ရာသီဥတုပြောင်းလဲခြင်းနဲ့ ဆက်စပ်နေတဲ့ရေ

ရာသီဥတုပြောင်းလဲခြင်းနဲ့ ဆက်စပ်နေတဲ့ရေ

ဆရာမ ဂျူး – ရေးသည်၊
                 ကျွန်မ အခု ရန်ကုန်မြို့မှာ နေထိုင်နေပေမယ့် ကျွန်မကို ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကရေနံချောင်းမြို့ မြို့မတောင်ရပ်မှာ မွေးဖွားခဲ့ပါတယ်။ ဧရာဝတီမြစ်နဲ့အတူ ကြီးပြင်းခဲ့ရတာမို့မြစ်ကို ရင်းနှီးခဲ့တယ်။ မိုးရာသီတိုင်း ရေနံချောင်းမြို့ထဲမှာဖြတ်စီးသွားတဲ့ သဲချောင်းတွေနဲ့လည်း ရင်းနှီးခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မြင်သာတဲ့ညွှန်းကိန်းလို့ တိုက်ရိုက်ပြောလို့ မရပေမဲ့ မြစ်ချောင်းတွေရဲ့ အလွန်သိသာတဲ့ပြောင်းလဲမှုက ဆိုးရွားလာတဲ့ ရာသီဥတုနဲ့အတူ တွဲနေတယ်လို့ ကျွန်မ ခံစားမိပါတယ်။ဖြစ်လေ့ဖြစ်ထရှိတဲ့ ရာသီဥတုပြောင်းလဲမှုမဟုတ်ဘဲ ဆိုးသည်ထက်ဆိုးလာတဲ့ တသမတ်တည်းပြောင်းလဲမှုလို့ ကျွန်မယူဆမိတယ်။ ဆောင်းရာသီတွေ မအေးတော့ဘူး။ ရေနံချောင်းမှာ ငယ်စဉ်က မီးလင်းဖိုနဲ့ စာကျက်ခဲ့ရတဲ့ ဆောင်းရာသီနံနက်ခင်းတွေအကြောင်းက အခုကလေးတွေအတွက် ညအိပ်ရာ၀င်ပုံပြင်တွေ ဖြစ်ကုန်ရော့မယ်။အပူလှိုင်းတွေ အအေးလှိုင်းတွေ ဖြစ်ပေါ်မှပိုပြီးစိတ်လာတာ တွေ့ရပါတယ်။ ဟိုအရင်နှစ်ပေါင်း၂ဝလောက်က ငှက်ဖျား မရှိခဲ့တဲ့၊သွေးလွန်တုပ်ကွေးမရှိခဲ့တဲ့ တောင်ပေါ်ဒေသတွေမှာ အခုအခါ အဲဒီရောဂါတွေ အလုံးအရင်းနဲ့ လှိမ့်ဝင်လာနေတာ သတိထားမိတယ်။မိုးများလို့ ရေကြီးတာနဲ့အတူ သစ်ပင်တွေမရှိတော့လို့ တောင်ပြိုတာတွေ ကမ်းပါးပြိုတာတွေကို ကြုံနေရတဲ့ တစ်ချိန်တည်းမှာ မိုးခေါင်ပြီး သုံးစရာရေမရှိတဲ့ဒေသတွေ ပိုများလာတာကို သတိထားမိပါတယ်။ ပြီးတော့ ရေပြတ်တဲ့ အချိန်ကာလ တဖြည်းဖြည်း ပိုပိုစောလာတာကို ကျွန်မ သတိထားမိနေပါတယ်။ ရေကို ရှိတဲ့နေရာကနေ သယ်ယူတဲ့အခါ ခရီးဝေးရင်ဝေးသလောက် လမ်းခုလတ်စပ်ကြားမှာ ရေရဲ့သန့်စင်မှု လျော့သွားပြီး ဖုန်နဲ့အခြားအရာတွေ ရောကုန်နိုင်လို့ ရေကတစ်ဆင့်ပဲ ရောဂါတွေ ပိုပြန့်လာနိုင်မလား စိုးရိမ်မိပါတယ်။မြို့ချဲ့ဖို့ လမ်းချဲ့ဖို့ မြို့ရွာအနီးက သစ်ပင်တွေခုတ်ပစ်ကြသလို ဖွံ့ဖြိုးမှုခေါင်းစဉ်အောက်မှာသစ်တောသစ်ပင်တွေကို ခုတ်ပစ်ကြလို့ ကာဗွန်ဒိုင်အောက်ဆိုက်တွေပိုများလာပြီး အပူဒီဂရီတွေတက်လာတယ်။ စက်ရုံတွေကထွက်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် ပိုပူလာတယ်။ မိုးလေဝသပညာရှင်တွေ အထူးသဖြင့် ဆရာကြီး ဦးထွန်းလွင်ရဲ့ ကောက်ချက်တွေအတိုင်းပဲ မြန်မာနိုင်ငံ တစ်နှစ်ထက်တစ်နှစ် ပိုပူလာပြီး မုတ်သုန်ကအဝင်နောက်ကျလာ အထွက်စောလာတယ်။အရင်နဲ့မတူ ထူးခြားတဲ့ မုန်တိုင်းဖြစ်စဉ်တွေထူးခြားတဲ့ မုန်တိုင်းလမ်းကြောင်းတွေကို ကျွန်မသတိထားမိပါတယ်။ ရာသီဥတုနဲသဘာဝဘေးကြောင့် နေရာရွှေ့ပြောင်းရတဲ့လူတွေ ပိုများလာတာကို သတိထားမိပါတယ်။ဒီတော့လည်း ရာသီဥတုပြောင်းလဲခြင်း
ဆိုတဲ့စကားလုံးကို ကြားလိုက်မိ၊ ရွတ်လိုက်မိတာနဲ့ ဆရာဦးထွန်းလွင်ကို ကျွန်မ ပထမဆုံးပြေးမြင်မိတာပေါ့။ နွေသိပ်ပူနေတဲ့အခါ၊ ဘယ်တော့ မိုးရွာမှာလဲလို့ မိုးကိုမျှော်တဲ့အခါမျိုးမှာ မုန်တိုင်းရှိမှာလား မရှိဘူးလား၊ မုန်တိုင်းက ဘယ်နေရာတွေကို ဖြတ်သန်းမှာလဲ၊ တစ်နာရီ မိုင်ဘယ်လောက်လဲ၊ မုန်တိုင်းနောက်ထပ်လာဖို့ ရှိသေးလား။ ဒီနှစ် မိုးဦးကောင်းမှာလား၊ ဘယ်အချိန် ပျိုးကြဲရမလဲ စသည်စသည်ဖြင့် သိချင်လှတဲ့အခါ တောရော မြို့ပါ ပြည်သူတွေ ဦးထွန်းလွင်ကို အားကိုးကြတာကိုး။ကျွန်မလည်း လေယာဉ်စီးရင် ဆရာဦးထွန်းလွင်ကို သတိရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ လေယာဉ်စီးတဲ့အခါမျိုးတွေပေါ့ ။၂၀၁၉ ခုနှစ်ကတော့ ကျွန်မအတွက် လေယာဉ်ခရီးအများဆုံးနှစ် ဖြစ်မလားတောင် မသိပါဘူး။ကျွန်မရဲ့ကာဗွန်ခြေရာတွေ တော်တော်ကို များခဲ့မှာပါ။ စိတ်ထဲ မလုံမလဲခံစားရပါတယ်။ အသက်ကလည်း ရလာလို့ အပင်ပန်းမခံနိုင်တာ နေ့ရက်တွေ အချိန်တွေက တစ်ခုနဲ့တစ်ခု သိပ်ကပ်နေတာကြောင့် ကာဗွန်ခြေရာတွေ များခဲ့ရပါတယ်။ ဆရာဦးထွန်းလွင်ရဲ့ စကားတွေထဲမှာ မိုးတိမ်တောင်ရာသီမှာ စိုက်ဆင်းလေကြောင်းတွေ ရှိတဲ့အကြောင်း၊ အဲဒီ စိုက်ဆင်းလေကြောင်းတွေကို ရင်ဆိုင်ရတဲ့အခါ လေယာဉ်က အဲဒီစိုက်ဆင်းလေရဲ့အရှိန်ကို ဆန့်ကျင်နိုင်ဖို့ ခက်ခဲတဲ့အကြောင်းတွေ ပါလေ့ရှိပါတယ်။ ကျွန်မလန့်သွားတာကိုကြည့်ပြီး ဆရာက ကျွန်မကို ဆက်ပြောတာက စိတ်တော့မပူနဲ့ ဆရာမရေ မြန်မာနိုင်ငံက လေယာဉ်တွေမှာ အဲဒီစိုက်ဆင်းလေကို ဆန့်ကျင်နိုင်တဲ့ စက်ကိရိယာမပါဘူးတဲ့။ ကျွန်မမှာ ငိုရအခက် ရယ်ရအခက်ပါ။မိုးရာသီမှာ ကျွန်မလေယာဉ်စီးတိုင်း မိုးကြိုးမုန်တိုင်းတို့ မိုးတိမ်တောင်တို့ စိုက်ဆင်းလေကြောင်းတို့ကို အမြဲတွေးမိနေတော့တယ်။ ဆရာနဲ့ ရံဖန်ရံခါ ခရီးအတူသွားရတတ်ပေမဲ့ ဆရာ့အိမ်ကိုလည်း ခဏခဏရောက်ရင်း အတူစုဖွဲ့စကားပြော ဆွေးနွေးကြရတတ်ပေမဲ့ စိုက်ဆင်းလေကြောင်းနဲ့ မိုးတိမ်တောင်အကြောင်း ဘယ်မှာ ရှာဖတ်ရမလဲလို့ ဆရာ့ကို မမေးခဲ့မိ။စိုက်ဆင်းလေကြောင်းဆိုတာ လေယာဉ်တွေအတွက်အလွန်အန္တရာယ်များတယ်ဆိုတဲ့ microburstကြောင့် ဖြစ်လာတဲ့ downdraftကို ပြောတာလား။ အခုနေများ ဆရာ အသက်ထင်ရှားရှိနေသေးရင် ဆရာ့ဆီက လေ့လာချင်တာတွေထဲမှာ အဲဒီအကြောင်းတွေ ပါပါတယ်။ဒီနေ့တော့ ဆရာ့ကို ပိုသတိရမိတယ်။ ဒီနေ့က ၂ဝ၂ဝ ခုနှစ် မတ်လ ၂၂ ရက် ကမ္ဘာ့ရေနေ့ပါ။ မနက်ဖြန် မတ်လ ၂၃ ရက်က ကမ္ဘာ့မိုးလေဝသန္ဓေပါ။ ဒီလိုအချိန်ကာလမျိုးမှာဆရာဦးထွန်းလွင်တို့လို သဘာဝပတ်ဝန်းကျင်ကိုအရေးထားတဲ့ ပညာရှင်တွေက သတင်းစကားတွေ၊ အသိအမြင်ဗဟုသုတတွေနဲ့အတူ တာဝန်ယူမှုတွေကို ဆွေးနွေးဖလှယ်ဖို့ လူစုကြလေ့ရှိပါတယ်။ဒီနှစ်တော့ ကိုဗစ် ၁၉ ရောဂါက ကမ္ဘာမှာ ၁၈၈ နိုင်ငံအထိ ကူးစက်ပျံ့နှံ့နေပြီ။ ဆရာဦးထွန်းလွင်လည်း ကွယ်လွန်သွားခဲ့ပြီ။
ဒီနှစ်ရဲ့ အဓိကဦးတည်မှု (Theme) ကရာသီဥတုပြောင်းလဲခြင်းနှင့် ရေ (Water andClimate Change)တဲ့။ မနက်ဖြန် မတ်လ ၂၃
ရက်မှာကျရောက်မယ့် ကမ္ဘာ့မိုးလေဝသနေ့မှာလည်း အဓိကဦးတည်တဲ့အချက်ကို အတူတူပဲ ရွေးချယ်လိုက်ကြပါတယ်။ ရာသီဥတုပြောင်းလဲခြင်းနှင့် ရေ(Water and Climate Change)ပါပဲ။ရာသီဥတုပြောင်းလဲခြင်းနှင့် ရေ၊ ဒီနှစ်ခုကတော်တော်ဆက်စပ်နေပါတယ်။ ရာသီဥတုပြောင်းလဲခြင်းကို ရေနဲ့ပတ်သက်နေတဲ့ အခြေအနေတွေကနေတစ်ဆင့် ပိုပြီး သိနိုင်တာပါ။ ရေကြီးရေလျှံမှုတွေ မိုးခေါင်မှုတွေကို ရာသီဥတုပြောင်းလဲခြင်းအဖြစ် ကျွန်မတို့ မြင်တွေ့နေရပါတယ်။ ရာသီဥတုပြောင်းလဲခြင်းကို ကာကွယ်ဖို့ ခုခံဖို့ ပြန်လည်ပြင်ဆင်ဖို့ ကြိုးစားတဲ့အခါမှာလည်း ရေကနေတစ်ဆင့်ပဲ ဆောင်ရွက်ကြရပါတယ်။ ဥပမာ စိမ့်မြေတွေကို ပြန်လည်ထိန်းသိမ်းကာကွယ်ခြင်းအားဖြင့် လေထုထဲက ဖန်လုံအိမ်ဓာတ်ငွေ့တွေကို ပြန်လျှော့ချနိုင်တယ်ဆိုတဲ့ အချက်ကိုအားလုံးလက်ခံထားကြပါတယ်။ဒီနှစ် ကမ္ဘာ့ရေနေ့ နဲ့ ကမ္ဘာ့မိုးလေဝသနေ့တွေက မကြုံစဖူး ထိတ်လန့်တုန်လှုပ်ဖွယ်ရာကိုဗစ် ၁၉ ရောဂါ ကူးစက်မှုကာလမှာ ဖြစ်နေတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ဗိုင်းရပ်စ်ရောဂါကိုနှိမ်နင်းဖို့ ထပ်မကူးစက်အောင်ကာကွယ်ဖို့လမ်းညွှန်ချက်တွေအောက်မှာ သူ့ဌာနနဲ့သူ လှုပ်ရှားဆောင်ရွက်နေကြတဲ့အချိန်ပါ။ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ဖို့ အထိရောက်ဆုံးနည်းလမ်းတွေထဲမှာ အဓိက လက်ဆေးခြင်းပါဝင်တယ်လို့ ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးပညာရှင်တွေက ပြောကြပါတယ်။ မည်သည့်အမျိုးအစားမဆို ဆပ်ပြာတစ်ခုခုကို သုံးပြီး လက်ကို စက္ကန့် ၂ဝ ကြာအောင် ရေဆေးခြင်းပါပဲတဲ့။သို့သော် ကမ္ဘာပေါ်မှာ အိမ်သုံးရေကို လက်လှမ်းမမီတဲ့ လူဦးရေပေါင်း သန်း၃ ထောင် ရှိနေပါတယ်တဲ့။ ခလုတ်တစ်ချက်ဖွင့်လိုက်ရုံနဲ့ ရေရလာဖို့မပြောနဲ့ ရေခပ်ယူဖို့တောင် အဝေးကြီးကို သွားနေရတဲ့သူတွေပါ။ အဲဒီအိမ်ထောင်စုတွေ လက်ကို ဘယ်လိုဆေးကြရမှာလဲ။ လက်ဆေးဖို့ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းအောင်နေဖို့ လုံလောက်တဲ့ရေမရှိရင် အခုဖြစ်နေတဲ့ ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရနိုင်တဲ့ အကာအကွယ်မဲ့သူတွေ ဖြစ်နေကြရပြီပေါ့။ အဲဒီအကွယ်အကာမဲ့သူတွေဟာ ကမ္ဘာကြီးရဲ့ ကျေးလက်ဒေသ အစွန်အဖျားနယ်တွေမှာချည်း ရှိတာမဟုတ်၊ မြို့ပြမှာကိုပဲ ဆင်းရဲစွာ ဖြစ်သလိုနေထိုင်ရှင်သန်ကြရတဲ့ဘဝတွေထဲမှာလည်း အများကြီးပါပဲ။ ရေချို
ရေသန့် ဘယ်လောက်ထိ အရေးပါသလဲဆိုတာတဖြည်းဖြည်း ပိုပိုသိသာလာပါပြီ။၂၀၃၀ မှာ ပြည့်မီဖို့ ရည်မှန်းတဲ့ ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် SustainableDevelopment Goals ရဲ့ နံပါတ်စဉ် ၆ မှာ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် သန့်စင်သောရေ
Sanitation and Clean Waterလို့ ဖော်ပြပါရှိပါတယ်။ အခုလို တစ်ကမ္ဘာလုံးရောဂါ ကူးစက်ပြန့်ပွားနေတဲ့အချိန်မှာ ရေရဲ့အရေးပါမှုက သေရေးရှင်ရေးဆိုတာ ကျွန်မတို့ ပိုပြီး မြင်လာကြမယ်ထင်ပါတယ်။လွန်ခဲ့တဲ့ ဆယ်ရက်လောက်က အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနှင့် ပတ်သက်ပြီးဆောင်ရွက်လှုပ်ရှားမှုနေ့ဖြစ်တဲ့ မတ်လ၁၄ ရက်နေ့ အထိမ်းအမှတ်အတွက် မေခမြစ်ရဲ့ကမ်းပါးမှာ ရှိနေတဲ့ ချီဖွေမြို့ကို ကျွန်မရောက်ခဲ့ပါတယ်။ မေခမြစ်ထဲကို ချီဖွေချောင်း စီးဝင်ရာနေရာက သိပ်ကိုလှပါတယ်။ လုံးဝန်းနေတဲ့ ကျောက်တုံး ကျောက်ခဲအကြီးကြီးတွေနဲ့ ရေစီးရာနေရာဆိုတော့ ကျွန်မ သိပ်သဘောကျတဲ့နေရာပါ။ သို့သော် ဒီရေကို ခြေမချဖို့ ကျွန်မကို သတိပေးကြပါတယ်။ သတ္တုတူးဖော်ရေးက ချောင်းအထက်မှာ ရှိနေပြီး ရေဆိုးတွေကို ဒီချောင်းထဲ တိုက်ရိုက်စွန့်ပစ်တဲ့အကြောင်းပြောကြတယ်။ပြီးတော့ စိုက်ခင်းတွေကပိုးသတ်ဆေးအလျှံပယ်သုံးတာမို့ ချောင်းရေထဲမှာ ပိုးသတ်ဆေးတွေများပြီး ညစ်ညမ်းနေတာငါးတွေ မရှိတော့တာ။ အနီးအနားက ငါးဆိုရင်လည်း မစားရဲတော့တာ အဲဒီအကြောင်းတွေကိုကြားရပါတယ်။ ဈေးထဲမှာ ငါးကြပ်တိုက်တွေလာရောင်းရင် ဘယ်ကငါးလဲလို့ မေးရပါသတဲ့။ချီဖွေချောင်းနားတစ်ဝိုက်က ငါးဆိုရင် မစားရဲလို့ပါတဲ့။ ဒါကြောင့်ထင်ပါရဲ့ ကျွန်မ ချီဖွေမှာနေရတဲ့ နှစ်ရက်သုံးရက်မှာ ငါဟင်းကို မမြင်ခဲ့ရဘူး။ကြက်သားတွေချည်း မြင်ရတယ်။ ကြက်သားမစားတဲ့သူအတွက် ကြက်ဥကြော်နဲ့ ငါးနီတူငါးခြောက်ကြော်ပေါ့။ ရခိုင်ဈေးထဲတွေမှာ တွေ့ခဲ့တဲ့ ငါးနီတူခြောက်လေးတွေက ကချင်ပြည်နယ်မှာ ကျွန်မအတွက် မည်ကာမတ္တ ပရိုတိန်းဓာတ်ပါပဲ။ မြစ်ကြီးနားကနေ ရေခဲရိုက်ငါးတွေ ပါလာတော့မှ ငါးစားရတာတဲ့။ ဪ မြစ်ညာမှာနေပြီး ငါးမစားရတဲ့မြို့လို့ ကျွန်မစိတ်ထဲက ရေရွတ်မိပါတယ်။အလွန်သန့်ရှင်းကြည်လင်တဲ့ ရေစီးလည်း သန်လှတဲ့ မေခမြစ်ရဲ့ အထက်ပိုင်းမှာ စက်ကိရိယာကြီးတွေသုံးပြီး အကြီးအကျယ် ရွှေတူးနေကြတာမို့ နွေရာသီရဲ့ မေခမြစ်သောင်ခုံပြင်ကတမျှော်တခေါ် အကျယ်ကြီးပေါ့။ ရွှေတူးတဲ့အခါမှာ မြစ်ထဲကို စွန့်ပစ်တဲ့အဆိပ်ရေတွေကြောင့် မြစ်ရေကို ဘယ်သူမှ မချိုးကြ၊ မသုံးကြတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ တော်ပါသေးရဲ့ တောင်တွေရှိတဲ့ နေရာမို့ ရေထွက်စိမ့်စမ်းလေးတွေ ရှိနေပေလို့။တောင်ကမ်းပါးတွေမှာ သစ်ပင်တွေမရှိတော့ရင်ရေဓာတ်တွေခန်းသွားခဲ့ရင် ရာသီဥတုပြောင်းလဲ
ခြင်းကြောင့် မြို့ကြီးတွေမှာ ခံစားရတဲ့ ဆိုးကျိုးနဲ့နယ်တွေမှာ ခံစားရတဲ့ဆိုးကျိုး ဘယ်ဟာက ပိုသက်သာလေမလဲလို့ ကျွန်မ တွေးမိပြန်ပါတယ်။ချီဖွေချောင်းကို အထက်ပိုင်းကနေ ရေကာတာ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ချီဖွေငယ်ကို ဆောက်လုပ်ခဲ့တာမို့ ထုံးစံအတိုင်း အောက်ဘက်ချောင်းက ချောင်းကောကြီးဖြစ်ပြီး ရေမစီးနိုင်တော့ပါဘူး။ရာသီဥတုပြောင်းလဲခြင်းနဲ့ ရေရဲ့အရေးပါမှုနဲ့ အတူတွဲနေတာ ပိုပြီး သိသာစေတဲ့ မြင်ကွင်းတွေပါ။ရာသီဥတုပြောင်းလဲခြင်းကို ပြန်ပြီးထိန်းဖို့ဆိုရင် အဓိကအကျဆုံးကတော့ ကမ္ဘာကြီးပူနွေးစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကို လျှော့ချဖို့ပဲပေါ့။ကာဗွန်ဒိုင်အောက်ဆိုက် အထွက်နည်းအောင် အလေ့အကျင့်ပြုလုပ်ရမှာမို့ ရေကိုချွေတာဖို့၊ လျှပ်စစ်စွမ်းအင်ကိုချွေတာဖို့ လိုပါတယ်။ကာဗွန်ဒိုင်အောက်ဆိုက်အထွက်နည်းတဲ့ အစားအသောက်ကို စားဖို့လိုပါတယ်။ သူတို့ဆီမှာ Red Meat လို့ခေါ်တဲ့ ခြေလေးချောင်းအသားတွေမစားဖို့ တားမြစ်တာက မွေးမြူရေးအတွက်စားကျက်မြေနဲ့ ရေအသုံးကြောင့်ကာဗွန်ဒိုင်အောက်ဆိုက်တွေ များများထွက်စေလို့ရယ်ကျန်းမာရေးအတွက်ရယ် စဉ်းစားဆင်ခြင်ကြတာပါ။ အသားကို နည်းနည်းစားပြီး အသီးအရွက်တွေများများစားဖို့ တိုက်တွန်းကြပါတယ်။ ဒေသထွက်သီးနှံကို စားပါ၊ ရပ်ကွက်ဈေးကလေးတွေမှာ ဈေးဝယ်ပါလို့ လှုံ့ဆော်ကြတာကလည်း အစားအစာနဲ့ အသီးအနှံတွေရဲ့ ခရီးမိုင်ကို ဆင်ခြင်မိကြလို့ ဖြစ်ပါတယ်။ခရီးဝေးကလာရတာဆိုရင် ယာဉ်အမျိုးအစားအလိုက် ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ အနည်းအများရှိပါတယ်။ ခရီးမိုင်များလေကမ္ဘာကြီးပူနွေးစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်
ထွက်တဲ့ ပမာဏများလေပေါ့။ ပြန်သုံးခြင်း (reuse)၊ လျှော့သုံးခြင်း (reduce)၊ ပြန်လည်ပတ်စေခြင်း(recycle) စတဲ့ ဆောင်ရွက်မှုတွေကို လူအများလိုက်နာကြရင်လည်း ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချဖို့ စွမ်းအင်လျှော့ချဖို့ အလွန်ထိရောက်မှာပါ။ကာဗွန်ဒိုင်အောက်ဆိုက်တွေ နည်းသွားအောင် ကျောက်မီးသွေးစတဲ့ ရုပ်ကြွင်းလောင်စာတွေ မီးရှို့တဲ့လုပ်ရပ်ကို တားမြစ်ဖို့ လိုပါတယ်။တောမီးလောင်မယ့်လုပ်ရပ်တွေကို ကာကွယ်တားမြစ်ဖို့လိုပါတယ်။ အကြောင်းအမျိုးမျိုးနဲ့သစ်တောခုတ်ထွင် ရှင်းလင်းနေကြတာတွေကိုရပ်ပစ်လိုက်ဖို့ လိုပါတယ်ပြောင်တလင်းခါနေတဲ့ တောင်ကတုံးတွေမြေဆီလွှာတွေမရှိတော့တဲ့ မြေတွေကို ကြည့်တဲ့အခါတိုင်း ကျွန်မ အားမလို အားမရ တွေးမိတယ်။ကျွန်တို့နိုင်ငံ ဘယ်တော့မှ သစ်ခုတ်တာတွေရပ်မှာလဲ။ ထိုင်းနိုင်ငံက သူ့နိုင်ငံထဲမှာ သစ်ခုတ်တာတွေကိုရပ်ခိုင်းခဲ့တာ ၁၉၈၉ ခုနှစ်ကတည်းက တရုတ်နိုင်ငံကတော့ ၁၉၉၈ ခုနှစ်ကမှ အမိန့်ထုတ်ခဲ့တယ်တဲ့။ ကျွန်မတို့ နိုင်ငံရော ဘယ်တော့များမှ သစ်တောပြုန်းတီးမှုကို တားမြစ်နိုင်မှာပါလိမ့်။
-ဂျူး-
စိမ်းလန်းကမ္ဘာ အဖြေရှာ စာအုပ်တွင် ဖော်ပြခဲ့ပြီး ယနေ့အခြေအနေတွေနဲ့တိုက်ဆိုင်နေပြီး ဖတ်သင့်သည့် ဆောင်းပါးဖြစ်သောကြောင့် #Greenness က ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။

About The Author

greenness_mm

No Comments

Leave a Reply