“”မြို့ပြတွင် သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ””

“”မြို့ပြတွင် သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ””

သစ်ပင်သစ်တောများသည် ကျွန်ုပ်တို့ ရှင်သန်နေထိုင်ရာ ကမ္ဘာမြေကြီးအတွက် သဘာဝကပေးသော အဖိုးမဖြတ်နိုင်သည့် သယံဇာတအရင်းအမြစ်များသာလျှင် ဖြစ်ပေသည်။”ဥတုရာသီ၊တောကိုမှီ၏” ၊ “တောတောင်စိမ်းမှ စမ်းရေရ၏”စသော ဆောင်ပုဒ်များက သစ်ပင်သစ်တောများ၏ ​ဂေဟစနစ်အပေါ် လွန်စွာအကျိုးသက်ရောက်လျက်ရှိပုံကို ဖော်ပြနေပါသည်။

“သစ်တစ်ပင်ကောင်းလျှင် ငှက်တစ်သောင်းနားရသည်”ဟူသော ဆိုရိုးစကားလည်း ရှိပါသည်။
သစ်ပင်သစ်တောများရှိခြင်းက မြေ၊ရေ၊လေနှင့် သဘာဝပတ်ဝန်းကျင်ကို မျှတစေသည်။ရာသီဥတုကို သဟဇာတဖြစ်စေသည်။ဇီဝမျိုးစိတ်များကို လုံလုံလောက်လောက် အကာအကွယ်ပေးနိုင်သည့်အပြင် လူသားတို့ခိုလှုံရာ အဆောက်အအုံအဖြစ်သော်လည်းကောင်း၊ဆေးဝါး၊အသုံးအဆောင်ပရိဘောဂ အဖြစ်သော်လည်းကောင်း၊ထင်း၊မီးသွေး လောင်စာအဖြစ်သော်လည်းကောင်း စသဖြင့် ကဏ္ဍပေါင်းစုံမှ အကျိုးဖြစ်ထွန်းစေသည်။

သစ်ပင်သစ်တောများ စိမ်းလန်းစိုပြည်မှသာလျှင် ကာဗွန်သံသရာလည်ပတ်မှု အလိုလို အားနည်းကာ လေထုညစ်ညမ်းမှုအန္တရာယ်ကို လျော့ပါးသက်သာစေနိုင်မည်။သစ်ပင် သစ်တောများသည် ကျွန်ုပ်တို့လူသားများ နေ့စဥ်ရှူသွင်းနေရသော အောက်ဆီဂျင်ဓာတ်ငွေ့ကို လေထုထဲသို့ အဆက်မပြတ်ထုတ်လွှတ်ကာ အိုဇုန်းလွှာယိုယွင်းပျက်စီးမှုအန္တရာယ်လည်း အထိုက်အလျောက် ကာကွယ်တားဆီးပေးနိုင်ပါသည်။ ထို့ကြောင့် အမှန်တကယ် ကမ္ဘာကြီးသာယာလှပစေလိုလျှင် သစ်ပင်သစ်တောများကို စနစ်တကျ ထိန်းသိမ်းကြရပေမည်။သစ်တစ်ပင် ဆုံးရှုံးသွားသည့်နေရာတွင် သစ်ပင် ၁၀ ပင် အစားထိုးစိုက်ပျိုးကြရပေမည်။

သစ်ပင်သစ်တောများမှာ အချိန်တိုအတွင်း ကြီးထွားဖြစ်တည်လာသည်မဟုတ်။ လူသား တို့၏ စောင့်ရှောက်မှုဖြင့်ဖြစ်စေ၊သဘာဝ၏ ဖေးမကူညီမှုဖြင့်ဖြစ်စေ နှစ်ပရိစ္ဆေဒကြာအောင်စောင့်ဆိုင်းကြရသည်။ထို့ကြောင့် အလွယ်တကူ ခုတ်လှဲမပစ်သင့်ပေ။

မြို့ပြနှင့် သစ်ပင်

ကမ္ဘာ့မြေမျက်နှာပြင်၏ စတုရန်းကီလိုမီတာ ၄.၅ သန်းမျှသော မြေပြင်ကို မြို့များက နေရာယူထားသည်။ ၂၀၂၀ ပြည့်နှစ် စာရင်းအရ ကမ္ဘာ့လူဦးရေ သန်း ၄၄၀၀ သည် မြို့ကြီးများ၌ နေထိုင်ကြသည်။မြို့နေလူဦးရေဆက်လက်တိုးပွားလာနေရာ ၂၀၃၅ ခုနှစ်တွင် မြို့ကြီးများ၌ ကမ္ဘာ့လူဦးရေ၏ ၈၀ ရာခိုင်နှုန်းမျှ နေထိုင်ကြမည်ဟု ခန့်မှန်းကြသည်။
မြို့ကြီးများရှိ ကားများ၊စက်ရုံများ စသည်တို့မှထွက်သော ကာဘွန်ဒိုင်အောက်ဆိုဒ် ထုထည်သည် လေထဲရောက်ယင်းဓာတ်ငွေ့ပမာဏစုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းမျှရှိသည်။ကာဘွန်ဒိုင် အောက်ဆိုဒ်နှင့် အတူ နိုက်ထရိုဂျင်အောက်ဆိုဒ်၊အမိုးနီးယား၊ဆာလ်ဖာဒိုင်အောက်ဆိုဒ်နှင့် အိုဇုန်းတို့ လည်း မြို့များမှထွက်ပေါ်ကာ လေထုကိုညစ်ညမ်းစေလျက်ရှိသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်း ချက်အရ လေထုညစ်ညမ်းမှုကြောင့် နှစ်စဥ် လူ ၇သန်းမျှ သေဆုံးနေသည်ဟု ဆိုသည်။

ယင်းဓာတ်ငွေ့များကို တန်ပြန်နိုင်သည့် နည်းတစ်နည်းမှာ မြို့များတွင် သစ်ပင်များကို ဖြစ်နိုင် သမျှ များများစိုက်ပေးခြင်း ဖြစ်သည်။
သစ်ပင်များသည် အဆိပ်ဓာတ်ငွေ့အများစုနှင့် အမှုန်များကို ဖယ်ရှားပေးခြင်းဖြင့် လေထုညစ်ညမ်းမှုကို သက်သာရာရစေသည်။အရွယ်ရောက်ပြီး သစ်ပင်တစ်ပင်သည် တစ်နှစ်လျှင် ကာဘွန်ဒိုင်အောက်ဆိုဒ် ၁၅၀ ကီလိုဂရမ်ကို စုပ်ယူနိုင်သည်။ယနေ့ လန်ဒန်မြို့ရှိ သစ်ပင်များထဲ၌ ကာဘွန်တန်ချိန်ပေါင်း ၂သန်းခွဲမျှ စုပ်ယူသိုမှီးထားသည်ဟု ခန့်မှန်းကြသည်။

သစ်ပင်တစ်ပင်သည် တစ်နှစ်လျှင် ပေါင် ၂၆၀ မျှသော အောက်ဆီဂျင်ကို ထုတ်ပေးသည်။ မြို့များရှိ ကတ္တရာနှင့် ကွန်ကရစ်ပြင်များကထုတ်လွှတ်သော အပူဓာတ်သည် အလွန်များပြားသည်။ မြက်ခင်းတစ်ခုသည် နွေရက်တစ်ရက်တွင် ၄၂ ဒီဂရီထက် ပိုမပူနိုင်သော်လည်း ကတ္တရာပြင်သည် ၇၅ ဒီဂရီစင်တီဂရိတ်၊ ကွန်ကရစ်ပြင်သည် ၆၅ ဒီဂရီစင်တီဂရိတ်မျှ ပူပြင်းနိုင်သည်။

မြို့​ပြနယ်မြေသည် ယင်းအပူများကြောင့် ပတ်ပတ်လည်မြို့ပြင်နယ်မြေထက် ပိုပူနေသ
ဖြင့် မြို့ပြတို့ကို အပူကျွန်းများဟု ခေါ် ဝေါ်ကြသည်။မြို့ပြအပူကျွန်းများသည် ပတ်ဝန်းကျင်ထက် ပျှမ်းမျှ ၅ ဒီဂရီမှ ၁၀ ဒီဂရီအထိ ပိုပူသည်။
မြို့များတွင် စနစ်တကျတွက်ချက်သတ်မှတ်ထားသော နေရာများ၌ သစ်ပင်စိုက်ထားလျှင် သစ်ပင်မရှိသည်ထက် ၂ ဒီဂရီစင်တီဂရိတ်မှ ၈ ဒီဂရီစင်တီဂရိတ်ခန့် အပူချိန်လျော့နည်းသည်။သစ်ပင် များရှိခြင်း​​ကြောင့် မိုးရေများ မြေအောက်သို့ စိမ့်ဝင်နိုင်သည်။သစ်ပင်များ၏ အရိပ်ကြောင့် မြေပြင်မှ ရေငွေ့ပြန်ဆုံးရှုံးခြင်းကို လျော့ပါးစေသည်။

အိမ်ဝန်းကျင်၌ သစ်ပင်များရှိလျှင် သွေးတိုးနှင့် စိတ်ဖိစီးမှုလျော့နည်းသည့်အပြင် စိတ်
ကျန်းမာရွှင်လန်းစေကြောင်း သုတေသနပြုတွေ့ရှိပြီး ဖြစ်သည်။

မြို့ပြတွင် သစ်ပင်စိုက်ခြင်း၏ အကျိုးကျေးဇူးများ

မြို့ပြတွင် သစ်ပင်စိုက်ပျိုးခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများကို ရရှိစေပါသည်။

၁။ မြို့ပြအပူချိန်ကို လျှော့ချပေးခြင်း – မြို့ပြဒေသများတွင် သစ်ပင်များကို မဟာဗျူဟာကျသော
နေရာတွင်ထားပါက အပူချိန် (၂ မှ ၈) ဒီဂရီဆဲလ်စီးယပ်အထိ လျှော့ချပေးနိုင်စွမ်းရှိသည်။

၂။ လေထုအရည်အသွေးကိုထိန်းသိမ်းပေးခြင်း – လူသားများ၏ ကျန်းမာရေးကို ဒုက္ခပေးသော လေထု အမှုန်အမွှားများ – PM(Particulate Matter),CO(Carbon Monoxide), NO2(Nitrogen Dioxide),O3(Ozone), SO2(Sulphur Dioxide) တို့ကို သန့်စင်ပေးနိုင်စွမ်းရှိသည်။

၃။ ရေစီးဆင်းမှုကို ထောက်ပံ့ပေးခြင်း – ရေစီးဆင်းမှုများကိုထိန်းညှိပြီး ရေအရည်အသွေးကိုတိုးတက်
နိုင်အောင် သန့်စင်ပေးနိုင်စွမ်းရှိသည်။

၄။ ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်ကို ထိန်းညှိပေးခြင်း – ဖွံ့ဖြိုးသစ်ပင်ကြီးတစ်ပင်သည် တစ်နှစ်လျှင် ကာဘွန်ဒိုင်အောက်ဆိုဒ်ပေါင်း (၁၅၀) ကီလိုဂရမ်ကို စုပ်ယူနိုင်စွမ်းရှိသည်။

၅။ ထင်း၊ မီးသွေးပေးခြင်း – အိုဟောင်းခြောက်သွေ့သွားသော သစ်ပင်များကို ထင်းမီးသွေးများအဖြစ် သုံးနိုင်ပါသည်။

၆။ အစားအစာများပေးခြင်း – အိမ်တွင်း သီးပင်၊ စားပင်များ စိုက်ပျိုးထားပါက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများနှင့် ဟင်းခတ်အမွှေးအကြိုင်များ ပေးနိုင်စွမ်းရှိသည်။

၇။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး – မိမိအိမ်ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြေသော သစ်ပင်ပန်းပင်များရှိနေပါက စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်ဖို့ အထောက်အကူပြုနိုင်စွမ်းရှိသည်။

၈။ စွမ်းအင်ချွေတာနိုင်ခြင်း – သစ်ပင်များရှိခြင်းကြောင့် လေအေးပေးစက်အသုံးပြုမှုကို (၃၀%) လျှော့ချပေးနိုင်ပြီး အပူအတွက်အသုံးပြုသော စွမ်းအင်ကို (၂၀ မှ ၅၀%) အထိသက်သာစေသည်။

၉။ မြို့ပြဇီဝမျိုးစုံမျိုးကွဲများ တိုးပွားလာခြင်း – ကျက်စားရာနေရာများ ပံ့ပိုးပေးခြင်းဖြင့် ဇီဝမျိုးစုံ
မျိုးကွဲများကို ကာကွယ်ပေးနိုင်စွမ်းရှိသည်။ ဥပမာ – ငှက်၊ ရှဥ့်၊ ခရု စသဖြင့် ဖြစ်သည်။

၁၀။ အိမ်ခြံမြေ တန်ဖိုးတိုးမြှင့်နိုင်ခြင်း – သစ်ပင်များစိုက်ပျိုးခြင်းသည် အနာဂတ်၌ သင့်၏ပိုင်ဆိုင်မှု
တန်ဖိုးကို တိုးပွားစေသည်။

၁၁။ စိတ်ဖိစီးမှုများကို လျှော့ချပေးနိုင်ခြင်း – နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ပန်းနာရင်ကျပ် ရောဂါအခြေအနေများကို လျော့နည်းစေနိုင်စွမ်းရှိသည်။

အချုပ်အားဖြင့် ဆိုရသော် သစ်တောသစ်ပင်များသည် ကမ္ဘာမြေကြီးအတွက် သဘာဝက ပေးသော အဖိုးမဖြတ်နိုင်သည့် သယံဇာတအရင်းအမြစ်များ ဖြစ်ပါသည်။ယနေ့ ၂၁ ရာစုတွင် ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ နိုင်ငံတိုင်းလိုလိုတွင် မြစ်ရေကြီးခြင်း၊ တောမီးလောင်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ အပူလှိုင်း၊အအေးလှိုင်းများ ဖြတ်ခြင်း အစရှိသည့် ရာသီဥတုဖောက်ပြန်ပြောင်း လဲမှုများကို နှစ်စဥ်ကြုံတွေ့နေကြရသည်။ထိုသဘာဝဘေးအန္တရာယ်များကို သစ်ပင်သစ်တောများက အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါသည်။ထို့ကြောင့် အမှန်တကယ် ကမ္ဘာကြီး သာယာလှပစေလိုလျှင် သစ်ပင်သစ်တောများကို စနစ်တကျ ထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်းလေ့လာရေးသား အပ်ပါသည်။

ရေးသားသူ- မသန်းလှ(ပညာရေး)

About The Author

greenness_mm

No Comments

Leave a Reply