မဆင်မခြင်ဖမ်းဆီးစားသောက်မှုများကြောင့် လာမည့် ၅ နှစ်အတွင်း ရခိုင်တောင်လိပ်များ မျိုးသုန်းပျောက်ကွယ်သွားနိုင်

မဆင်မခြင်ဖမ်းဆီးစားသောက်မှုများကြောင့် လာမည့် ၅ နှစ်အတွင်း ရခိုင်တောင်လိပ်များ မျိုးသုန်းပျောက်ကွယ်သွားနိုင်

ရခိုင်ပြည်နယ်တွင်သာရှိသည့် ရခိုင်တောင်လိပ်မျိုးစိတ်မှာ မဆင်မခြင် ဖမ်းဆီးစားသောက်မှုများကြောင့် လာမည့် ၅ နှစ်တာအတွင်း မျိုးသုန်းပျောက်ကွယ်သွားနိုင်သည့်အရေးနှင့် ကြုံတွေ့နေရကြောင်း လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့ထံမှ သိရသည်။
ရခိုင်တောင်လိပ်မျိုးစိတ်မှာ ကမ္ဘာပေါ်တွင် ရခိုင်ပြည်နယ်တစ်ခုတည်းသာတွေ့ရှိနိုင်သည့် မျိုးစိတ်တစ်ခုဖြစ်ပြီး လက်ရှိတွင် မျိုးသုဉ်းမည့်အန္တရာယ်နှင့် ကြုံတွေ့နေရသည့် မျိုးစိတ်တစ်ခုဖြစ်သည့်အပြင် ကမ္ဘာ့ပေါ်မှ မျိုးတုန်းပျောက်ကွယ်တော့မည့် လိပ်မျိုးစိတ် ၂၅ မျိုးထဲမှ တစ်မျိုးအပါအဝင်ဖြစ်ကြောင်း လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့ ဒါရိုက်တာ ဒေါက်တာကလျာကဆိုသည်။
ရွာအချို့မှာကတော့ အခုချိန်ထိ စားတဲ့သူက စားနေကြတုန်းဆိုတာကိုသိရတယ်။ ဒီလိုမျိုးသာ အရမ်းကြီးသတ်စားနေကြမယ်ဆိုရင်တော့ မျိုးတုန်းသွားမှာပါပဲ။ နောက်ဆယ်နှစ်လောက်အထိ မစားပဲထိန်းနိုင်လိုက်မယ်ဆိုရင် ဒီမျိုးစိတ်အတွက် အများကြီး အဆင်ပြေသွားမှာပါ ဟု သူကပြောသည်။
လက်ရှိစစ်တမ်းများအရ ရခိုင်ပြည်နယ်တွင် ရခိုင်တောင်လိပ်မျိုးစိတ်အကောင်ရေ ၁၀၀၀ ဝန်းကျင်ခန့်သာ ကျန်ရှိတော့ကြောင်းနှင့် ရခိုင်တောင်လိပ်ဟုခေါ်ဝေါ်သော်လည်း ၄င်းတို့မှာ တောင်ပေါ်တွင်ကျက်စားလေ့မရှိပဲ တောင်ခြေဝါးတောစပ်များတွင် ကျက်စားနေထိုင်လေ့ရှိပြီး နေ့ဘက်တွင်ပုန်းအောင်းနေထိုင်လေ့ရှိသော မျိုးစိတ်တစ်မျိုးဖြစ်ကြောင်း ဒေါက်တာကလျာက ပြောသည်။
သူတို့တွေဟာ အစာမစားပဲလဲပုန်းပြီးနေနိုင်တယ်။ ကျွန်မတို့လေ့လာချက်တွေအရ အချို့လတွေဆိုရင် တစ်နေရာတည်းမှာပဲ နေတာကိုတွေ့ရသလို အချို့လတွေဆိုရင်လည်း တောင်ခုနှစ်တောင်လောက်ကို ဖြတ်သွားတာမျိုးတွေ့ရတယ်။ သွားလည်းအရမ်းသွားနိုင်တယ်။ သူက အရမ်းကြံ့ကြံ့ခံနိုင်တယ်။ လှောင်ထား ရင်တောင် သံဇကာတွေကိုတွယ်ပြီးတက်နိုင်တယ်ဟု ၎င်းကရှင်းပြသည်။
မိမိတို့အနေဖြင့်လည်း ပြည်သူများကို အသိပညာပေးမှုများဆက်တိုက် လုပ်ဆောင်ခဲ့သော်လည်း လက်ရှိတွင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းများကို ယခင်ကဲ့သို့လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း ဒေါက်တာကလျာကဆိုသည်။
ဒါဟာ ရခိုင်ပြည်နယ်ရဲ့ ရတနာတစ်ခုလို့လည်း ပြောလို့ရတယ်။ မြန်မာနိုင်ငံမှာ အခြားသတ္တဝါတွေရှာကြည့်၊ ကိုယ့်မြို့နဲ့ လူမျိုးနာမည်ကိုယ်စား ပေးထားတာရှားတယ် ဥပမာ- ရခိုင်မုန့်တီလိုပေါ့။ တစ်ကမ္ဘာလုံးမှာလည်း ရခိုင်မှာပဲရှိတာဆိုတော့ ထိန်းသိမ်းဖို့လည်းလိုအပ်ပါတယ် ဟု ၎င်းကပြောသည်။
အစားအစာအဖြစ် ဖမ်းဆီးစားသောက်မှု၊ သစ်တောများပြုန်းတီးလာမှုနှင့် တရုတ်နိုင်ငံသို့ တရားမဝင်တင်ပို့မှုများကြောင့် ရခိုင်တောင်လိပ်များ မျိုးတုန်းမည့်အန္တရာယ်နှင့်ရင်ဆိုင်လာရခြင်းဖြစ်ကြောင်းနှင့် လိပ်များမှာ ကမ္ဘာပေါ်တွင် သစ်ပင်စိုက်ပျိုးမှုအမြင့်ဆုံးမျိုးစိတ်ဖြစ်သည့်အတွက် ထိန်းသိမ်းရမည့်အရေးကြီးမျိုးစိတ်တစ်ခုဖြစ်ကြောင်း လေ့လာသူများကဆိုကြသည်။
မိုးတွင်းကာလတွင် လိပ်များကို ရခိုင်ရှိစျေးများတွင် ပုံစံမျိုးစုံဖြင့် ရောင်းချနေသည်ကိုတွေ့မြင်ရလေ့ရှိပြီး တာဝန်ရှိသူများမှ အရေးယူဆောင်ရွက်သည်များကိုမူမကြားမိကြောင်း စစ်တွေမြို့မှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။
လိပ်တွေကို မီးဖုတ်ပြီးရောင်းတာလည်းရှိတယ်။ အချို့ဆိုရင် ဒီအတိုင်းပုံးထဲထည့်ပြီး စျေးထဲထိုင်ရောင်းနေတာတွေလည်းရှိတယ်။ ဒီလိုရောင်းရင် စျေးစည်ပင်တို့ဘာတို့က အရေးယူတယ် ဘာညာတွေကိုလည်းမကြားမိဘူး။ တစ်လောကတော့ မြောက်ဦးမှာ အရေးယူမယ်ဆိုပြီး စည်ပင်ကစာထုတ်တာလောက်ပဲ ကြားမိတယ် ဟု ၎င်းကဆိုသည်။
လိပ်များကို မီးဖုတ်ရောင်းချမှုများရှိခဲ့သဖြင့် သတ်ဖြတ်ရောင်းချသူများကို ထောင်ဒဏ် ၃ နှစ်မှ ၁၀ နှစ်အထိချမှတ်နိုင်ကြောင်း မြောက်ဦးမြို့နယ်စည်ပင်မှ သြဂုတ်လ ၃၀ ရက်နေ့က စျေးအတွင်း လိုက်လံသတိပေးမှုများ ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် ကုန်းလိပ်နှင့် ရေချိုလိပ်မျိုးစိတ် ၂၆ မျိုးရှိပြီး အာရှတိုက်တွင် အင်ဒိုနီးရှား၊ အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့ပြီးလျှင် မြန်မာနိုင်ငံသည် စတုတ္ထမြောက် လိပ်အကောင်ရေအများဆုံးရှိရာနိုင်ငံတစ်ခုဖြစ်ကြောင်း လိပ်မျိုးစိတ်ထိန်းသိမ်းရေးအဖွဲ့များထံမှ သိရသည်။
#crd
DMG ၊ စက်တင်ဘာ ၁၂
# R005
Photo Crd – WCS Myanmar

About The Author

greenness_mm

No Comments

Leave a Reply