မြန်မာပြည်အောက်ဘက်နားက ရေအောက်မီးတောင်ရှင်

မြန်မာပြည်အောက်ဘက်နားက ရေအောက်မီးတောင်ရှင်

ကပ္ပလီပင်လယ်ထဲရှိ ဘားရင်ကျွန်း(Barren Island )သည် ရိုးရိုးကျွန်းမဟုတ်ဘဲ ရေအောက် မီးတောင်ရှင် တစ္လုံး၏ ရေပေါ် ပေါ်နေသောအပိုင်း ဖြစ်သည်။ မီတာ ၂၀၀၀ ကျော်နက်သော ပင်လယ်ကြမ်းပြင်ပေါ်တွင် အခြေပြုသည့် ယင်းမီးတောင်၏ ထိပ်ပိုင်းသည် မီတာ ၃၀၀ ကျော်မျှ ရေပေါ်သို့ ထိုးထွက်တည်ရှိနေသည်။ ကျွန်းသည် သုံးကီလိုမီတာကျယ်ပြီး မီးတောင်ထိပ်ဝ(caldera)သည် နှစ်ကီလိုမီတာ ကျယ်သည်။
ဘားရင်မီးတောင်သည် အင်ဒိုနီးရှားနိုင်ငံ ဆူမာထရာကျွန်းနှင့် မြန်မာနိုင်ငံအကြား ကွေးညွှတ် တည်ရှိသော ပြတ်ရွေ့တလျှောက်ရှိ တစ်ခုတည်းသော မီးတောင်ရှင် ဖြစ်သည်။ ယင်းမီးတောင်သည် ၁၇၈၇ ခုနှစ်နှင့် ၁၈၃၂ ခုနှစ်ကြားတွင် ပေါက်ကွဲမှုအများအပြား ဖြစ်ခဲ့ပြီး နှစ်ပေါင်း ၁၅၀ ကြာကျော် ငြိမ်သက်နေရာမှ ၁၉၉၁ ခုနှစ်တွင် ပြန်လည်လှုပ်ရှားလာကာ ပေါက်ကွဲခဲ့သည်။
ယင်းနောက်ပိုင်းတွင်လည်း အကြိမ်များစွာ လှုပ်ရှားပေါက်ကွဲခဲ့ရာ ၂၀၂၀ ဒီဇင်ဘာက ပေါက်ကွဲမှုတွင် ပြာများသည် လေထဲသို့ နှစ်ကီလိုမီတာမျှ ပန်းတက်ခဲ့သည်။ ၂၀၂၁ ခုနှစ်အတွင်းကလည်း တစ်ကြိမ် ပေါက်ကွဲခဲ့သည်။
ဘားရင်ကျွန်းမီးတောင်သည် တစ်ခါတစ်ရံ လပေါင်းများစွာ ကြာအောင် ပေါက်ကွဲနေတတ်သော်လည်း ပြင်းထန်ခြင်းမရှိ၍ ငလျင်ပညာရှင်များက ယင်းမီးတောင်ကို အန္တရာယ်ရှိသည်ဟု မသတ်မှတ်ချေ။
ဘားရင်ကျွန်းမီးတောင်သည် မြန်မာနိုင်ငံ မြိတ်ကျွန်းစုမှ အနောက်တည့်တည့် ကီလိုမီတာ ၅၀၀ ကျော်သာ ကွာဝေးသော်လည်း မြန်မာက မပိုင်ဘဲ ကီလိုမီတာ ၁၅၀၀ ခန့်ကွာဝေးသော အိန္ဒိယနိုင်ငံက ပိုင်ဆိုင်သည်။ လနှင့်ချီကြာအောင် ပေါက်ကွဲနေတတ်သော ယင်းမီးတောင်ကို အိန္ဒိယနိုင်ငံမှ သုတေသီများသာမက စိတ်ဝင်စားသူအချို့ပါ လာရောက်ကြည့်ရှုကြသည်။
ဦးကျော်ဦး

About The Author

greenness_mm

No Comments

Leave a Reply