တိရစ္ဆာန်တွေအတွက် စာနာထောက်ထားတတ်တဲ့ အလေ့အကျင့်

တိရစ္ဆာန်တွေအတွက် စာနာထောက်ထားတတ်တဲ့ အလေ့အကျင့်

ကျွန်တော်တို့ရပ်ကွက်ထဲမှာ အိမ်တစ်အိမ်ရှိသည်။ တစ်နေ့လုပ်တစ်နေ့စား လက်လုပ်လုပ်စား မိသားစုနေထိုင်သည့် သုံးပင်အိမ်ကလေးဖြစ်သည်။ ထိုအိမ်ကလေးမှာ လေးထောင့်သစ်သားပုံးလေးတွေရှိသည်။ သစ်သားပုံးလေးတွေက အရှည်ရှစ်လက်မ၊ အနံခြောက်လက်မလောက်ဆီရှိသည်။ ထိုသစ်သားပုံးလေးတွေထဲမှာ ကောင်ရိုးမျှင်တွေရှိသည်။ မျက်နှစ်စာတစ်ဖက် အပေါ်ပိုင်းအပွင့် လုပ်ထားသော သစ်သားပုံးကလေးတွေသည် စာငှက်ကလေးတွေအတွက် အိမ်ဖြစ်သည်။
” သူတို့နေစရာရတာပေါ့။ ဒီလိုလုပ်ပေးလို့ဘာမှကုန်တာမဟုတ်ဘူး။ သစ်သားအတိုအပြတ်လေးတွေရှာရိုက်ထားတာ” လို့ အိမ်ရှင်ဦးလေးကြီးကပြောသည်။ လူကမချမ်းသာသော်လည်း ၊ အိမ်မှာ မကောင်းသော်လည်း တိရစ္ဆာန်ငှက်ကလေးတွေအပေါ်မှာ ထားသော သူ့စေတနာမှာကောင်းလှပါသည်။
တကယ်တော့ ကျွန်တော်တို့တွေသည် ကိုယ့်အတွက်သာ စဥ်းစားကြပြီး ကိုယ့်လိုပဲ အသက်ရှိသောတိရိစ္ဆာန်တွေအတွက် စာနာထောက်ထားတတ်သော စိတ်နည်းပါးကြပါသည်။ သစ်တစ်ပင်ခုတ်ပြီး သစ်သားရဖို့သာစဥ်းစားသည်။ ထိုအပင်ကိုလာနေကြ ငှက်တွေအတွက် မစဥ်းစားကြပါ။ စားကျက်မြေကို လယ်လုပ်ဖို့သာစဥ်းစားပြီး နွားတွေအတွက် ထည့်သွင်းစဥ်းစားခြင်း မရှိပါ။ နောက်ဆုံး တောတစ်တောကိုရှင်းပစ်ဖို့၊ တောင်တစ်တောင်ကိုဖြိုပစ်ဖို့ ကိစ္စတွေမှာတောင် တိရိစ္ဆာန်တွေအတွက် ထည့်သွင်းစဥ်းစားတာမျိုးမရှိကြပါ။
ကျွန်တော်တိုလူသားတွေရဲ့ အတ္တသည်ကား ကြီးလေစွ။ ကိုယ့်ကို ဆီးကြိုတတ်သော၊ ပွတ်သီးပွတ်သတ်နေတတ်သော အိမ်မွေးခွေးတွေ၊ ကြောင်တွေကို ချစ်တတ်ကြသလောက် သဘာဝအတိုင်းနေသော တိရိစ္ဆာန်ကလေးတွေကိုတော့ ချစ်သူ၊ စောင့်ရှောက်သူ နည်းလှပါသည်။ ထည့်သွင်းစဥ်းစားသူနည်းလှပါသည်။
မြောင်းတွေ၊ချောင်းတွေထဲကို ပလစ်စတစ်အိတ်အပါအဝင် အညစ်အကြေးတွေပစ်တာ၊ အိမ်မွေးတိရိစ္ဆာန်မဟုတ်တဲ့ တိရိစ္ဆာန်တွေကို အိမ်၊ ဘုန်းကြီးကျောင်းလိုမျိုးတွေမှာ လှောင်ချိုင့်နဲ့မွေးတာ၊ မြွေမြင်ရင် အလိုလိုသတ်ချင်တာ ၊ ရှားပါးတိရိစ္တာန်ရဲ့အသားကိုမှ စားချင်တာ စသဖြင့် ကိုယ့်လိုသက်ရှိ တိရိစ္ဆာန်တွေအတွက် စာနာမစဥ်းစားမှုတွေ များလှပါသည်။
ကျွန်တော်တို့တွေ တိရိစ္ဆာန်လေးတွေအတွက်ပါ ထည့်သွင်းစဥ်းစားတတ်သည့် အလေ့အကျင့်ကို မွေးမြူသင့်ကြပြီဖြစ်သည်။ ဤသို့ ဆိုလိုက်သောကြောင့် တိရိစ္ဆာန်တွေမတွက် တောကြီးလုပ်ပေးရမှာလားဟု မေးချင်ကောင်းမေးကြမလားမပြောတတ်။ ကျွန်တော်ဆိုလိုသည်က ချောင်းတွေထဲ မလစ်စတစ်နဲ့ အညစ်အကြေးမပစ်ရုံ၊ ငှက်ကလေးတွေ ရှိတဲ့သစ်ကိုင်းတစ်ကိုင်း မခုတ်မိရုံ စသဖြင့်လောက်ပါတောင်းဆိုလိုပါသည်။ လူသားဝါဒချည်းသက်သက်နဲ့သွားလို့ အဆင်ပြေမည်ဟု မယုံကြည်ပါ။
တက်နေထွန်း

About The Author

greenness_mm

No Comments

Leave a Reply