ရန်ကုန်မှာ ဆောင်းပျောက်ပြီလား

ရန်ကုန်မှာ ဆောင်းပျောက်ပြီလား

အခု ဒီဇင်ဘာ ၆ ရက် ရောက်ခဲ့ပြီ။ ဆောင်းလား မိုးလား နွေလား မသဲကွဲသေး။ ပူချင်ရင် အပူကြီး ပူပြီး မိုးရိပ် မိုးငွေ့ကလည်း ရနေတတ်သေးတယ်။ ဆောင်းလို့ ပြောနိုင်တဲ့ သက်ေတက ဘယ်မလဲ။ နှင်းလား…၊ နှင်းကော ရှိသေးရဲ့လားလို့ မေးရတော့မယ်။ နှင်းပျောက်ပြီလား၊ ဆောင်းပျောက်ပြီလား၊

အထက်ပိုင်းဒေသက သူငယ်ချင်းတွေကတော့ ပြောရှာပါတယ်။ ” ငါတို့ဆီမှာတော့ နည်းနည်း အေးပြီ” တဲ့။ ကျနော့်မှာတော့ ရန်ကုန်မှာ နေနေရတော့ အေးတယ်ဆိုတာ ဘာမှန်းမသိတော့။
အရင်ကဆိုရင် နိုဝင်ဘာဆို စအေးပါပြီ။ အနွေးထည်အသစ်လေးနဲ့ မ‌နက်စောစော လမ်းထလျှောက်ရပြီ။ ဒီဇင်ဘာဆိုရင် ဆောင်းသရုပ်က ပိုပီပြင်လာပေါ့။ ‌နေ့လယ်ခင်း ပူမယ်ဆိုရင်တောင် မနက်ပိုင်းနဲ့ ညပိုင်းဟာ ဆောင်းပီသခဲ့ပါတယ်။

ကျနော် ဒီစာကို ရေးနေချိန်မှာ အကျီ မဝတ်နိုင်ပါဘူး။ အနွေးထည် ဝတ်ဖို့ဆိုတာ အဝေးကြီး။ ကျနော့် အနွေးထည်လေး ဘယ်မှာလဲ။ ဘယ်တော့ ဝတ်ရမှာလဲ။ အဲဒီလို ခံစားနေရချိန်မှာ ကဗျာဆရာ မိုးဟိန်းထက်ရဲ့ “ရန်ကုန် ဆောင်း” ဆိုတဲ့ကဗျာလေးကို ဖတ်မိပါတယ်။ ကျနော် ဘာပြောရမယ်မှန်းမသိတော့ဘူး။ သူလည်း အဲ့လို ခံစားနေရတာပဲ။ ရန်ကုန်နေ ပြည်သူတွေကော အဲ့လို ခံစားနေကြရလား။ ကဗျာလေးဖတ်ကြည့်ပါ။ တိုတိုလေးဆိုပေမယ့် ပြသွားတာအများကြီးလို့ ကျနော်ထင်ပါတယ်။

ရန်ကုန်ဆောင်း
…….

ဗီဒိုထဲက အနွေးထည်ကလေး
ကိုယ်ငွေ့ မလှုံရလို့
ချမ်းနေရှာပေါ့။ ။

မိုးဟိန်းထက်

ကဗျာကတော့ သုံးကြောင်းပါပဲ။ ကျနော် ဆက်တွေးနေတာက အများကြီး။ ဖြစ်နေတာတွေကလည်း အများကြီး။ သေချာတာကတော့ ရန်ကုန် မှာ အခုချိန်ထိ ဆောင်းပျောက်နေပြီ ဆိုတာပါပဲ။

ဒီစာကိုရေးနေရင်း နောက်ထပ် ရန်ကုန်ဆောင်း ဆိုတဲ့ ကဗျာတစ်ပုဒ်က ခေါင်းထဲ ရောက်လာပြန်တယ်။ ကဗျာဆရာ စိုးနောင်(မုံရွာ)ရဲ့ ကဗျာလေးပါ။

ရန်ကုန်ဆောင်း
=========
ညတုန်းက
လျှော်ပြီး လှမ်းထားတဲ့ အဝတ်ဟာ
မနက်ကျတော့ ခြောက်နေပြီ။

မနက်ခင်းကိုယ်တိုင်က
အိုက်လွန်းလို့ဆိုပြီး
ကိုယ်တုံးလုံးကြီး ချွတ်လို့။

နှင်းကို မမြင်ဖူးတဲ့
မုန်ညင်းပင်လေးတွေဟာ
စျေးကနေ အိမ်ရောက်ရင် ညှုိးဖို့ပဲ သိတယ်။

ဆောင်းအကြောင်း စာစီစာကုံး ရေးတတ်ဖို့
သားကို
ရေခဲသေတ္တာထဲ ဝင်ထိုင်ခိုင်းရမလို ဖြစ်နေပြီ။

အရင်တုန်းက
နှင်းပဲ ပျောက်တာ
အခုတော့
ဆောင်းပါ ပျောက်သွားပြီ။ ။

စိုးနောင်(မုံရွာ)

ဟုတ်တယ်။ ကျနော် အခုစာကို ရေးနေတဲ့အထိ ဆောင်းက ရန်ကုန်မှာ ပျောက်နေပါပြီ။ အယ်လ်နီညို ရာသီဥတုကြောင့်ဆိုပေမယ့် ဆောင်းကိုတော့ ရန်ကုန်မှာ ရှိနေသေးကြောင်း ကိုယ်ထင်ပြစေချင်ပါတယ်။ ‌ဒီအဖြစ်အပျက်တွေ ဘာကြောင့် ဖြစ်ရတာလဲဆိုရင် လောဘ ဒေါသ မောဟ ဖုံးနေတဲ့ လူတွေကြောင့်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဆောင်းကိုတော့ ရန်ကုန်မှာ ရှိနေကြောင်း ကိုယ်ထင်ပြဖို့ မျှော်လင့်မိပါတယ်။

ရွှေလက်

About The Author

greenness_mm

No Comments

Leave a Reply