဟုဆိုပါသည်။ လရောင်အောင်မှာ ဆော့ကစားရမှန်းမသိတော့သော မျိုးဆက်ကို ကျွန်တော်သနားမိပါသည်။

ဆန်းလေး

သရုပ်ဖော်ပန်းချီ- ယွန်းဟေသီလင်း

About The Author

greenness_mm

No Comments

Leave a Reply