ဓာတုကင်းစင်သော နိုင်ငံတော်ဆီသို့

ဓာတုကင်းစင်သော နိုင်ငံတော်ဆီသို့

အိန္ဒိယနိုင်ငံမဟာရက်ရှ်ထရပြည်နယ်မှာဇူလိုင်နောက်ပိုင်းမှစတင်ပြီးလယ်သမားအနည်းဆုံး ၅၀ ခန့်ဟာပိုးသတ်ဆေးအဆိပ်သင့်မှုကြောင့် သေဆုံးနေရတယ်လို့ နိုင်ငံတကာသတင်းတွေမှာရေးသားနေတာတွေ့ရ ပါတယ်။ သေဆုံးမှုအများစုဟာယာဗက်မယ်ခရိုင်ကတောင်သူတွေဖြစ်ပါတယ်။ အဲဒီဒေသဟာဝါဂွမ်းအဓိကစိုက်ပျိုးရာဒေသဖြစ်ပြီးလယ်သမားတွေ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတွေကြောင့် သတင်းတွေထဲမှာမကြာခဏ မြင်တွေ့နေရတဲ့ဒေသဖြစ်ပါတယ်။
ဇူလိုင်နဲ့စက်တင်ဘာလအတွင်းမှာပဲအဲဒီဒေသမှာရှိတဲ့လယ်သမား ၈၀၀ ကျော်ကိုဆေးရုံတင်ပို့ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။အဓိကအားဖြင့် ဝါဂွမ်း၊ ပဲပိစပ်နှင့် အခြားပဲအမျိုးမျိုးစိုက်ပျိုးတဲ့ ယာဗက်မယ်ခရိုင်ကလယ်သမားတွေကပိုးသတ်ဆေးအမျိုးမျိုးကိုရောနှောသုံးစွဲပြီးအမှုန့်နဲ့အရည်နှစ်မျိုးစလုံးကိုအသုံးပြုခဲ့တာပါ။ သူတို့တွေဟာဝါဂွမ်းသီးနှံတွေကိုဖျက်ဆီးတဲ့ပိုးတွေရဲ့ တိုက်ခိုက်မှုဒဏ်ခံနိုင်ရည်ရှိအောင်မျိုးဗီဇပြုပြင်ထားတဲ့ ဝါမျိုးတွေကိုလည်းစိုက်ပျိုးကြပါတယ်။ဒါပေမဲ့လည်းဝါသီးဖျက်ပိုးတွေကအခုနှစ်မှာဝါခင်းတွေကိုဖျက်ဆီးလာတဲ့အတွက် ပိုးသတ်ဆေးတွေကိုပိုမိုအသုံးပြုနေကြရပါတယ်။

အဲဒီဒေသတွေမှာဇူလိုင်လနောက်ဆုံးပတ်ကနေစပြီးပိုးသတ်ဆေးအဆိပ်သင့်မှုကိုဒေသခံဆရာဝန်တွေကမသင်္ကာဖြစ်ခဲ့တယ်။ အဲဒီကာလအတွင်းလူနာ၄၁ဦးကပိုးသတ်ဆေးအဆိပ်သင့်မှုနဲ့ အလားသဏ္ဌာန်တူတဲ့ရောဂါလက္ခဏာတွေနဲ့ ဆေးရုံရောက်လာခဲ့တယ်။အဲဒီလူနာတွေမှာမူးမော်ခြင်း၊အန်ခြင်း၊အသက်ရှူပြဿနာ၊အမြင်အာရုံဝေဝါးခြင်းနဲ့ကြောင်တောင်တောင်ဖြစ်နေခြင်းစတဲ့လက္ခဏာတွေ တွေ့ရတယ်။သြဂုတ်မှာအဲဒီလိုလူနာအရေအတွက်၁၁၁ဦးရှိခဲ့ရာမှ စက်တင်ဘာမှာနှစ်ဆကျော်များလာပြီး၃ဝဝအထိရှိလာခဲ့တယ်။ဆေးရုံမှာကုသမှုခံယူနေရတဲ့ တောင်သူတွေအနက်အနည်းဆုံး၁ဝဦးဟာအရေးပေါ်ခန်းမှာအသက်လုနေရပြီး၂၅ဦးခန့်ဟာအမြင်အာရုံချို့ယွင်းမှုတွေ ခံစားနေရပါတယ်။ ဒီအကြောင်းကိုအောက်တိုဘာလမှာ ကြားသိခဲ့ရတာပါ။ အိန္ဒိယလယ်သမားတွေ ပိုးသတ်ဆေးကြောင့် အသက်ဆုံးရှုံးနေရတယ်ဆိုတော့ စာရေးသူအံ့သြမိသလိုအနည်းတုန်လှုပ်သွားမိပါတယ်။ ဘာကြောင့်လဲဆိုရင် အိန္ဒိယဟာနည်းပညာ၊ စက် အင်အား၊ လူအင်အား၊ ငွေအင်အားစသဖြင့် ပြည့်စုံတဲ့အပြင် ဓာတုကင်းစင်စိုက်ပျိုးရေး၊ အော်ဂဲနစ်စိုက်ပျိုးရေးကိုလည်းအင်တိုက်အားတိုက်လုပ်နေတဲ့ နိုင်ငံဖြစ်နေလို့ပါပဲ။

မြန်မာပြည်ကလည်းစိုက်ပျိုးရေးနိုင်ငံဖြစ်ပြီးလယ်သမား ၇၀ ရာခိုင်နှုန်းလောက် ရှိနေတဲ့နိုင်ငံဖြစ် ပါတယ်။ ဒီ့အပြင် မြန်မာ့လယ်ယာမြေတွေမှာလည်းဓာတုဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအသုံးပြုမှုတွေ မြင့်တက်နေပါတယ်။ ပိုးသတ်ဆေးကြောင့် မူးမေ့လဲခြင်း၊ အော့အန်ခြင်း၊ ဆေးရုံတက်ရခြင်း၊ သေဆုံးခြင်းတွေလည်းဖြစ်ပေါ်နေပါတယ်။ ပိုးသတ်ဆေးဖျန်းနေတဲ့ လယ်အနီးမှာထမင်းစားနေတဲ့ကောက်စိုက်သမတွေဓာတုအိပ်သင့်လို့ ဆေးရုံတင်လိုက်ရတာတွေ၊ ပိုးသတ်ဆေးဖျန်းထားတဲ့လယ်ဘေးကကန်စွန်းရွက် ခူးစားမိပြီးမိသားစုလိုက် အော့အန်ခြင်း၊ သတိလစ်ခြင်းတွေဖြစ်လို့ ဆေးရုံတက်ခဲ့ရတာတွေ စသဖြင့် သတင်းတွေကိုလည်းမကြာခဏကြားသိနေရပါတယ်။ပိုးသတ်ဆေးဖျန်းနေတုန်းလဲကျသေဆုံးဖူးတဲ့လယ်သမားတွေလည်းရှိခဲ့တယ်။ မြန်မာတောင်သူလယ်သမားတွေအနေနဲ့ အဲဒီလိုအခြေအနေတွေကိုမကြာခဏကြုံတွေ့နေရပါတယ်။ အိန္ဒိယနိုင်ငံလိုရုတ်တရက် ဆိုးဝါးပြင်းထန်မှုမရှိပေမယ့် ရေရှည်မှာထိခိုက်မှုတွေ ပြင်းထန်လာနိုင်တဲ့အနေအထားတွေ တွေ့နေရပါတယ်။ ဒါကြောင့် မြန်မာပြည်အနေနဲ့ ဓာတုဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးစသဖြင့် အသုံးပြုခြင်းတွေကိုထိန်းချုပ်ရန် လိုနေပြီလို့ ပြောချင်ပါတယ်။

ဟိုးအရင်ကစာရေးသူတို့ တိုင်းပြည်မှာဓာတုပစ္စည်းနဲ့ပတ်သက်ပြီးအသုံးပြုမှုမရှိသလောက် နည်းခဲ့ ပါတယ်။ ဟင်းခတ်အချိုမှုန့်ကိုတောင် သုံးရကောင်းမှန်းသိခဲ့ပါဘူး။ အစားအသောက်တွေကိုသဘာဝအတိုင်း စားသောက်ခဲ့ကြပြီးအသက်ရှည် ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်းဉာဏ်ကြီးရှင်လူတစ်စုကဓာတုဗေဒအဆိပ်အမျိုးမျိုးကိုမြန်မာပြည်တွင်းသို့တင်သွင်းဖို့ကြိုးစားခဲ့ကြတယ်။ သူတို့ကတော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက်လို့ ပြောကြတာပဲ။အဲဒီအချိန်မှာမြန်မာပြည်ကိုဟင်းခပ်အချိုမှုန့်တွေ ရောက်လာတယ်။ ခံပြင်းစရာကောင်းတာကအချိုမှုန့်တင်သွင်းတဲ့နိုင်ငံကအချိုမှုန့်ရဲ့ ဆိုးကျိုးကိုသိလို့ လုံးဝအသုံးမပြုကြဘူးဆိုတာပါပဲ။စာရေးသူတို့ပြည်သူတွေကတော့ ဘယ်သိမှာလဲ။ ကောင်းတယ်ဆိုပြီးတင်သွင်းလာကြတော့ စမ်းသပ်အသုံးပြုခဲ့ကြတာပေါ့။အသုံးပြုရင်းအသုံးပြုရင်းနဲ့ အချို့မှုန့်ကိုအစွဲလန်းကြီးစွဲလန်းခဲ့ကြတယ်။ အိမ်ရှင်မအများစုဟာအချို့မှုန့်မပါရင် ဟင်းတောင် မချက်တတ်ကြတော့တဲ့အထိပါပဲ။ အခုတော့ အဲဒီအချိုမှုန့်တွေက ပြည်သူတွေကိုအရောင်စုံဒုက္ခများစွာပေးနေပြီဖြစ်ပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းမှာလည်းထိုနည်းလည်းကောင်းပါပဲ။ ပြည်ပနိုင်ငံတွေက ၄င်းတို့နိုင်ငံမှာအသုံးမပြု တော့လို့ စွန့်ပစ်ရတော့မယ့် ဓာတုဓာတ်မြေသြဇာတွေကိုမြန်မာပြည်တွင်းသို့ အလကားနီးပါးတင်သွင်းဖို့ ကြိုးစားလာခဲ့ကြတယ်။ အဲဒီအချိန်မှာအစိုးရကလည်းမစဉ်းစားမဆင်ခြင်ဘဲလက်ခံခဲ့တယ်။ အဲဒီနည်းနဲ့ စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာတွေဟာပြည်တွင်းသို့ ရောက်လာခဲ့တယ်။ အစိုးရမင်းတွေကတော့ ဆန်စပါးသီးနှံအထွက်တိုးပြီးတိုင်းပြည်စားနပ်ရိက္ခာဖူလုံရမယ်။ စားနပ်ရိက္ခာဖူလုံပြီးပိုလျှံလာရင် ပြည်ပတင်ပို့မယ်။ နိုင်ငံဝင်ငွေရမယ်။စသဖြင့် ရွယ်ရွယ်ချက်တွေ ကြီးမားခဲ့တယ်။ ဒါပေမဲ့လည်းဗျာ…။
ဓာတ်မြေသြဇာတွေမြန်မာပြည်ကိုစတင်ရောက်လာချိန်ကတောင်သူတွေကအသုံးမပြုရဲကြဘူး။ဒါကြောင့်အစိုးရကစမ်းသပ်စိုက်ခင်းတွေ၊စံပြစိုက်ခင်းတွေ၊ ဟောပြောပွဲတွေ ပြုလုပ်ပြီးတောင်သူတွေကိုစည်းရုံးခဲ့ကြရတယ်။ ကုမ္ပဏီတွေကလည်းအစိုးရနဲ့ပူးပေါင်းပြီးဓာတ်မြေသြဇာတွေကိုတောင်သူတွေရဲ့ အိမ်အရောက်ပို့ပေးတဲ့စနစ်၊ အကြွေးစနစ်တွေနဲ့ ရောင်းချပေးခဲ့တယ်။ ဓာတုသုံးစွဲပြီးစိုက်ပျိုးရာမှာလည်းစပါးအထွက်နှုန်းကသိသိသာသာပိုတဲ့အတွက် တောင်သူတွေကဓာတ်မြေသြဇာကိုစမ်းသုံးစွဲခဲ့ကြတယ်။စမ်းသပ်သုံးစွဲရင်းစွဲစွဲမြဲမြဲအသုံးပြုလာခဲ့ကြတော့တယ်။ တောင်သူတွေကလည်းအသိပညာနည်းတာရယ်၊ ဓာတ်မြေသြဇာပိုးသတ်ဆေးအသုံးပြုပုံတွေကိုရှင်းရှင်းလင်းလင်းမသိတာရယ်ကြောင့်ဓာတ်မြေသြဇာများများသုံးရင်စပါးများများထွက်မယ်ဆိုတဲ့မူကိုလက်ကိုင်ကျင့်သုံးခဲ့ကြတယ်။ ဓာတ်မြေသြဇာအသုံးပြုပြီးအထွက်တိုးလို့တောင်သူတွေပြုံးပျော်ခဲ့ကြတယ်။ နှစ်ကာလတွေ ကြာမြင့်လာချိန်မှာတော့ တောင်သူတွေ ပြည့်ပြည့်ဝဝမပျော်နိုင်ကြတော့။ လယ်မြေတွေရဲ့မြေဆီလွှာတွေ ပျက်စီးဆုံးရှုံးလာခဲ့တယ်။ လယ်မြေဟာမြေဆီသြဇာတွေဆုံးရှုံးသွားတဲ့အတွက် ဓာတ်မြေသြဇာအသုံးမပြုနိုင်တဲ့လယ်တွေမှာစပါးမထွက်တော့တဲ့အခြေအနေသို့ ရောက်ရှိသွားခဲ့တယ်။

အဲဒီအခြေအနေမှာပဲစပါးပင်တွေဟာ သဘာဝစိုက်ပျိုးသီးနှံလိုကျန်းမာသန်စွမ်းမှုမရှိလို့ ပိုးမွှားအန္တရာယ်တွေနဲ့ ရင်ဆိုင်လာခဲ့ရတယ်။ဒီအတွက် တောင်သူတွေကပိုးမွှားတွေနှိမ်နှင်းဖို့ဓာတုပိုးသတ် ဆေးကိုပါ အသုံးပြုလာကြရပြန်တယ်။ ပိုးသတ်ဆေးသုံးစွဲတဲ့နေရာမှာလည်းအချိုးအဆကိုမသိဘဲ မြန်မြန်သေအောင် များများအသုံးပြုခဲ့ကြတယ်။ ပိုးသတ်ဆေးကြောင့် လယ်ယာမြေတွေမှာရှိတဲ့ဖျက်ပိုးရောအကျိုးပြုပိုးပါ သေဆုံးကုန်ပြီးဂေဟစနစ်တွေ ပျက်ယွင်းကုန်တယ်။ အချို့ဖျက်ပိုးတွေကမသေဘဲကျန်ခဲ့ကြတယ်။ အဲဒီပိုးတွေမှတစ်ဆင့်ပြန်ပေါက်ဖွားလာသောပိုးမွှားအသစ်မတွေဟာတောင်သူတွေသုံးစွဲနေကျ ပိုးသတ်ဆေးဒဏ်ကိုခံနိုင်ရည်ရှိလာကြတယ်။ သုံးနေကျပိုးသတ်ဆေးနဲ့နှိမ်နှင်းလို့မရတော့သဖြင့် တောင်သူကပိုပြင်းတဲ့ပိုးသတ်ဆေးတွေကိုသုံးစွဲလာကြတယ်။ပိုးမွှားတွေနှိမ်နှင်းရန်ပိုးသတ်ဆေးကိုအသုံးပြုရာမှ လယ်ယာမြေတွေမှာပိုးမွှားတွေပိုမိုများပြားလာခဲ့ရတယ်။ လေ့လာတွေ့ရှိချက်တွေအရလွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ အတွင်းပိုးသတ်ဆေးသုံးစွဲမှုကြောင့် ပိုးမွှားတွေ ဆယ်ဆမကများလာပြီးပိုးမွှားဖျက်စီးမှုကြောင့် သီးနှံဆုံးရှုံးမှုကလည်း နှစ်ဆမကတိုးလာခဲ့တယ်လို့ သိရပါတယ်။
လက်ရှိကာလမှာတော့ မြန်မာပြည်မှာဓာတ်မြေသြဇာနဲ့ပိုးသတ်ဆေးကိုစိုက်ပျိုးရေးလုပ်ငန်းတိုင်းမှာတွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီဖြစ်ပါတယ်။ ကုမ္ပဏီတွေကလည်းတံဆိပ်မျိုးစုံကြော်ငြာမျိုးစုံနဲ့ ထုတ်လုပ်ရောင်းချလျှက်ရှိပါတယ်။ဓာတုဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးအသုံးပြုမှုတွင်ကျယ်လာသလိုထိခိုက်နစ်နာမှုတွေလည်းများပြားလာခဲ့ပါတယ်။ကမ္ဘာတစ်ဝှမ်းမှာ ဓာတုဆေးသုံးစွဲမှုကြောင့် နှစ်စဉ် အဆိပ်သင့် ဖြစ်ရပ်ပေါင်းအနည်းဆုံးတစ်သန်းခန့်ရှိပြီးလူပေါင်းနှစ်သောင်းခန့်သေဆုံးနေရတယ်လို့ ကျွမ်းကျင်သူတွေကဆိုကြပါတယ်။ အဲဒီဖြစ်ရပ်တွေဟာမြန်မာနိုင်ငံလိုအီကွေတာနဲ့နီးတဲ့နိုင်ငံတွေမှာအများဆုံးဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်လည်းကမ္ဘာ့နိုင်ငံကြီးတွေနဲ့ အာဆီယံနိုင်ငံတွေဟာဓာတုအသုံးပြုမှုကိုလျှော့ချနေကြပါတယ်။ တစ်ချို့နိုင်ငံတွေဆိုရင် လုံးဝအသုံးမပြုတော့ပါဘူး။

မြန်မာပြည်မှာတော့ဓာတ်မြေသြဇာ၊ပိုးသတ်ဆေးအသုံးပြုမှုတွေ မြင့်မားနေဆဲဖြစ်ပါတယ်။ ဒါကြောင့်ဓာတုအဆိပ်သင့်မှုတွေ ဖြစ်ပေါ်နေခဲ့သလိုအသီးအနှံတွေ၊ သားငါးပုစွန်တွေမှာဓာတုဓာတ်ကြွင်းပါဝင်မှု မြင့်မားနေတဲ့အတွက် ပြည်ပကလက်မခံဘဲပြန်လည်ပေးပို့ခဲ့တာတွေမကြာခဏဖြစ်ပွားခဲ့ရတယ်။ နောက်ပြီးမြန်မာပြည်မှာကင်ဆာဖြစ်ပွားမှုနဲ့ သေဆုံးမှုလည်းသိသိသာသာမြင့်မားလာခဲ့တယ်။ (အများစုကဓာတုဓာတ်ကြွင်းတွေကြောင့် ဖြစ်ပွားရတာလို့ ကျွမ်းကျင်သူတွေကဆိုပါတယ်)ထုတ်ပြန်ချက်တွေအရမြန်မာပြည်ရဲ့ ကင်ဆာရောဂါဖြစ်ပွားနှုန်းဟာကမ္ဘာ့အဆင့် ၂ နေရာမှာရပ်တည်နေခဲ့ပါတယ်။ဒါကြောင့် မြန်မာပြည်မှာလည်းသက်ဆိုင်ရာအစိုးရအဖွဲ့အစည်း၊ NGO အဖွဲ့အစည်းတွေကဓာတုသုံးစွဲမှုလျှော့ချရေးအတွက် ဆောင်ရွက်နေ ကြပါတယ်။ ဒါပေမယ့်လည်း ပြည်သူအားလုံးသိအောင် ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ခြင်းမရှိသေးပါဘူး။

ဒီအတွက် ဓာတုကင်းစင်ရေးအတွက် မြန်မာပြည်ကိုအုပ်ချုပ်နေတဲ့အစိုးရအနေနဲ့ဓာတုဆေးဝါးအမျိုးမျိုးသုံးစွဲနေတာကိုတင်းကျပ်တဲ့ပေါ်လစီတွေချမှတ်ပြီးဖိဖိစီးစီးတားဆီးဆောင်ရွက်သင့်ပါတယ်။ဓာတုကင်းစင် စိုက်ပျိုးရေး၊ အော်ဂဲနစ်စိုက်ပျိုးရေးကိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့လိုသလိုဆောင်ရွက်နေတဲ့ အဖွဲ့ အစည်းတွေကိုလည်းအားပေးကူညီသင့်ပါတယ်။ နောက်ပြီးနိုင်ငံတကာမှာလုပ်ဆောင်နေတာတွေကိုအတုယူပြီးကိုယ့်နိုင်ငံမှာရှိတဲ့အဖွဲ့အစည်းတွေ၊ပညာရှင်တွေ၊ကျွမ်းကျင်သူတွေနဲ့ပူးပေါင်းပြီးထိထိရောက် ရောက် ဆောင်ရွက်ပေးသင့်ပါတယ်။ ။

မင်းချစ်နိုင်

28.10.2017

About The Author

greenness_mm

No Comments

Leave a Reply