မိုးကုတ်

မိုးကုတ်

 

မိုးကုတ်မြို့သည် မြန်မာနိုင်ငံအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်တွင် ပါဝင်သော မြို့နယ်ရုံးစိုက်မြို့ဖြစ်သည်။ ကမ္ဘာတွင် အကောင်းဆုံး ပတ္တမြား သည် မိုးကုတ်မှ ထွက်သည်။ ထို့ကြောင့် ပတ္တမြား၊ နီလာ စသော ကျောက်မျက်ရတနာ ထွက်ရာဒေသအဖြစ် မြန်မာနိုင်ငံတွင် သာမက ကမ္ဘာတွင် ထင်ရှားသည်။ ဗြိတိသျှတို့ သိမ်းပိုက်စက မိုးကုတ်မှာ ခရိုင်ဖြစ်၍ ပတ္တမြားတွင်းခရိုင်ဟု ​ခေါ်ခဲ့ကြသည်။

မိုးကုတ်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းကုန်းပြင်မြင့်၏ အနောက်ဖက်စွန်းတွင် တည်ရှိသည်။ မိုးကုတ်မြို့၏ အရှေ့ဖက်နှင့် မြောက်ဖက်တွင် မိုးမိတ်မြို့နယ်၊ တောင်ဖက်တွင် ကျောက်မဲမြို့နယ်၊ အနောက်ဖက်တွင် သပိတ်ကျင်းမြို့နယ်တို့ တည်ရှိသည်။ မိုးကုတ်မြို့သည် ဧရာဝတီမြစ်၏ အရှေ့ဖက် (၃၆)မိုင် ကွာဝေးပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၃၈၀၀)တွင် တည်ရှိသော တောင်ပေါ်မြို့တစ်မြို့ ဖြစ်သည်။

အပူပိုင်းဒေသအတွင်း ကျရောက်သော်လည်း မြင့်မားသော တောင်တန်းကြီးများ ရှိသောကြောင့် သမနွေးစွတ်စိုသော ရာသီဥတု ရှိသည်။ တောင်ပေါ်ဒေသဖြစ်၍ အေးမြသော ရာသီဥတုရှိကာ အမြင့်ဆုံးအပူချိန် ၉၅.၄ဒီဂရီ ဖာရင်ဟိုက်နှင့် အနိမ့်ဆုံးအပူချိန် ၃၀.၂ဒီဂရီ ဖာရင်ဟိုက် ရှိသည်။ ပုံမှန်မိုးရေချိန်မှာ (၁၀၇.၅၈)လက်မ ဖြစ်ပြီး ပုံမှန်မိုးရွာရက်မှာ (၁၃၅.၇)ရက် ဖြစ်သည်။ လေတိုက်နှုန်းမှာ ပုံမှန်အားဖြင့် အနောက်တောင်ဘက်မှ တစ်နာရီလျှင် တစ်မိုင်မှ ငါးမိုင်ခန့်အထိ တိုက်ခတ်လေ့ရှိပြီး ရာသီဥတုဆိုးရွားသော အချိန်များ၌ မြောက်ဘက်၊ အရှေ့မြောက်ဘက်နှင့် အနောက်တောင်ဘက်များမှ တစ်နာရီလျှင် (၂၅)မိုင်ထိ တိုက်ခတ်လေ့ရှိသည်။

တစ်မြို့နယ်လုံးရှိ မြေဧရိယာမှာ (၂၉၀၃၀၅)ဧကရှိပြီး သစ်တောကြိုးဝိုင်းအနေဖြင့် မိုးကုတ်ကြိုးဝိုင်း (၇၅၉)ဧက၊ ကျပ်ပြင်ကြိုးဝိုင်း (၁၂၈၆)ဧက၊ အုန်းကိုင်းကြိုးဝိုင်း (၄၈၁၅)ဧက၊ ကသည်းကြိုးဝိုင်း (၁၉၈၇)ဧက၊ ရွာသာယာကြိုးဝိုင်း (၆၁၄၄)ဧက၊ ရွှေဥဒေါင်းဘေးမဲ့ကြိုးဝိုင်း (၁၀၈၅၂)ဧက၊ နမ့်ပန်သဲနီ တိုးချဲ့ကြိုးဝိုင်း (၂၁၁၂၀)ဧက၊ နန်းဝ တိုးချဲ့ကြိုးဝိုင်း (၁၀၄၄၀)ဧကနှင့် ကြိုးပြင်တော (၂၅၃၄၀)ဧက ဖြစ်သည်။ သတ္ထုတွင်းမြေမှာ (၆၁၂)ဧက ဖြစ်သည်။

မိုးကုတ်မြို့ကို သက္ကရာဇ် ၅၇၉ ခုနှစ်တွင် တည်သည် ဟုဆို၏။ ထိုစဉ်က မိုးမိတ်စော်ဘွားများ၏ လက်အောက်ခံ ဖြစ်ခဲ့သည်။ ထိုနောက်တွင်ကား မြန်မာဘုရင်များက ပိုင်သည့် အခါပိုင်ခဲ့၍၊ မိုးမိတ်စော်ဘွားများ၏ လက်တွင် တည်မြဲသည့် အခါ တည်မြဲခဲ့လေသည်။ သာလွန်မင်းလက်ထက်တွင် ရှမ်းတို့ မိုးကုတ်နယ်မြေကို လက်လွှတ်ရပြန်သည်။ မင်းတုန်းမင်း လက်ထက်တွင် မိုးကုတ်မှ ပတ္တမြားတို့ကို တူးဖော်ပြီးလျှင် အနောက်နိုင်ငံသားများနှင့် အရောင်းအဝယ် ပြုသည်။ သီပေါမင်းလက်ထက်တွင် ပြင်သစ်တို့သည် မိုးကုတ်၌ ပတ္တမြားတူးဖော်လုပ်ကိုင်ခွင့် တောင်းဆိုရာ သဘောတူခွင့်ပြုချက်ရသည်တွင် အင်္ဂလိပ်တို့သည် ပြင်သစ်တို့ ခြယ်လှယ်မည်ကို အလွန်စိုးရိမ်ခဲ့သည်။ ခရစ် ၁၈၈၆ ခုနှစ်တွင် အင်္ဂလိပ်တပ်များ မိုးကုတ်မြို့ သို့ ချီတက်လာစဉ် မိုးကုတ်မြို့သား ဗိုလ်သာစီနှင့် ဗိုလ်ရွတ်တို့ဦးဆောင်ကာ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက် ကြသေး၏။

အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းပြီးသည့် နောက်တွင် ပတ္တမြားတွင်းခရိုင်ဟု ဖွဲ့စည်းခဲ့၍ မိုးကုတ်သည် ခရိုင်ရုံးစိုက်မြို့ ဖြစ်ခဲ့၏။ ၁၉၂ဝ ပြည့်နှစ်တွင် မိုးကုတ် ပတ္တမြားတွင်းခရိုင်ကို ဖျက်လိုက်၍ ကသာခရိုင်နှင့် ပေါင်းလိုက်သောအခါ နယ်မျှသာ ဖြစ်လာလျက် မိုးကုတ်မြို့သည် နယ်ပိုင်ရုံးစိုက်မြို့ဖြစ်လာသည်။ စစ်ပြီးခေတ်ဖြစ်သော ၁၉၄၇ ခုနှစ်တွင် မိုးကုတ်နယ်ကို ရှမ်းပြည်နယ် တောင်တန်းဒေသနှင့်ပူးပေါင်းရန် ကြံစည်သေး သည်။ မအောင်မြင်ပေ။ ၁၉၄၇ ခုနှစ်မှစ၍ ပြင်ဦးလွင်ခရိုင်တွင် နယ်တစ်ခုအဖြစ်ပါဝင်သွားလေသည်။

မိုးကုတ်မြို့နယ်သည် ကျောက်တောင်ထူထပ်၏။ ပေ ၇,၅ဝဝ ကျော်မြင့်သောတောင်များရှိသည်။ တောင်များမှာ လျှို၊ မြောင်၊ ချောက်များဖြင့် ပြတ်လျက်ရှိသည်။ ဤကျောက်များကား လိပ်သည်းကျောက်၊ ပုံဆောင်ထုံးကျောက်တို့ ဖြစ်၏။ ယင်းကျောက်များမှ ပတ္တမြား၊ နီလာ၊ ကျောက်နီအပြင် ဣန္ဒနီလာ၊ ဥဿဖယား၊ ဖရဲအူ၊ မျော၊ ပြောင်ခေါင်းစိမ်း၊ အညံ့ကျောက်၊ ရွှေတွင်းဝါ၊ နဂါးသွဲ့မှတ်မီး စသည်တို့ ထွက်သည်။

Ref: internet
Photo: Lovely Ma Hlaing Hlaing

About The Author

greenness_mm

No Comments

Leave a Reply