မြောက်ပြန်လေရဲ့ ဆိုရိုးစကား

မြောက်ပြန်လေရဲ့ ဆိုရိုးစကား

ဒီရာသီ ရောက်လာရင် ဓနိရည် အေးမြမြနဲ့ ဆောင်းဦး မနက်ခင်းကို လွမ်းပါရဲ့။ လမ်းလျှောက်ရင်း ခြေသလုံးမှာ နှင်းတွေဖတ်ဖတ်စိုပြီး ကပ်ငြိနေတဲ့ မြက်ဖျားသီးကလေးတွေက ယားကျိကျိ အရသာ။
ထိကရုန်း စူးမိတဲ့ ဒဏ်ရာတွေက ရှတတ အေးမြမြ။ အားပါးတရ ရှူ ရှိုက်ပြီး ပြန်လည် မှုတ်ထုတ်လိုက်တဲ့အခါ စီးကရက်မီးခိုးလို အထွေးလိုက် ပြန်ထွက်လာတဲ့ ဆောင်းငွေ့များ။ ရုတ်တရက် ဘင်္ဂလား ပင်လယ်အော်ဆီက ဖြတ်ပျံတိုက်ခတ်လာတဲ့ လေနွေးများ။ အုန်းပင်တန်းဆီကနေ အိပ်တန်းထ အုပ်ဖွဲ့ ပျံသန်းလာကြတဲ့ ဗျိုင်းအုပ်ဖွေးဖွေး မြူ ထွေးထွေး။ သစ်ပင်မြင့်တို့ဆီက တတောက်တောက် ကျဆင်းနေသော နှင်းသီးပေါက်များ။ နေရောင်ကို ငံ့လင့်တောင့်တနေသော မှိုင်းပြပြ ဝပ်စင်းနေတဲ့ ပတ်ဝန်းကျင်။ ခြံစည်းရိုးတိုင်ထိပ်မှာ သူ့ဝတ်ရုံလွှာကို တစ်ကိုယ်လုံးဖုံးအုပ်ထားတဲ့ စာခေါင်းကြီးတစ်ကောင်နဲ့အတူ အျခား ဆိုက်ဘေးရီးယား ဆောင်းရှောင် အာဂန္တုကလေးတွေလည်း တေးမဆိုနိုင်သေး။
ညိုပြာပြာ လတာဓနိတောထဲက ညှာခိုင်ဓနိနှုတ်သီးထိပ်မှာ တွဲချိတ်နေတဲ့ ဝါးကျည်တောက် ထိပ်မှာတော့ ပျားသေကလေးတွေ ရောထွေးကပ်ငြိနေတဲ့ အမြှုပ်အလေးတထွေထွေ မောင့်ကျက်သရေ ခေါင်းပေါင်းဝေလို့။ ငြိမ်သက်နေတဲ့ မြစ်ရေပြင်ပေါ်က အသံတိတ်ရွေ့လျောနေသော မှော်မြူ ငွေ့ထုများ။
ကစ္ဆပ၊ အဥ္စနနဲ့ ဝတီလေးရပ်ဆီ ဆယ်လမွန်ငါးတို့ အိမ်ပြန်ချိန် ရောက်လေပြီ။ ဆောင်းဦးပျိုမြစ်သည်ကား ရောင်နီမလာခင် ကြယ်တွေရဲ့ကမ်ဘာကို လုံလ၊ ဝီရိယ၊ ဉာဏ်ပညာနဲ့ ယဉ်ကျေးမှု ကြွယ်ဝသော သမိုင်းတစ်ခေတ် သစ်ပြန်လေဦးမည်။
ပျော်ရွှင်ခြင်း ပို့စကတ်လေးတွေ ပင်လယ်နဲ့ ရိုးမဆီ မြင့်မြတ်သော အဖဝိဉာဉ်နဲ့ ဆိုက်ရောက်လာပေပြီ။
ဇာတိမြေရဲ့ အထိအတွေ့ ပိုင်ဆိုင်မှုသည် ထိုသူတို့ရဲ့ အမြတ်ဆုံးထဲက ငြိမ်းချမ်းရေးလငြမ်းမြီဓမ္မပင် ဖြစ်ပါသည်။

#ကမ်းဝေး
၂၈၊ စက်တင်ဘာ၊ ၂၀၂၁
အင်္ဂါ၊ နံနက် ၅း၅၁
ကဗျာဆရာကမ်းဝေး၏ facebook မှ ကူးယူဖော်ပြပါသည်။

About The Author

greenness_mm

No Comments

Leave a Reply