ရေကြီးရေလျှံမှုကြုံရာကနေ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆောင်ရွက်သူ အာရှသူနှစ်ဦး

ရေကြီးရေလျှံမှုကြုံရာကနေ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆောင်ရွက်သူ အာရှသူနှစ်ဦး

 

ဒီကနေ့မှာတော့ ရာသီဥတုဆိုင်ရာ ပြောင်းလဲမှုတိုက်ဖျက်ရေး ဆောင်ရွက်နေတဲ့ အာရှသူနှစ်ဦးအကြောင်းကို မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံးဟာ BBC ရဲ့ ၂၀၂၃ ခုနှစ်အတွက် ထူးချွန်ထင်ရှားအမျိုးသမီး ၁၀၀ ထဲမှာပါဝင်ပြီး ရေကြီးရေလျှံမှုကြုံတွေ့ရချိန်နှင့်ကြုံတွေ့ပြီးနောက်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးတွေကို ဆောင်ရွက်နေသူနှစ်ဦးဖြစ်ပါတယ်။

နီဟာ မန်ခါနီဟာ ပါကစ္စတန်နိုင်ငံက သားဖွားဆရာမတစ်ဦးပါ။ ပြီးခဲ့တဲ့နှစ် ပါကစ္စတန်ရေကြီးရေလျှံမှုဖြစ်တော့ သူဟာ ရေဘေးသင့်တဲ့ဒေသတွေကို ကိုယ်တိုင်သွားရောက်ပြီး သားဖွားမှုနှင့် ကျန်းမာရေးဆိုင်ရာ စောင့်လျောက်မှုတွေပြုလုပ်ပေးခဲ့သူဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်ပါကစ္စတန်ရေကြီးမှုဟာ ကြောက်စရာကောင်းလောက်အောင်ဖြစ်ပွားခဲ့တာပါ။ ရေကြီးမှုကြောင့် နိုင်ငံရဲ့သုံးပုံတစ်ပုံထိ ရေလွှမ်းခံရပြီး အိမ်ပေါင်း နှစ်သန်းကျော်ပျက်စီး ၊ လူသန်းသုံးဆယ်ကျော် ဒုက္ခရောက်ခဲ့ကြရတာဖြစ်ပါတယ်။

ရေဘေးသင့်နေရာတွေကို နီဟာ မန်ခါနီရဲ့ Mama Baby Fund ကနေ အသက်ကယ်ပစ္စည်းတွေနှင့် သားဖွားစောင့်ရှောက်မှုဆိုင်ရာပစ္စည်း ၁၅၀၀၀ ကိုပေးအပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ခုချိန်မှာတော့ နီဟာ မန်ခါနီဟာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တိုက်ဖျက်ရေးမှာ တက်ကြွစွာဦးဆောင်နေပါတယ်။

“ရာသီဥတုပြောင်းလဲမှုနဲ့ဆက်နွယ်တဲ့သဘာဝဘေးတွေကြုံရတဲ့အခါ ရပ်ရွာတွေမှာလုပ်နေတဲ့ သားဖွားတွေရဲ့အခန်းကဏ္ဍက အရေးပါလာပါတယ်။ ကျွန်မတို့က အရေးပေါ် ကယ်ဆယ်ရေးသမားတွေဖြစ်သလို ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူတွေလည်းဖြစ်ပါတယ်။ ပတ်ဝန်းကျင်အခြေအနေ ယိုယွင်းနေတာတောင် အမျိုးသမီးတွေအနေနဲ့ သားဆက်ခြား၊ ကိုယ်ဝန်ဆောင်ကျန်းမာရေးနဲ့ မီးနေသည်စောင့်ရှောက်မှုရရေး လုပ်ဆောင်နေသူတွေလည်း ဖြစ်ပါတယ်” လို့ နီဟာ မန်ခါနီ ကဆိုပါတယ်။

နောက်တစ်ဦးကလည်း ရေကြီးရေလျှံမှုကြောင့် ရာသီဥတုကိုပြောင်းလဲမှု တိုက်ဖျက်ရေးကိုတက်ကြွစွာဆောင်ရွက်ရမှန်းသိပြီး လက်တွေ့တကယ်ဆောင်ရွက် နေတဲ့ အင်ဒိုနီးရှားနိုင်ငံက ဆူမီနီဖြစ်ပါတယ်။ သူကတော့ သူ့ရွာကလေးရေကြီးရေလျံမှုကြုံလိုက်ရတဲ့အချိန်မှာ ရေကြီးမှုဟာ သစ်တောပြုန်းတီးမှုကြောင့် ဖြစ်တယ်ဆိုပြီး ရပ်ရွာကအမျိုးသမီးတွေကို ဦးဆောင်ကာ သစ်ပင်စိုက်ပျိုးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဆူမီနီဦးဆောင်တဲ့ အဖွဲ့ဟာ အင်ဒိုးနီးရှားနိုင်ငံ ပတ်ဝန်းကျင်နှင့် သစ်တောရေးရာဌာနရဲ့ ခွင့်ပြုချက်နဲ့ ၂၅၁ ဧကကျယ်ဝန်းတဲ့ ဒါမာရာ ဘာရရွာအပိုင် သစ်တောကို ထိန်းသိမ်းစောင့်ရှောက်ခွင့်ရထားပါတယ်။ သူတို့ဟာ သဘာဝသားရိုင်းတိရိစ္ဆာန်တွေကို အမဲလိုက်တာကနေ ကာကွယ်ပေးမှုတွေလည်း လုပ်ဆောင်နေပါတယ်။

“အခုခေတ်ကာလမှာအခုခေတ်ကာလမှာ သစ်တောပြုန်းတီးမှု မြန်မြန်ဆန်ဆန်ဖြစ်ပွားလာတာနဲ့ သဘာဝတောရိုင်းတိရိစ္ဆာန်တွေကို အမဲလိုက်တာတွေကြောင့် ရာသီဥတုပြောင်းလဲမှုအကျပ်အတည်းကို စုပေါင်းအင်အားနဲ့ ဖြေရှင်းဖို့ဆိုရင် သစ်တောတွေကို ပိုပြီး အာရုံစိုက် အလေးထား ဂရုပြုရပါမယ်” လို့ ဆူမီနီကဆိုပါတယ်။

ချမ်းမြ
Ref:BBC

About The Author

greenness_mm

No Comments

Leave a Reply