ရေဟာ စစ်ပွဲ.. ရေဟာ ငြိမ်းချမ်းရေးသံလွင်ခက်

ရေဟာ စစ်ပွဲ.. ရေဟာ ငြိမ်းချမ်းရေးသံလွင်ခက်

ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပြီးဖြစ်သော အာရပ်-အစ္စရေးပဋိပက္ခသည် အဦးအစက နယ်မြေလုခြင်း လူမျိုးရေးပြဿနာစသည်တို့ကို အခြေခံခဲ့သော်လည်း လူဦးရေများလာသောအခါ ရေပြဿနာက ထပ်ဆင့်လာသည်။ အရှေ့အလယ်ပိုင်းနိုင်ငံအားလုံးသည် မိုးနည်းသဖြင့် ရေအခက်အခဲရှိကြသည်ချည်း ဖြစ်သော်လည်း ဆီးရီးယား၊ ဂျော်ဒန်၊ ပါလက်စတိုင်းနယ်မြေနှင့် အစ္စရေးတို့သည်မူ ဘုံရေအရင်းအမြစ်တစ်ခုကို ခွဲဝေသုံးစွဲရသဖြင့် ပြဿနာပိုများသည်။
ယင်းနိုင်ငံများခွဲဝေသုံးစွဲရသည့် ဘုံရေအရင်းအမြစ်မှာ ဂျော်ဒန်မြစ်ရေ ဖြစ်သည်။
ပူးတွဲမြေပုံတွင် ဂျော်ဒန်မြစ်သည် ဂျော်ဒန်နိုင်ငံ၏ အနောက်ဘက် နယ်နိမိတ်တစ်လျှောက်လုံး၌ စီးဆင်းနေသည်ကို တွေ့နိုင်သည်။ သို့သော် ဂျော်ဒန်နိုင်ငံသည် မိမိနိုင်ငံ၏ဘေးတွင်လည်း ရှိနေ၊ မိမိနိုင်ငံအမည်နှင့်လည်း ရှိနေသော ယင်းမြစ်ရေကို မိမိလိုသလောက် ထုတ်ယူပိုင်ခွင့်မရှိချေ။
ဒေသတွင်းဘုံရေအရင်းအမြစ်ဖြစ်သော ဂျော်ဒန်မြစ်ရေကို ခွဲဝေရယူရေးအတွက် ချုပ်ဆိုထားသော စာချုပ်များအတိုင်းသာ ရယူပိုင်ခွင့်ရှိသည်။ ယင်းစာချုပ်များအရ အစ္စရေးသည် ဂျော်ဒန်မြစ်ရေကို တစ်နှစ်လျှင်ကုဗပေသန်း ၁၈၀၀၀ ခန့်၊ ဂျော်ဒန်နိုင်ငံသည် ကုဗပေသန်း ၁၁၀၀၀ ခန့်စသဖြင့် ရယူနေသကဲ့သို့ ဆီးရီးယားနှင့် ပါလက်စတိုင်းတို့ကလည်း ခွဲတမ်းအတိုင်းထုတ်ယူသုံးစွဲနေကြသည်။
အစ္စရေးသည် ဂျော်ဒန်ထက် လူဦးရေနှစ်သန်းခန့်နည်းသော်လည်း အစ္စရေးက မြစ်ရေပိုယူနေနိုင်ခြင်းမှာ အာရပ်-အစ္စရေး ခြောက်ရက်စစ်ပွဲဖြစ်စဉ်က အစ္စရေးက စစ်နိုင်ခဲ့၍ စာချုပ်ချုပ်ဆိုရာတွင် စစ်အင်အား နိုင်ငံရေးအင်အားအသာစီးဖြင့် စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ဂျော်ဒန်သည် မိမိရသောဂျော်ဒန်မြစ်ရေခွဲတမ်း၊ မြေအောက်ရေ၊ ရေချိုချက်စက်ရုံမှရသောရေတို့ဖြင့် မလောက်ငသဖြင့် အစ္စရေးထံမှ တစ်နှစ်လျှင် ရေကုဗမီတာသန်း ၃၀ ကို ဝယ်သုံးနေရသည်။
ယခုအခါ ရာသီဥတုပြောင်း၍ မိုးနည်းလာသည့်အထဲ ရေထုတ်ယူမှုက များသဖြင့် ဂျော်ဒန်မြစ်သည် ရှေးတစ်ချိန်က စီးဆင်းခဲ့သောပမာဏ၏ ၁၀ ရာခိုင်နှုန်းခန့်သာ စီးဆင်းတော့သည်။ ဂျော်ဒန်မြစ်စီးဝင်ရာ ပင်လယ်သေသည်လည်း တဖြည်းဖြည်းခန်းခြောက်လာနေသည်။ ပင်လယ်သေရေပြင်သည် နှစ်ပေါင်း ၉၀ အတွင် ၄၅ ပေခန့်နိမ့်ကျသွားသည်။ (ပူးတွဲပုံ၌ ဂျော်ဒန်မြစ်သည် ပင်လယ်သေထဲသို့ ချောင်းငယ်ကလေးအသွင်ဖြင့်သာ စီးဝင်နေသည်ကို မြင်နိုင်သည်)
ဂျော်ဒန်မြစ်ရေခန်းလာခြင်းနှင့်အတူ ဂျော်ဒန်၏ရေအခက်အခဲသည် ဆိုးရွားလာလျက်ရှိစဉ် ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းက မည်သူမျှ မထင်မှတ်ထားသည့် သတင်းထူးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ယင်းမှာ အစ္စရေးသည် ဂျော်ဒန်သို့ ရောင်းချနေကျ ရေပမာဏကိုနှစ်ဆတိုးကာ တစ်နှစ်လျှင် ကုဗမီတာသန်း ၅၀ တိုး၍ ရောင်းချမည်ဟု သဘောတူလိုက်သော သတင်းဖြစ်သည်။
ဤတွင် မိုးနည်းသောဒေသတွင်းအတူတည်ရှိသောနိုင်ငံများဖြစ်လျက်နှင့် အစ္စရေးက ဂျော်ဒန်ကို မည်သည့်အတွက်ကြောင့် ရေပမာဏနှစ်ဆတိုး၍ ရောင်းသနည်းဟု မေးခွန်းပေါ်လာသည်။
ထိုသို့ရောင်းနိုင်ခြင်းတွင် အဓိကအကြောင်းသုံးချက်ရှိသည်။
ပထမအချက်မှာ အစ္စရေးသည် ဂျော်ဒန်မြစ်ရေကို ပိုမိုထုတ်ယူသုံးစွဲခွင့် ရနေသည့်အပြင် ခြောက်ရက်စစ်ပွဲ အတွင်းကသိမ်းယူခဲ့သော ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ရှိရေအရင်းအမြစ်များကိုလည်း ထုတ်ယူသုံးစွဲနေခြင်းကြောင့် ဖြစ်သည်။
ဒုတိယအချက်မှာ အစ္စရေးသည် မြေပေါ်ရေ၊ မြေအောက်ရေများကိုသာ အားကိုးမနေဘဲ ရေငန်မှရေချိုချက်ခြင်းကို မဟာဗျူဟာကျသော ရေအရင်းအမြစ်တစ်ခုအဖြစ် သတ်မှတ်၍ ရယူသည်။ အစ္စရေးတို့ လက်ရှိထုတ်လုပ်နေသောရေချိုပမာဏသည် တစ်နှစ်လျှင်ကုဗမီတာသန်း ၆၀၀ ခန့်ရှိနေသည်။ ဆက်လက်၍တစ်နှစ်လျှင်ရေချိုကုဗမီတာသန်း ၂၀၀ ခန့်ထုတ်နိုင်သည့် ရေချိုချက်စက်ရုံကို တည်ဆောက်ရန် စီစဉ်နေသည်။ ယင်းစက်ရုံမှ သောက်ရေသန့်အဆင့်ရေကို တစ်ဂါလန်မြန်မာငွေ သုံးကျပ်မျှနှင့် ထုတ်လုပ်ရောင်းချမည်ဟုဆိုရာ ကမ္ဘာတွင် ဈေးအသက်သာဆုံး ရေချိုချက်နည်းပညာ ဖြစ်လာမည်။
တတိယအချက်မှာ နိုင်ငံအတွင်း ထွက်ရှိသော စွန့်ပစ်ရေဆိုး၏ ၈၆ ရာခိုင်နှုန်းကို ပြန်လည်သန့်စင်၍ စိုက်ခင်းသုံးရေအဖြစ် ပြန်လည်အသုံးချခြင်း ဖြစ်သည်။ သန့်စင်ပြီးရေဆိုးကို ပြန်သုံးရာတွင်လည်း ရေချွေတာရေး နည်းပညာများဖြင့် သုံးစွဲသည်။ ရေသုံးစွဲမှုကဏ္ဍ၌ စိုက်ပျိုးရေသည် ထုထည်အများဆုံးဖြစ်ရာ ယင်းလုပ်ဆောင်ချက်သည် အစ္စရေးနိုင်ငံတွင်း ရေဖူလုံရေး၌ ကောင်းစွာအထောက်အကူပြုသည်။
ရေရှားသောဒေသ၌ တည်ရှိနေတာခြင်းတူသော်လည်း ဂျော်ဒန်က ရေအခက်အခဲ ကြီးစွာကြုံနေရချိန်တွင် အစ္စရေးက နိုင်ငံတွင်း ရေဖူလုံရုံမျှမဟုတ်၊ အိမ်နီးချင်းနိုင်ငံသို့တင်ပို့ရောင်းချနိုင်ခြင်းမှာ အားကျအတုယူဖွယ်ကောင်းလှသည်။
ယင်းသို့ရေတင်ပို့ရောင်းချခြင်းသည် ငွေလို၍မဟုတ်ဘဲ နှစ်နိုင်ငံချစ်ကြည်ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် ရည်ရွယ်သည်ဟု အစ္စရေးက ဆိုသည်။ အချို့နေရာများ၌ ရေအတွက် ပဋိပက္ခများပေါ်ပေါက်နေချိန်တွင် တစ်ချိန်က ရေရှားခဲ့သောအစ္စရေးသည် မိမိတို့၏ ဉာဏ် ဝီရိယဖြင့်ဖန်တီးရယူဖြစ်ထွန်းလာသော ရေအရင်းအမြစ် ပေါကြွယ်ဝမှုကို လက်နက်အဖြစ်မသုံးဘဲ ငြိမ်းချမ်းရေးသံလွင်ခက်အဖြစ် အသုံးချလိုက်ခြင်းပင် ဖြစ်သည်။
ဆရာ ကျော်ဦး ဖေ့ဘွတ်ခ်မှ ကူးယူဖော်ပြပါသည်။

About The Author

greenness_mm

No Comments

Leave a Reply