ဖက်ဒရယ် သယံဇာတအုပ်ချုပ်မှုစနစ် (Resource Federalism) အောင်မြင်ဖို့ သစ်တော၊ သစ်ပင်စိုက်ကြစို့

ဖက်ဒရယ် သယံဇာတအုပ်ချုပ်မှုစနစ် (Resource Federalism) အောင်မြင်ဖို့ သစ်တော၊ သစ်ပင်စိုက်ကြစို့

ကောလင်းမြို့နယ်တွင်းရှိ ကျွန်တော့်ဇာတိမြေ နယ်အစွန်အဖျားရွာကလေးသို့ မရောက်ဖြစ်သည်မှာ (၄)နှစ်နီးပါးခန့် ရှိခဲ့ပေပြီ။ ယခုနှစ်ဆန်းပိုင်းတွင်ကား ကိုဗစ်ရောဂါအပြင် အရေးအခင်းကာလကြောင့် ကျွန်တော်အိမ်ပြန်ဖြစ်ခဲ့သည်။ မကြာမြင့်သောနှစ်ကာလများအတွင်း ကောလင်းမြို့နယ် အနောက်ဘက်ခြမ်း၏ တိုးတက်ပြောင်းလဲမှုများကို မြင်တွေ့ရသောကြောင့် ကျွန်တော်ဝမ်းသာမဆုံးရှိလှသည်။ လွန်ခဲ့သည့် (၁၀) နှစ်ခန့်က ကောလင်း-ရွာဘက်လမ်းသည် အလွန်ဆိုးရွားသည်။ ယခုဆိုလျှင် သုံးပုံတစ်ပုံခန့် ကတ္တရာလမ်းခင်းပြီးပေပြီ။ လျှပ်စစ်မီးလည်း မြို့နယ်အနောက်ဘက်ခြမ်း ရွာအတော်များများ လင်းနေပြီဖြစ်သည်။ သို့သော် ကျွန်တော်စိတ်မကောင်းဖြစ်မိသည်မှာကား လမ်းမကြီးတစ်လျှောက်ရှိ တောဧရိယာအမြောက်အများမှာ စိုက်ပျိုးမြေအဖြစ်သို့ ပြောင်းလဲနေပေပြီ။ တစ်ရွာနှင့် တစ်ရွာအကြား အင်တိုင်းတောများမှာ ခပ်ကျဲကျဲသာကျန်တော့သည်။ အရိပ်အာဝါသကောင်းသော အချို့အပင်ကြီးများလည်း မရှိတော့ပြီ။

ကျွန်တော့်ဘိုးဘွားများလက်ထက်က ကောလင်းမြို့သို့ ‌ခြေလျင်၊ လှည်း၊ စက်ဘီးတို့ဖြင့် သွားခဲ့ကြရသည်။ ထိုခေတ်က ကောလင်းနှင့်ရွာဘက်ကို နေချင်းပြန်ဖို့ မလွယ်လှပေ။ ခမောက်တောင်ကွင်းမရောက်ခင် လမ်းခုလတ်တွင်ကား ‘လှံထိုးသရက်ပင်’ဟုခေါ်သော သရက်ပင်အကြီးကြီးတစ်ပင်ရှိခဲ့သည်ဟု မကြာခဏပြောသံကြားဖူးသည်။ ထိုသရက်ပင်နားတစ်ဝိုက်တွင် ရံဖန်ရံခါ ဓါးပြတိုက်ခံရတတ်သည်ဆို၏။ ယခုမူ ထိုသရက်ပင်ကြီးမရှိတော့ပေ။ အပင်ငုတ်နေရာကိုလည်း အသက်ကြီးပိုင်းလောက်သာ သိတော့သည်။ ဤသည်ကိုထောက်ခြင်းဖြင့် ကောလင်း-ကျွန်တော်တို့ရွာဘက်လမ်းသည် ဓါးပြများပုန်းခိုနေနိုင်လောက်အောင်ပင် တောတောင်ထူထပ်ကြောင်း ခန့်မှန်းသိရှိနိုင်၏။

ကျွန်တော် ကောလင်း အ.ထ.က(၁) အထက်တန်းကျောင်းသားဖြစ်ချိန်တွင် ဆိုက်ကယ်၊ ကားခေတ်ကို ရောက်ခဲ့ပေပြီ။ ဓါးပြမဆိုထားဘိ လမ်းတစ်လျှောက်တွင် တောကြီးကြီးမားမားပင် မရှိတော့ပေ။ သို့သော် စိမ်းညို့မည်းမှောင်နေသော တောအုပ်ကြီးတစ်အုပ်ကား ကျန်ရှိနေသေးသည်။ ထို‌တောကြီးကား သစ်တောဦးစီးဌာနမှ စိုက်ပျိုးတည်ထောင်ထားသော ကျွန်းစိုက်ခင်းကြီးပေတည်း။ ‘ကျွန်းတော’ ဟု လူသိများသည်။ ကျွန်တော်တို့ရွာဘက်မှ ကောလင်းမြို့သို့သွားလျှင် အချိန်းအချက်ပြုလုပ်သောနေရာဆိုလျှင်လည်း မမှားပေ။
ထိုကျွန်းခင်းကြီးကို ၁၉၇၇ ခုနှစ်ဝန်းကျင်ခန့်က စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး တစ်အိမ်ကို ကျွန်းစေ့တစ်ပြည်စီစုပေးရကာ ကျွန်တော်တို့ဘိုးဘွားများကိုယ်တိုင်လည်း စိုက်ပျိုးခဲ့ရသည်ဟု သိရသည်။ တည်ထောင်သည့်ခုနှစ်နှင့် စိုက်ခင်းဧရိယာအကျယ်အဝန်းမှာ ကောလင်းသစ်တောရုံးတွင် အတိအကျရှိပေလိမ့်မည်။ ၂၀၁၇ခုနှစ်၊ အောက်တိုဘာလကုန်တွင် ကျွန်တော် သစ်တောတက္ကသိုလ်ကျောင်းဆင်းပြီး ရွာဘက်ပြန်ရောက်သောကြောင့် လွန်ခဲ့သည့် (၄) နှစ်ခန့်က ထိုကျွန်းတောကြီးအခြေအနေကို ယနေ့တိုင် မျက်စိထဲမြင်ယောင်မိနေသေးသည်။ နှစ်ပေါင်း (၅၀) နီးပါး သက်တမ်းရှိသောကြောင့် အပင်အများစုမှာ လုံးပတ် (၄) ပေ ခန့်ရှိသည်။ လမ်းဘက်ကျသော ကျွန်းပင်များမှာ အခြားအပင်များထက် လုံးပတ်ပိုကြီးသည်။ အလင်းရောင်ရရှိမှုများသောကြောင့် အကိုင်းအခက်များသည်။ အတွင်းဘက်အပင်များမှာ Self-pruning ဖြစ်ကာ ကိုင်းအနည်းငယ်သာဖြာထွက်လျက်ရှိပြီး ပင်စည်ဖြောင်းတန်းလှသည်။ အချို့နေရာများတွင် လုံးပတ်များသေးပြီး ကျပ်သိပ်နေ၍ ပင်ကျပ်နုတ် (Thinning)ခြင်း အားပျော့ခဲ့သည်ဟု ကျွန်တော် ကောက်ချက်ချမိသည်။

ကျွန်းတောကြီးကား ယခုမရှိတော့ပြီ။ ၂၀၂၁ ခုနှစ်၊ ဧပရယ်လဆန်းပိုင်း ည (၇) နာရီခန့်တွင် ကျွန်တော် ရွာပြန်လာသည်။ ကျွန်းတောကြီးသို့ရောက်သောအခါ မီးများထွန်းပြီး ရွာသားများဝိုင်းခုတ်နေကြသည်ကို ကျွန်တော်ရင်နင့်ဖွယ်တွေ့ရသည်။ မည်သူမျှ ဟန့်တားမည့်သူမရှိသောကြောင့် ထင်တိုင်းကျဲနေတော့သည်။ ရွာသားအချို့၏ပြောစကားများမှာ ‘ငါတို့မခုတ်ရင် သူတို့ခုတ်သွားမှာ’ ဟူသတည်း။ မည်သူမျှမခုတ်ရလေအောင် ကာကွယ်စောင့်ရှောက်ဖို့ကား ပြည်သူများအနေဖြင့် တွေးမိပုံမပေါ်ချေ။

နိုင်ငံရေးမတည်ငြိမ်မှုများကိုအခွင့်ကောင်းယူလျက် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်၊ ချပ်သင်းဘေးမဲ့တော၊ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအပါအဝင် ကျွန်းနှင့်သစ်မာစိုက်ခင်းများတွင် သစ်ခိုးထုတ်မှုများအကြောင်းဖတ်မိတိုင်း ကျွန်တော်လွန်စွာစိတ်မကောင်းဖြစ်မိသည်။ ပြည်သူများအနေဖြင့် သစ်တောသယံဇာတများကို သစ်တောဝန်ထမ်းများသာလျှင် ကာကွယ်စောင့်ရှောက်ကြရမည်ဟု တစ်ထက်ကျ မှတ်ယူထားပုံရသည်။ အမှန်ကား အမိနိုင်ငံပိုင်သစ်တောများသည် ပြည်သူ့သယံဇာတများပင်ဖြစ်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကပင် စောင့်ရှောက်ကြရမည်။ ပြည်သူမပါဝင်သော သစ်တောသယံဇာတစီမံအုပ်ချုပ်မှုစနစ်သည် အချည်းနှီးသာတည်း။ သစ်တောဦးစီးဌာန၏ ဝန်ထမ်းအင်အားသည် မြန်မာတစ်ပြည်လုံးရှိ သစ်တောဧရိယာများကို ကာကွယ်စောင့်ရှောက်ဖို့မဖြစ်နိုင်ပေ။ ဤအရေးအခင်းကာလကြီးတွင် ‘ပြည်သူ့သယံဇာတများကို ပြည်သူသာလျှင် စီမံခန့်ခွဲပြီး ကာကွယ်စောင့်ရှောက်ကြရမည်’ဆိုသောအသိကိုရစေဖို့ ကျွန်‌တော်တို့ဘိုးဘွားများ သွေးချွေးရင်းပြီး အပင်ပန်းခံကာ တည်ထောင်ခဲ့သောစိုက်ခင်းများနှင့် စတေးခဲ့ရလေပြီ။ အရင်းကြီးလှပေစွတကား။ ယခုဆိုလျှင် CDM သစ်တောဝန်ထမ်းအများအပြားကြောင့် ရှေးကထက်ပင် သစ်တောများကို စောင့်ရှောက်မှုမပေးနိုင်တော့ပေ။ ဝန်ထမ်းအင်အားနည်းခြင်းနှင့် အရေးအခင်းကို အကြောင်းပြုပြီး ပြည်သူလူထုအနေဖြင့် သစ်ခိုးထုတ်မှုများ မပြုလုပ်သင့်ပေ။ သစ်တောကောင်းတစ်ခုဖြစ်ဖို့ရန် နှစ်ပေါင်းများစွာ ပြုစုရင်းနှီးထားရပေသည်။

နောင်လာနောက်သားများအတွက်ရှေ့ရှုပြီး ထိန်းသိမ်းရေးလုပ်ငန်းများအပြင် ပျိုးထောင်စိုက်ပျိုးပေးခဲ့ကြသော ကျွန်တော်တို့ဘိုးဘွား၊ မိဘ၊ ဆရာသမားနှင့် သစ်တောဝန်ထမ်းများ၏ စေတနာ၊ အနစ်နာတို့ကို ထောက်ရှုသင့်သည်။ မည်သည့်ဘေးမဲ့တော၊ စိုက်ခင်း၊ ကြိုးဝိုင်း၊ ကြိုးပြင်မှ ခိုးထုတ်ခံရစေကာမူ မြန်မာပြည်သယံဇာတ ကုန်သွားသည်သာဖြစ်သည်။ ပြည်သူပြည်သားများအနေဖြင့် မိမိပစ္စည်းဥစ္စာဆုံးရှုံးသွားသကဲ့သို့ နှလုံးသွင်းထားရမည်။ သစ်တောသစ်ပင်များကိုလည်း ချစ်သောမျက်လုံးများဖြင့် ကြည့်ကြစေလိုသည်။ အရေးအခင်းကာလအတွင်း သစ်တောသယံဇာတများ ဆုံးရှုံးမှုမှာ မတွေးဝံ့စရာပင်။ ကိုယ်ကျိုးအတွက်သာကြည့်သော သစ်သူခိုး/ပွဲစားများကို ပြည်သူလူထုအနေဖြင့် ဝိုင်းဝန်းတားဆီးကြရမည်။ သစ်တောများကျန်ရှိမှသာလျှင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို အခြေပြုသော ဖက်ဒရယ်သယံဇာတအုပ်ချုပ်မှုစနစ်ယန္တယားကို အကောင်အထည်ဖော်နိုင်ပေလိမ့်မည်။ ကုန်ဆုံးသွားသည့် သစ်တောသစ်ပင်များအား ပြန်လည်ကုစားရန် စိုက်ပျိုးပြုစုခြင်းလုပ်ငန်းများတွင်လည်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံး တက်ကြွစွာပါဝင်ကြရမည်။
သစ်ပင်ပန်းမန်စိုက်ပျိုးခြင်းသည် ကြီးမားသောကောင်းမှုကုသိုလ်တော်ဖြစ်ကြောင်း ကျေးဇူးရှင် မန်လည်ဆရာတော်ဘုရားကြီး၏ ‘မဃဒေဝလင်္ကာ’တွင် တွေ့နိုင်၏။ ဆရာတော်ဘုရားကြီးသည် ပါဠိတော်များမှာလာသော အသက်ရှည်ကြောင်းကောင်းမှုများကိုစုစည်းပြီး ‘အသက်ရှည်ကြောင်း ကောင်းမှု(၆)ပါး’ကို အောက်ပါအတိုင်း ရေးသားပြုစုတော်မူထားသည်။
‘ရေ’ နှင့် ‘ဆေး’၊ ‘ကျောင်း’
‘အဟောင်းပြင်ဆင်’
‘ဥယျာဉ်’တစ်ဝ
‘သီလ’မည်သာ
ဤခြောက်ဖြာကား
ဒီဃာယုက၊ အာရောဂျဟု
ပုညခေါ်ရိုး အလှူမျိုးမို့
အားကျိုးသမှု ဆောက်တည်ပြုလော့။
သစ်ပင်ပန်းမန်စိုက်ပျိုးသူများအဖို့ ကောင်းမှုကြီးခြောက်ပါး(၁.ရေလှူခြင်း ၂.ဆေးလှူခြင်း ၃. ကျောင်းဆောက်လှူခြင်း ၄. ဘုရား၊ ကျောင်း၊ ဇရပ်၊ တံတား ဟောင်းများ ပြင်ဆင်ခြင်း ၅. သစ်ပင် ပန်းမန်စိုက်ခြင်း နှင့် ၆. ရှစ်ပါးသီလ ဆောက်တည်ခြင်း)အနက် ၅. သစ်ပင် ပန်းမန်စိုက်ခြင်း ကောင်းမှုကြောင့် အခြားကောင်းမှုများနှင့် တူသောအကျိုးဖြစ်သော ‘ဒီဃာယုက၊ အာရောဂျ’ – အသက်ရှည်၊ အနာကင်း၊ ကျန်းမာခြင်းဆုလာဘ်တို့ကို ရရှိကြလိမ့်မည် (သီတဂူဆရာတော်ဘုရားကြီး၏ တရားတော်မှကောက်နှုတ်ချက်)။ သစ်ပင်စိုက်သော သင်တို့၏လက်တစ်စုံသည် အမြဲတမ်းလှပနေမည်။ သစ်တောချစ်သော သင်တို့၏စိတ်သည် ထာဝစဉ်အေးချမ်းနေလိမ့်မည်။

သို့ဖြစ်ပါ၍ နောင်သံသရာအတွက်အကျိုးရှိမည့်အပြင် ဖက်ဒရယ် သယံဇာတအုပ်ချုပ်မှုစနစ် (Resource Federalism) အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လက်ကျန်တောများလည်း ထိန်းသိမ်းစောင့်ရှောက်ရင်း သစ်ပင်ပန်းမန်များ စိုက်ပျိုးကြပါဟု တိုက်တွန်းလိုက်ရပေတော့သည်။

 

ကျော်မျိုးလွင် (ကောလင်း)

About The Author

greenness_mm

No Comments

Leave a Reply