ရာသီဥတုပြောင်းလဲမှုအရေး ဆောင်ရွက်နေတဲ့ အမျိုးသမီးတွေ

ရာသီဥတုပြောင်းလဲမှုအရေး ဆောင်ရွက်နေတဲ့ အမျိုးသမီးတွေ

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုအရေး နှင့်ပတ်သက်ပြီး ဆောင်ရွက်နေကြတဲ့ အမျိုးသမီးတွေ မနည်းပါလားဆိုတာ ၂၀၂၃ ခုနစ်အတွက် BBC ကထုတ်ပြန်တဲ့ ထူးချွန်ထင်ရှားအမျိုးသမီး ၁၀၀ စာရင်းကိုကြည့်မိတော့ သိရတယ်။
ထူးချွန်ထင်ရှား အမျိုးသမီးတရာထဲမှာ ရာသီဥတိုပြောင်းလဲမှု တိုက်ဖျက်ရေးကို ဆောင်ရွက်နေတဲ့ အမျိုးသမီး ၂၈ ဦးတောင်ပါဝင်တာတွေ့ရတယ်။ ဒီဆောင်းပါးမှာတော့ သူတို့ထဲက သုံးဦးအကြောင်းကို ဖောက်သယ်ချသွားမှာ ဖြစ်ပါတယ်။
ဝမ်ဂျီရာ မက်သိုင်း
ဝန်ဂျီရာမက်သိုင်းဟာ ကင်ညာနိုင်ငံက ၂၀၀၄ ခုနှစ် နိုဗယ် ငြိမ်းချမ်းရေးဆုရှင် ဝမ်ဂါရီမက်သိုင်းရဲ့ သမီးဖြစ်ပါတယ်။ သူ့အမေဟာ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှုနဲ့ နိုဗယ်ဆုရခဲ့တာပါ။ ဝန်ဂျီရာ မက်သိုင်းဟာလည်း သူ့အမေခြေရာနင်းပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အမျိုးသမီးတွေ သစ်ပင်စိုက်ပျိုးမှု မြှင့်တင်ရေးတွေကို ဦးဆောင်နေသူပါ။ သူ့အမေတည်ထောင်ခဲ့တဲ့ Green Belt လှုပ်ရှားမှုကို ဆက်လက်ဦးဆောင်နေပါတယ်။ ဒါ့အပြင် ကမ္ဘာ့ရင်းမြစ်များ အင်စတီကျူ့ရဲ့ အာဖရိကနှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်အတွက် စီမံညွန်ကြား ရေးမှူးလည်းဖြစ်ပါတယ်။
” သစ်ပင်စိုက်ပျိုးရေးအခြေခံစွန့်ဦးတီထွင်စီးပွားရေးသမားတွေ၊ အရပ်ရွာဦးဆောင်တဲ့ သစ်တောသစ်ပင်စိန်းလမ်းရေးတွေ၊ ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ ပြန်ထုတ်၊ပြန်သုံး၊ပြန်လည်ပတ်တဲ့စီးပွားရေးတွေကို ဒေသတွင်း ရှေ့ဆောင်အစီအစဥ်တွေကို ကျွန်မတို့ အားပေးဖို့ လိုအပ်တယ်။ အောက်ကနေ အထက်ကို ဦးတည်သွားတဲ့ ဒီလိုအားထုတ်မှုတွေကို ဘာလုပ်လုပ်ဖြစ်နိုင်ပါလားဆိုတဲ့ အားတက်မှုကို ကျွန်မ ခံစားရတယ်” လို့သူကဆိုပါတယ်။
ဇန်ဒီလေး အန်ဒရီဗူ
ရေငုပ်သင်တန်းနည်းပြဆရာမ တစ်ယောက်က ရာသီဥတုပြောင်းလဲမှုနဲ့ တိုက်ရိုက်ကြီးသက်ဆိုင်နေတာ သူ့အကြောင်းကို ဖတ်ရမှ သတိထားမိပါတယ်။ ဇန်ဒီလေး အန်ဒရီဗူဟာ တောင်အာဖရိကနိုင်ငံသူပါ။
သူကသမုဒ္ဒရာကို လူတွေစိတ်ဝင်စားပြီး ထိန်းသိမ်းဖို့ မျော်လင့်ထားသူပါ။ လူတွေရဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် ပင်လယ်သမုဒ္ဒရာတွေညစ်ညမ်းပြီး ရေခဲတောင်တွေအရေပျော်မှုကြောင့် ပင်လယ်သမုဒ္ဒရာမျက်နှာပြင် မြင့်တက်မှုတွေအတွက်လည်း စိုးရိမ်ကြရပါတယ်။ ရေငုပ်သင်တန်းဆရာမ ဇန်ဒီလေး အန်ဒရီဗူ ဟာ သမုဒ္ဒရာကို စောင့်ရှောက်တဲ့ မျိုးဆက်တွေ ပေါ်ထွန်းလာဖို့ မျော်လင့်တယ်လို့ဆိုပါတယ်။
“ရာသီဥတုပြောင်းလဲမှု အကျပ်အတည်းကို စဥ်းစားမိတဲ့အခါ လူငယ်တွေရဲ့အသံပါဝင်လာတဲ့အခြေအနေကို တွေးမိလိုက်ရင် လူမှုအသိုက်အဝန်းမှာ အပြောင်းအလဲကို ဖန်တီးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို မွေးဖွားမိတယ်” လို့ သူကဆိုပါတယ်။
အယ်လဟစ် ယူဆက်ဖန်
အယ်လဟစ် ယူဆက်ဖန်ဟာ အီရန်နိုင်ငံမှာ မွေးဖွားကြီးပြင်းပြီး ၂၀၁၆ မှာ အမေရိကန်နိုင်ငံမှာ ရွေ့ပြောင်းနေထိုင်ခဲ့သူပါ။ မျက်မမြင် လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်ပြီး ရာသီဥတုနဲ့ မသန်စွမ်းမူဆိုင်ရာ အကြံပေးဖြစ်ပါတယ်။
သူက ရာသီဥတုပြောင်းလဲမှုအတွက် မသန်စွမ်းတွေရဲ့ ပါဝင်ဆုံးဖြတ်နိုင်ခွင့်ကို အလေးထားဆောင်ရွက်စေချင်သူဖြစ်ပါတယ်။ ဒါကြောင့် မသန်စွမ်းတွေအနေနဲ့ ရာသီဥတုပြောင်းလဲမှူအပေါ် စိတ်ဝင်စားပြီးပါဝင်ကြဖို့လည်း လှုံဆော်ခဲ့ပါတယ်။
“ကျွန်မတို့လို မသန်စွမ်းလူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ ရှုပ်ထွေးတဲ့စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့နဲ့ မရှိဘူးလို့ထင်ရတဲ့အဖြေတွေကို ရှာဖွေနိုင်တယ်ဆိုတာကို ပြထားနိုင်ပါတယ်။ မသန်စွမ်းမှုနဲ့လူတွေဟာ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာမှာ ရှေ့တန်းကနေ ပါဝင်နိုင်ပြီး ပါလည်း ပါဝင်သင့်ပါတယ်”လို့ သူကဆိုပါတယ်။
ချမ်းမြ

About The Author

greenness_mm

No Comments

Leave a Reply