ဘယ်တော့မှ လက်လျှော့လို့မရတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

ဘယ်တော့မှ လက်လျှော့လို့မရတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

ကမ္ဘာ့အပူအချိန် တဖြည်းဖြည်းမြင့်တက်နေသည်။ ကမ္ဘာ့လေထုလည်း ညစ်ညမ်းနေသည်။ သစ်တောတွေလည်း ပြုန်းတီးနေဆဲဖြစ်သည်။ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာနေသည်။ စိုက်ပျိုးရေးတွေမှာ မြေဆီလွှာနှင့် ကျန်းမာရေးကို ဒုက္ခပေးသည့် ပိုးသတ်ဆေး၊ မြေသြဇာတွေ သုံးနေကြဆဲဖြစ်သည်။ ပလစ်စတစ်ကိုလည်း လွယ်လွယ်သုံးလွယ်လွင့်ပစ်နေကြသည်။ မြစ်တွေချောင်းတွေ ညစ်ညမ်းပြီး ကောကုန်သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေက ပြောလို့ပင်ကုန်နိုင်ဖွယ်မရှိပါ။
သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကိုကြည့်ပြီး ထိန်းသိမ်းနိုင်ပါ့မလား ဟု တွေးထင်စရာဖြစ်ပါသည်။ ထို့နောက် ငါတစ်ယောက်ထဲ ထိန်းသိမ်းနေရုံနဲ့ရော ထူးပါ့မလားဟု နောက်ဆက်တွဲ အတွေးဝင်နိုင်ပါသည်။ ထိုကဲ့သို့အတွေး ဝင်လာလျှင် ဖျောက်ဖျက်ပစ်လိုက်ပြီး ကိုယ်တတ်နိုင်သလောက် ဆက်လက်ထိန်းသိမ်းကြပါလို့ တိုက်တွန်းလိုပါသည်။
မိုးရေတစ်ပေါက်ခြင်းစုဆောင်းရာကနေ ရေကန်တွေဖြစ်လာသလို ၊ မြက်ပင်တစ်ပင်ခြင်းစုပေါင်းရာကနေ မြက်ခင်းတွေဖြစ်လာသလို သဘာဝပတ်ဝန်းကျင်ကိုလည်း တစ်ဦးချင်းထိန်းသိမ်းသူတွေများလာလျှင် မုချအောင်မြင်ရမည်ဖြစ်သည်။ မအောင်မြင်လို့လည်းမရ။ သဘာဝပတ်ဝန်းကျင် လုံးဝပျက်စီးသွားလျှင် လူအပါအဝင် သတ္တဝါတွေ အသက်မရှင်နိုင်ပါ။ ထိန်းသိမ်းမည်လား၊ အသေခံမည်လား နှစ်ခုထဲက တစ်ခုကိုရွေးကြရမည်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလျှင် အရင်သေကြေပျက်စီးကြတာက တိရိစ္ဆာန်တွေဖြစ်သည်။ လူကတော့ အသိဉာဏ်မြင့် သတ္တဝါမို့ ရုတ်တရက်အချိန်တိုအတွင်း မသေနိုင်။ ရှင်အောင် နေနိုင်သေးသည်။ သို့သော် လူသည်လည်း ထိခိုက်မှုကို ခံရသည်သာဖြစ်သည်။ လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ဖတ်ခဲ့သော အမေရိကန်ဆောင်းပါးတစ်ပုဒ်ကို ရေးသူအမည်မမှတ်တော့သော်လည်း အကြောင်းအရာကိုမှတ်မိနေသည်။ ကမ္ဘာ့အပူချိန်ကြောင့် သေကြသည့်လူဦးရေက ရောဂါဖြစ်လို့သေသည့် လူဦးရေထက်များသည်ဟု ထိုဆောင်းပါးကဆိုပါသည်။ ယခုဆိုလျင် ပိုမိုများပြားနေမှာ သေချာသည်။
စိုက်ပျိုးရေးတွေမှာ ပိုးသတ်ဆေးသုံးသည့်ကိစ္စကိုလည်း ပြောရဦးမည်။ ပြီးခဲ့သည့်နှစ်က စာရေးသူတို့ရပ်ကွက်ထဲ ပိုးသတ်ဆေးဖြန်းထားခါစ ပန်းမုန်လာကို စားမိသဖြင့် တစ်မိသားစုလုံးသေခါနီးဖြစ်ခဲ့သည်။ ဒီလိုထင်သာမြင်သာရှိသည့် ကိစ္စမျိုးအပြင် မြေဩဇာနှင့် ပိုးသတ်ဆေးသုံးလွန်းသည့် သီးနှံတွေကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲကျန်းမာရေးပြသနာတွေမှာ ပြောမကုန်နိုင်အောင်ရှိနေပါသည်။
သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ကျွန်တော်တို့ရဲ့အပြုအမှုတွေကို ကျွန်တော်တို့ ပြောင်းကြရမည်။ သစ်တောပြုန်းတီးအောင်လုပ်သည့် လုပ်ရပ်တွေကို ကျွန်တော်တို့ ဆန့်ကျင်ကြရမည်။ မြစ်တွေညစ်ညမ်းအောင်လုပ်သည့်အလုပ်တွေကို ကျွန်တော်တို့ဆန့်ကျင်ကြရမည် ဖြစ်သည်။ စုပေါင်းအားနှင့် ပြုလုပ်လျှင် ထိရောက်မှုတစ်စုံတရာ ရကိုရလာမည်ဖြစ်ပါသည်။
မိမိကိုယ်တိုင်လည်း ပလစ်စတစ်အိတ်တွေမသုံးတာ၊ ချောင်းတွေ၊ မြစ်တွေထဲ အမှိုက်မပစ်တာ စတဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းတတ်သည့် အမှုအကျင့်တွေရှိကြရမည်ဖြစ်သည်။ ပြုန်းတီးသွားတဲ့သစ်တောတွေကို ပြန်လည်အစားထိုးစိုက်ပျိုးဖို့ စုပေါင်းလှုပ်ရှားမှုတွေ လုပ်လို့ရသည့်အချိန် ရောက်လာသည်နှင့် ချက်ချင်းလုပ်ဖို့ ပြင်ဆင်ထားကြရမည်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်လျှင် ကျွန်တော်တို့ လက်လျှော့လို့မရပါ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ လက်လျှော့လိုက်ခြင်းသည် ကိုယ့်မျိုးဆက်ကို လစ်လျူရူလိုက်ခြင်းပင်ဖြစ်ပါသည်။
ချမ်းမြ

About The Author

greenness_mm

No Comments

Leave a Reply