မြစ်ထဲမှာ ရေချိုးဆော့ကစားခဲ့ရသူမို့ မြစ်ကိုချစ်တယ်

မြစ်ထဲမှာ ရေချိုးဆော့ကစားခဲ့ရသူမို့ မြစ်ကိုချစ်တယ်

ကျနော်တို့ ငယ်ငယ်ကတော့ မြစ်ဆိုတာ ရေချိုးရာနေရာ၊ ကစားရာနေရာတစ်ခုဖြစ်ခဲ့တယ်။ နွေရာသီ၊မိုးရာသီ၊ ဆောင်းရာသီသုံးခုလုံး မြစ်ထဲမှာ ရာသီအလိုက် ပျော်ပါးကစားခဲ့ကြတယ်။ နွေရာသီဆို မြစ်ထဲမှာရေချိုး၊ မြစ်ထဲမှာဆော့ကစား၊ မြစ်ထဲမှာငါးရှာခဲ့ကြရတယ်။

နွေရာသီဆို မြစ်ထဲမှာရေချိုးတဲ့အချိန်ဟာ အနည်းဆုံးနာရီဝက်တော့ကြာတယ်။ ရေချိုးရင် မြစ်ထဲမှာ စိန်လိုက်ပြေးတန်းကစားကြရတယ်။ ကိုယ့်ကိုမမီအောင် ရေအမြန်ကူးပြေးကြရ၊ ရေအောက်ကိုငုံ့ပြီး ပုန်းကြရနဲ့။ လိုက်တဲ့သူကလည်း ကိုယ့်လိုပဲအမြန်ကူးလိုက်၊ ရေအောက်ကို ငုပ်ပြီးရှာလိုက်နဲ့ အင်မတန်ပျော်စရာကောင်းခဲ့သလို ကိုယ်ခန္ဓာတွေလည်းသန်မာခဲ့တယ်။ နောက်တစ်ခုကစားနည်းက ဥသျှစ်သီးအမှည့်ကို ရေနက်ထဲပစ်ချပြီး အပြိုင်အဆိုင်ရေငုပ်ကာ ဥသျှစ်သီးကို ပြန်ယူရတဲ့ကစားနည်းဖြစ်တယ်။ ကြည်လင်နေတဲ့မြစ်ရေအောက်မှာ ဝင်းဝါနေတဲ့ ဥသျှစ်သီးမှည့်ကို အတိုင်းသားမြင်နေရတယ်။

မိုးရာသီမြစ်ရေတက်ချိန်ဆိုရင် မြစ်ထဲက ရှည်းတောမှာ မျောချပြီး ရေထဲမှာ ပေါ်နေတဲ့ ရင့်ရဲပင်တွေဆီသွားရတာ စွန့်စားခန်းတစ်ခုလိုပါ။ ရင့်ရဲပင်တစ်ပင်ကနေ နောက်တစ်ပင်ကိုကူးပြီး ရေနက်သထက်နက်ရာကို သူငယ်ချင်းတွေနဲ့အတူကူးပြီးသွားလာခဲ့ရတာကို မမေ့နိုင်ပါ။ ကမ်းပါးပေါ်ကနေ မြစ်ထဲကို ခုန်ချတဲ့အခါခုန်ချ၊ စွန့်စွန့်စားစား ဂျွန်းပစ်ခဲ့ရတာတွေကိုလည်း လွမ်းတုန်းပါ။ အိမ်မှာ လိုအပ်လို့ရယ်မဟုတ်ဘဲ မြစ်ထဲမျောလာတဲ့ ထင်းတုံးတွေ၊ သစ်တုံးကြီးတွေကို ဆယ်ယူနိုင်ခဲ့ရင် ပျော်ရွှင်ကျေနပ်ခဲ့ကြရပါတယ်။ ငှက်ပျောပင်တွေကို ဖောင်ဖွဲ့ပြီး ဖောင်စီးခဲ့ရတဲ့ အတွေ့အကြုံတွေကိုလည်း မမေ့ပါ။

မိုးနှောင်းဆောင်းဦးရာသီဆိုရင်တော့ ကျွန်တော်တို့ဟာ ကျောင်းပိတ်ရက်တိုင်း ငါးမျှားတံကိုယ်စီနဲ့ မြစ်ကမ်းနံဘေးကို ရောက်ကြပါတယ်။ အိမ်အတွက် ဟင်းစားလောက်တော့ လူတိုင်းရကြတာ မှတ်မိနေတယ်။ ငါးမျှားရာမှာ သိပ်ညံ့တဲ့ ကျနော်တောင် ဟင်းတစ်ခွက်စာတော့ ရတာပါပဲ။ ကိုယ်မျှားလို့ရတဲ့ငါးနည်းနေရင် ငါးရတဲ့နောက်တစ်နည်းရှိပါသေးတယ်။ အဲ့ဒါကတော့ ရေထဲမှာ ငါးများချိတ်နဲ့ ကျောက်တုံးတို့၊ ချုံတို့နဲ့ငြိနေတဲ့ သူမျှားငါးမျှားကြိုးကို အစားငုပ်ပေးရတာပါ။ ငါးများများရ အောင်မျှားနိုင်တဲ့သူက သူတို့ငါးမျှားကြိုး ရေအောက်မှာ ငြိနေတာကို ဆောင်းမနက်ခင်းမှာ ရေထဲဆင်းမငုပ်ချင်ကြပါဘူး။ ဒီတော့ ကျနော့်လိုငါးမျှားညံ့တဲ့ကောင်တွေကို ငါးတစ်ကောင်ပေးပြီး ငုပ်ခိုင်းလေ့ရှိပါတယ်။ နောက်ထပ်တစ်နီး အလွယ်တကူငါးရတဲ့နည်းကတော့ ငါးရံ့မျှားတာပါ။ ရေစပ်မှာ သစ်မြစ်တို့၊ ချုံပုတ်တို့ရှိတဲ့နေရာတွေမှာ ငါးရံ့တွေရှိတတ်ပြီး အဲဒီနေရာတွေမှာ အလွယ်တကူ ငါးရံမျှားလို့ရပါတယ်။ ငါးရံ့က ငါးမျှားချိတ်ကိုပါ ဗိုက်ထဲရောက်အောင်ထိမျိုတတ်တော့ ငါးမျှားချိတ်ပြန်ဖြုတ်ရတာ အလုပ်ရှုပ်တယ်ဆိုပြီး ကျနော်တို့လို ငါးမျှားညံ့တဲ့ ကောင်တွေကလွဲရင် မမျှားကြပါဘူး။ ကျနော်တို့ငယ်ငယ်က အဲ့လောက်ထိအောင်ငါးပေါခဲ့တာပါ။

ကျနော်တို့ရွာမှာ မြစ်ကိုအချစ်ဆုံးသူကိုပြပါဆိုရင် ဇော်မင်းထွေး ဆိုတဲ့ စကားမပြောတတ်တဲ့သူကို ပြရမှာပါ။ သူဟာ အားလပ်ချိန်တိုင်း မြစ်ထဲမှာလှေလှော်နေလေ့ရှိပါတယ်။ မြစ်ထဲမှာ လှေလှော်နေရရင်ပျော်နေတဲ့ဇော်မင်းထွေးပါ။ ဇော်မင်းထွေးဟာ ခုဆိုရင် အသက်လေးဆယ်ကျော်ရောပေါ့။ ခုထိလှေလှော်နေဆဲ၊ မြစ်ထဲမှာ စုံချည်ဆန်ချည်သွားနေဆဲ ဖြစ်တယ်လို့ ရွာကလူတွေက ပြောကြပါတယ်။ ဒါပေမယ့် ကျနော်တို့ငယ်ငယ် တုန်းကလောက် ဇော်မင်းထွေးအတွက် လှေလှော်စရာမြစ်ပြင် မရှိတော့တာတော့သေချာပါတယ်။ လှေလှော်ရမယ့်အစား ဒူးဆစ်လောက်တောင် မနက်တဲ့ရေကြောင်းမှာ ရေထဲဆင်းပြီး လှေကလေးကိုတွန်းနေမယ့် ဇော်မင်းထွေးကို မြင်ယောင်နေမိပါတယ်။

ခုခေတ်ကလေးတွေ ကျနော်တို့တုန်းကလောက်က် မြစ်နဲ့ထိတွေ့ခွင့်မရကြတော့ပါဘူး။သူတို့လေးတွေ မြစ်ထဲမှာ ဆော့ကစားရကောင်းမှန်းမသိတော့သလို မြစ်တွေကလည်း သူတို့ဆော့ကစားချင်လောက်အောင် ၊ ကစားသင့်လောက်အောင် သန့်ရှင်းမှုမရှိတော့ပါဘူး။ သူတို့လေးတွေဟာ မြစ်နဲ့ကင်းကွာလာကြတယ်။ မြစ်နဲ့ကင်းကွာလာတော့ မြစ်ကိုချစ်တဲ့စိတ်လည်း မရှိသလောက်နည်းသွားတာပေါ့။ ကလေးတွေကို သဘာဝနဲ့ရင်းနီးအောင် ကျနော်တို့ပြန်လည်ပြုပြင် သင့်ပါပြီ။ ကလေးတွေ ဆော့ကစားစေဖို့ မြစ်တွေ၊ ချောင်းတွေ သန့်ရှင်းအောင် စောင့်ရှောက်ကြရအောင်လို့ နိူးဆော်လိုက်ပါစေ။

ချမ်းမြ

About The Author

greenness_mm

No Comments

Leave a Reply