နွေဦးကာလနွေဦးကာလ မြူထတဲ့အချိန် (၂)

နွေဦးကာလနွေဦးကာလ မြူထတဲ့အချိန် (၂)

မိုးဦးကျခါစ
ပုတတ်ကလေး တကောင်နှစ်ကောင်
ရအောင်အရင်ရှာရမယ်၊
ပုတတ်ကလေး နီကျင်ကျင်
နွယ်ကြိုးရှည်နဲ့ မငင်လေနဲ့
ခွေးမြင်ရင် ခုန်ဟပ်မယ်၊ ဖုန်ကပ်မယ်
ခါးပုံစမှာ အသာခွေထည့်ပါ
ရွာအခြေထန်းတဲကိုရောက်ရင်
ထန်းလျက်ဖိုမှာ ကင်
ကင်ပြီးတော့ထောင်း၊ ထောင်းပြီးတော့ကြော်။
ကြက်သွန်နီနဲ့၊ ကြက်သွန်မြိတ်နဲ့
ငရုတ်သီးပွ လေးစိတ်စိတ်
အိုးအဖုံးမပိတ်ဘဲ
မီးလေးမပူ့တပူမှာ
ဆီပူလေးတလိမ့်နှစ်လိမ့် လိမ့်လိုက်ရက်ကွယ်
ဆိမ့်လိုက်မယ့်ဖြစ်ခြင်း။
မောင်စွမ်းရည်
မိုးဦးကျချိန်မဟုတ်သော်လည်း နွေရာသီ တွင်း မိုးကလေးတဖြိုက်ကျတဲ့အချိန်တွေမှာ ပတတ်တို့မြွေတို့ ရတတ်ပါသည်။ မိုးကလေးကျပြီးပြီဆိုသည်နှင့် ခွေးသုံးလေးကောင်နှင့် တောထဲကို ပတတ်လိုက်၊ မြွေရှာသွားတတ်ကြသည်။ တောလိုက်စရာ တောတောင်တွေ၊ သစ်ပင်တွေကလည်း ကောင်းကောင်းကြီးရှိသေးသည်။ ရွာကထွက်တာနှင့်တောကိုရောက်သည်ဟုပင်ဆိုနိုင်သည်အထိ တောတန်းနှင့်ရွာသည် အနီးကလေးပင်။ပတတ်တို့၊ မြွေသားတို့ ပါလာသည့်သူတွေအဖို့တော့ ထန်းရည်ဝိုင်းမှာ မျက်နှာပွင့်သည်။ ပြီးတော့ သူတို့အဖို့ ထန်းရည်ဖိုးလည်း ထို့နေ့အဖို့ ကင်းလွတ်ခွင့်ရကြလေသည်။
တကယ်တော့မြွေသားတို့၊ ပတတ်တို့က ရံဖန်ရန်ခါမှသာ မြည်းရတတ်ပြီး ဇာတ်လိုက်အမြည်းမှာ ပဲလှော်ဖြစ်သည်။ ထန်းရည်နှင့်အတူ ပဲလှော်ကိုဆီမပါပဲ အတိုင်းသား ပန်းကန်အပေါက်နဲ့ လာချပေးသည်ကို ကောက်ဝါးကြရသည်။ ငါးကြော်ကလေးတွေကိုလည်း အမြည်းလုပ်ရပါသည်။ ထိုအချိန်က မြစ်ရေကသန့်သလို ငါးကလည်းပေါသည်။ ရေချိုးရင်း ပိုက်ကလေးတစ်ခါချခဲ့လျင်တောင် တစ်နပ်စာတော့ အသာလေးရကြသည်။ကျွန်တော့်အမေရွာကိုပြန်စဥ်က မြစ်ထဲမှာရေချိုးရင်း ပိုက်တစ်ခါမျှောလိုက်တာ ငါးရံ့ကြမ်းလေးကောင်ရသည်။ ချက်ချင်းပင် တဲအရောက်မှာ ချဥ်မောင်ခါးရွက်နဲ့ပြုတ်ပြီး ထန်းရည်နှင့်မြည်းခဲ့ရသည့်အရသာ ဘယ်ဟိုတယ်စားသောက်ဆိုင်က အမြည်းနှင့် မလဲနိုင်ပါ။
ထန်းရည်သောက်ခြင်းက ကျွန်တော်တို့အညာဒေသမှာ ယဥ်ကျေးမှုတစ်ခုဖြစ်သည်။ ကျွန်တော်တို့ဆို ကလေးဘဝကလေးတည်းက သောက်ရသည်။ နွေရာသီဆိုလျင် လူကြီးတွေက အပူကင်းအောင်ဟု ဆိုကာ တစ်ခွက်နှစ်ခွက် တိုက်ကြသည်။ လူကြီးတွေတိုက်သည့်ထန်းရည်ကိုသာ သောက်ရသဖြင့် ထန်းရည်၏ အရသာကို ကောင်းကောင်းမခံတတ်သေးပါ။ ထန်းရည်သောက်ရတဲ့အရသာကို ထန်းတောသွားသောက်မှ ပိုမိုခံစားရပါသည်။
ထန်းတောမှာ ထန်းရည်သွားစသောက်ဖူးသည်က ဆယ့်် နှစ်နှစ်အရွယ်လောက်ဖြစ်မည်။ ကျွန်တော်နှင့်မောင်ခိုင် အိမ်ကဆန်နှစ်ဗူးစီ ခါးပုံစာထဲထည့်ခိုးပြီး သွားကြခြင်းဖြစ်သည်။ ဆန်လေးဗူးနဲ့ထန်းရည်လဲပြီး သူငယ်ချင်းနှစ်ယောက် ထန်းရည်သောက်ကြသည်။ မောင်ခိုင်အိမ်ကယူခဲ့သော ငှက်ကင်ကို အမြည်းလုပ်ကြသည်။ ကိုယ့်ဟာကိုယ် ကာလသားဖြစ်သလိုလိုခံစားရသည်။ သောက်ကောင်းနေတုန်း အဖိုးလေးဖိုးရွှေလုံးထန်းတောထဲဝင်လာတာမြင်လို့ နှစ်ယောက်သား ထန်းပင်နောက်မှာ ပြေးပုန်းကြရသေးသည်။ အဖိုးလေးရွှေလုံးမှာ ထန်းတောထဲခဏသာဝင်ခဲ့ခြင်းဖြစ်လို့ တော်ပါသေးသည်။ ခုတော့ သူငယ်ချင်းမောင်ခိုင်လည်း မရှိရှာတော့….။
ဆန်းလေး

About The Author

greenness_mm

No Comments

Leave a Reply