“”ရှားပါးမျိုးစိတ်ဝင် ပင်လယ်နို့တိုက်သတ္တဝါ ရေဝက်များ””

“”ရှားပါးမျိုးစိတ်ဝင် ပင်လယ်နို့တိုက်သတ္တဝါ ရေဝက်များ””

ပင်လယ်ရေနေနို့တိုက်သတ္တဝါ(Marine Mammals)များဖြစ်ကြသော မြန်မာနိုင်ငံရှိ လောင်းမန်းနုတ်သီးပါ ဝေလငါး၊ကျောဘို့ပါလင်းပိုင်၊ကြောင်လိမ်ဂျွန်းထိုးလင်းပိုင်၊အပူပိုင်းဒေသ လင်းပိုင်ပြောက်၊ပုလင်းနှုတ်သီး လင်းပိုင်၊ဧရာဝတီလင်းပိုင်၊ကျောရေယက်မဲ့လင်းရှူးနှင့် ရေဝက်မျိုးစိတ်များမှာ မျိုးသုဥ်းရှားပါးရေနေနို့တိုက် သတ္တဝါစာရင်းတွင် ပါဝင်နေပါသည်။
ယင်းပင်လယ်နို့တိုက်သတ္တဝါမျိုးနွယ်စိတ်များထဲတွင် မျိုးသုဥ်းရှားပါးစာရင်းဝင်ဖြစ်နေသည့် ရေဝက်(Sea cow or Manatee)မှာ ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် အသက်အန္တရာယ်ခြိမ်းခြောက်ခြင်း ပိုမိုခံနေရပါသည်။
ပင်လယ်ရေနေ နို့တိုက်သတ္တဝါ ရေဝက်
ရေဝက်များသည် ရှားပါးမျိုးစိတ်ဝင် ပင်လယ်ရေနေ နို့တိုက်သတ္တဝါ (Marine Mammals) များဖြစ်ကြပြီး သိပ္ပံအမည်မှာ Dugong Dugong ဟုအမည်ရပြီး မြန်မာလို “ရေဝက်”ဟု ခေါ်ဆိုကြပါသည်။ ရေဝက်ကို “ရေနွား“၊ “ရေကုလားအုတ်” ဟုလည်း ခေါ်ဆိုကြသည်ကိုတွေ့ရပါသည်။ ပင်လယ်ပြင်နေ နို့တိုက်သတ္တဝါမျိုးနွယ်စိတ် လေးမျိုးရှိသည့်အနက် ရေဝက်သည်လည်း တစ်မျိုးအပါအဝင်ဖြစ်ပါသည်။ရေဝက်ကို အင်္ဂလိပ်အမည်ဖြင့်”sea cow” or “manatee” ဟု အမည်တွင်ပါသည်။
ရေဝက်မျိုးစိတ်၏ ခန္ဓာဗေဒ အချက်အလက်များ
ရေဝက်များသည် သက်တမ်းရှည်ကြာနေထိုင်နိုင်သော မျိုးစိတ်များဖြစ်ကြပါသည်။ မှတ်တမ်းမှတ်ရာများအရ ရေဝက်မျိုးနွယ်စိတ်သည် သက်တမ်း နှစ် ၇၀ ခန့်အထိ နေထိုင်နိုင်သည့် သက်တမ်းရှည်မျိုးနွယ်စိတ်ဖြစ်ကြပြီး ယနေ့အချိန်တွင် မျိုးသုဉ်းရှားပါးလုနီးပါးစာရင်းတွင်လည်း ပါဝင်နေပါသည်။ မွေးကင်းစရေဝက်သားငယ်သည် အလေးချိန် ကီလိုဂရမ် ၂၀ ခန့်ရှိပြီး အရွယ်ရောက်ရေဝက်သည် ၂ ဒသမ ၂ မီတာမှ ၃ ဒသမ ၅ မီတာအထိ ရှည်လျားပါသည်။ အကြီးဆုံးတွေ့ရှိရသော အရွယ်အစားမှာ ၃ ဒသမ ၃ မီတာနှင့်အလေးချိန် ကီလိုဂရမ် ၄၀၀ ဖြစ်ပြီး အလျား ၄၀၆ မီတာနှင့် အလေးချိန် ၁၀၁၆ ကီလိုဂရမ်အထိ ရှိပါသည်။
ခန္ဓာကိုယ်ဖွဲ့စည်းမှုအနေအထားအရ ရေဝက်မျိုးစိတ်တစ်ကောင်၏ မျက်နှာပြင်ဖွဲ့စည်းမှုနှင့် မလိုက်ဖက်သည့် တိုတောင်းပြီး ပြန့်ကားသော နှုတ်သီး၊ ကျဉ်းမြောင်းသော မျက်ဝန်းတစ်စုံတို့မှာ ရုပ်ဆိုးအကျည်းတန်လှသည်ဟု သတ်မှတ်ရမလို ဖြစ်နေပါသည်။ သို့သော် ၎င်း၏ အမြီးမှာမူတိုတောင်းသော်လည်း အလျားရှည်သည်ကို တွေ့ရပါသည်။ နို့တိုက်သတ္တဝါမျိုးနွယ်စိတ်ဖြစ်သည့်နည်းတူ လူသားတို့ကို ရန်မပြုတတ်သည့် ချစ်စဖွယ်ကောင်းသော မျိုးနွယ်စိတ်ဝင်ဖြစ်ပါသည်။
အပြုအမူနှင့် ဓလေ့စရိုက်များ
ရေဝက်မျိုးနွယ်စိတ်တို့သည် သီးခြားနေထိုင်လေ့ရှိကြသည့် မျိုးနွယ်စိတ်ပင်ဖြစ်သည်။ ယေဘုယျအားဖြင့် မွေးဖွားပြီးနောက် တစ်နှစ်ခန့်သာ မိဘများနှင့်အတူနေထိုင်လေ့ရှိကြပြီး ယင်းနောက်ပိုင်းတွင် သီးခြားနေထိုင်
လေ့ရှိပါသည်။ နို့တိုက်သတ္တဝါမျိုးနွယ်စိတ်ဖြစ်သည်နှင့်အညီ သဘာဝလေကို ရှူရှိုက်ရန်အတွက် ရေမျက်နှာပြင်ပေါ်သို့တစ်နေ့လျှင် အနည်းဆုံး မိနစ် ၂၀ ခန့် တက်လာလေ့ရှိတတ်ပါသည်။ ထို့ပြင် ယင်းတို့သည် ပင်လယ်ရေ
အနက် ၁၀ မီတာ (၃၃ ပေ) အတွင်း၌သာ ကျင်လည်လေ့ရှိကြပါသည်။ ခန္ဓာကိုယ်အလေးချိန် ကြီးမားသော်လည်း ယင်းတို့၏ ရေကူးအလျင်နှုန်းမှာ ၁ နာရီလျှင် ၁၀ ကီလိုမီတာအထိ ကူးနိုင်စွမ်းရှိပါသည်။
ပုံမှန်အားဖြင့် ရေဝက်များသည် နှစ်နှစ်လျှင်တစ်ကြိမ် သားပေါက်လေ့ရှိပြီး မွေးဖွာရာတွင်လည်း တစ်ကောင်တည်းသာ မွေးဖွားလေ့ရှိပါသည်။ ထိုသို့မွေးဖွားနိုင်ရန်အတွက် မိခင်သည် သန္ဓေသားလောင်းကို ၁၃ လမှ ၁၅ လ အတွင်း လွယ်ထားရလေ့ရှိပါသည်။ ရေဝက်များသည် ပင်လယ်မြက်များကို စားသုံးကြပါသည်။ ထို့ပြင် ရေစီးကြောင်းနှင့်အတူ မျောပါနေသော သစ်ရွက်နုများ၊ ပန်းပွင့်များ၊ ပေါင်းပင်များနှင့် ရေဆလတ်ရွက်များကိုလည်းစားသုံးလေ့ရှိပါသည်။ တစ်နေ့တာ အစားအစာစားသုံးမှု ပမာဏမှာလည်း ၎င်းတို့၏ ခန္ဓာကိုယ်အလေးချိန်နှင့်
မလိုက်ဖက်သည့် အစားအစာအနည်းငယ်ကိုသာ စားသုံးလေ့ရှိပါသည်။
ပျံ့နှံ့တည်ရှိရာနှင့် ဓလေ့သဘာဝ
ရေဝက်မျိုးစိတ်တို့ကို အင်ဒိုပစိဖိတ်ဒေသ၊ အပူပိုင်းနှင့် သမအပူပိုင်းဒေသများရှိ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ရေတိမ်ပိုင်းတွင်နေထိုင်ကျက်စားကြပါသည်။ သမအပူပိုင်း ကမ်းရိုးတန်းဒေသတစ်လျှောက် အာဖရိကတိုက်တောင်ပိုင်း၊ ပင်လယ်နီဒေသ၊ ပါရှန်းပင်လယ်အော်အတွင်း သီရိလင်္ကာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ အင်ဒိုနီးရှားနိုင်ငံ၊ ပစိဖိတ်ပင်လယ်အတွင်းမှ ကျွန်းများ၊ ဂျပန်နိုင်ငံ၊ ကျူရှူးကျွန်း၊ သြစတြေးလျတိုက်တောင်ပိုင်း၊ အလယ်ပိုင်း၊ မြောက်ပိုင်းဒေသများတွင် နေထိုင်ကျက်စားကြပါသည်။
အသက်အန္တရာယ် ခြိမ်းခြောက်မှုများ
ယခုအခါ နို့တိုက်သတ္တဝါမျိုးနွယ်စိတ်များထဲတွင် မျိုးသုဉ်းရှားပါးစာရင်းဝင်ဖြစ်နေရသည့် ရေဝက်မျိုးစိတ်တို့မှာ အသက်အန္တရာယ်ခြိမ်းခြောက်ခြင်း ခံနေရပါသည်။ ၎င်းမှာ လွန်ခဲ့သောနှစ်များစွာကတည်းက လူသားတို့က ရေဝက်များကို သတ်ဖြတ်ကာ အဆီ၊အသား၊ အရိုးနှင့် အရေခွံရယူမှုတို့ကြောင့် ယနေ့အချိန်တွင် ရေဝက်များ မျိုးသုဉ်းလုနီးပါး ဖြစ်လာခဲ့ရသည်ကိုတွေ့ရှိလာရပါသည်။အထူးသဖြင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသည့် အပူချိန် မြင့်မားမှု၊ ပင်လယ်ရေထုညစ်ညမ်းမှုတို့ကလည်း ၎င်းတို့ အသက်ရှင်ရပ်တည်မှု
အတွက် အခက်အခဲဖြစ်ပေါ်လျက် ရှိနေပါသည်။ တစ်ဆက်တည်းမှာပင် ကမ်းရိုးတန်းသွား သင်္ဘောကြီးများ၏ အန္တရာယ်နှင့် ငါးဖမ်းသင်္ဘောများ၏ အန္တရာယ်များကလည်း ၎င်းတို့၏ မျိုးဆက်ပျက်သုဉ်းမှုကို ဖြစ်ပေါ်စေ
ခဲ့ပါသည်။
ပင်လယ်ရေနေနို့တိုက်သတ္တဝါများ၏ အသားကိုစားသုံးခြင်းကြောင့် လူ့ကျန်းမာရေးနှင့် ထိန်းသိမ်းရေးအပေါ် ကျရောက်နိုင်သော ဆိုးကျိုးသက်ရောက်မှုများ
ပင်လယ်ရေနေနို့တိုက်သတ္တဝါများ၏ အသား၊တစ်ရှူးများတွင် ပြဒါး၊မာကျူရီ၊ဓာတုဓာတ်ပေါင်းများနှင့် ပိုးသတ်ဆေးများကဲ့သို့သော ပတ်ဝန်းကျင်မှလာသော ညစ်ညမ်းမှုများကို စုဆောင်းထားနိုင်သည်။ထို့ကြောင့် ၄င်းတို့၏ အသားများကို စားသုံးခြင်းသည် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများကို ဖြစ်စေနိုင်ပါသည်
ထို့ကြောင့်သောင်တင်ခြင်းမှ ဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိ ဖမ်းမိခြင်းမှ ဖြစ်စေ ရရှိသော ပင်လယ်နေနို့တိုက်သတ္တဝါ အသားအချို့ကို စားသုံးခြင်းမှ အခြားအန္တရာယ်များကို သယ်ဆောင်လာနိုင်သည်။ပင်လယ်နို့တိုက်သတ္တဝါများကို လူသားတို့စားသုံးပါက အဆိပ်အတောက်များ ဖြစ်စေခြင်း၊ကူးစက်ရောဂါများ ဖြစ်စေနိုင်ခြင်း၊သန္ဓေသားနှင့် ကလေးငယ်များတွင် အာရုံကြောနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ချို့ယွင်းမှုများကို ဖြစ်ပေါ်စေနိုင်ခြင်း၊မျိုးပွားမှု ကျန်းမာရေး၊
ကိုယ်ခံစွမ်းအားအပေါ် ဆိုးရွားသောအကျိုးသက်ရောက်မှုဖြစ်စေနိုင်ခြင်း စသည့် ကျန်းမာရေးပြဿနာများ ကြုံတွေ့ရ နိုင်ပါသည်။
ရေဝက်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုများ
ရေဝက်များကို ကာကွယ်စောင့်ရှောက်ပေးရန် သက်ဆိုင်ရာနိုင်ငံများက ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်
လာကြပါသည်။ရေဝက်မျိုးစိတ်ဝင်အားလုံးလိုလိုမှာ အပြည်ပြည်ဆိုင်ရာ ထိန်းသိမ်းမှုအဆင့် (CITES) တွင် ပါဝင်ပြီး အန္တရာယ်ကျရောက်နေသော မျိုးစိတ်စာရင်းတွင် ပါဝင်ပါသည်။ငါးလုပ်ငန်းဦးစီးဌာနသည် ရေနေ
နို့တိုက်သတ္တဝါများအားထိန်းသိမ်းကာကွယ်နိုင်ရန်ကိစ္စနှင့် ပတ်သက်၍ ညွှန်ကြားချက်အမှတ်(၁/၂၀၁၈)နှင့်ညွှန်ကြားချက်အမှတ်(၅/၂၀၂၂)တို့ကို ထုတ်ပြန်၍ မျိုးသုဥ်းရှားပါးရေနေနို့တိုက်သတ္တဝါများအား တစ်ကောင်လုံး
သော်လည်းကောင်း၊ယင်းတို့၏ခန္ဓာကိုယ်အစိတ်အပိုင်းများကိုသော်လည်းကောင်း၊ဖမ်းဆီးခြင်း၊သတ်ဖြတ်ခြင်း၊
ဒဏ်ရာအနာတရဖြစ်စေခြင်း၊လက်ဝယ်ထားရှိခြင်း၊သယ်ယူခြင်း၊လွှဲပြောင်းခြင်း၊ရောင်းချခြင်း၊ထောက်ခံချက် မပါဘဲ ပြည်ပသို့ တင်ပို့ခြင်းများ မပြုလုပ်ကြရန်နှင့် မတော်တဆအသက်ရှိလျက် ဖမ်းဆီးရမိပါက အမြန်ဆုံး
ပြန်လွှတ်ပေးရန်နှင့် ညွှန်ကြားချက်အားလိုက်နာရန် ပျက်ကွက်ပါက မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြားထားရှိပါသည်။
ရေဝက်မျိုးစိတ်များ မျိုးသုဉ်းရသည့် အကြောင်းရင်းများ
ရေဝက်များကို ကမ်းခြေတွင် ပိုက်ဝမ်းပူများ (ကမ်းဆွဲပိုက်များ)၊ လိပ်ကျောက်ပိုက်၊ ကျောက်ပုစွန်ပိုက်၊ မျှောပိုက်များဖြင့်သာ တစ်ခါတစ်ရံ ဖမ်းဆီးရမိကြောင်း သိရှိရပါသည်။ ပင်လယ်မြက်ခင်းပြင်များအတွင်းရှိ ထောင်ထားသော လိပ်ကျောက်ပိုက်၊ ကျောက်ပုစွန်ပိုက်၊မျှောပိုက်များနှင့်သာ အများဆုံးငြိတွယ်မိပြီး သေဆုံးတတ်ကြပါသည်။ ပင်လယ်ပြင်အတွင်းသို့ အမှိုက်များ စွန့်ပစ်ခြင်းကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာပြီး ၎င်းတို့ဂေဟစနစ်နှင့် မူရင်းဒေသများ ပျက်စီးခြင်း၊ ပင်လယ်မြက်ခင်းများအပေါ် နုန်းနှင့် အနည်အနှစ်များ ဖုံးလွှမ်းခြင်းကြောင့် ပင်လယ်မြက်ခင်းများ ပျက်စီးသွားခြင်းတို့ကလည်း ရေဝက်များ၏ ရှင်သန်မှုအပေါ် ထိခိုက်နေပါသည်။
ရှားပါးမျိုးစိတ်ဝင် ရေဝက်များကြောင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများ
ရှားပါးမျိုးစိတ်ဝင် ရေဝက်များကြောင့်ရှိလာနိုင်သော အကျိုးကျေးဇူးများမှာ သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းမှတစ်ဆင့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအခွင့်အလမ်းများ ရရှိလာမည်ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် ပင်လယ်နို့တိုက်သတ္တဝါများတွင် ရေဝက်များသည် အပြည်ပြည်ဆိုင်ရာထိန်းသိမ်းမှုအဆင့်(CITES)တွင်ပါဝင်နေပြီး အန္တရာယ်ကျရောက်နေသော မျိုးစိတ်စာရင်းတွင် ပါဝင်နေပါသည်။ထိုကဲ့သို့ မျိုးသုဥ်းရှားပါးစာရင်းတွင် ပါဝင်နေသောရေဝက်များကို ဒေသခံပြည်သူများနှင့် ရေလုပ်သားများအနေဖြင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း
အားဖြင့် ရေဝက်များ နေထိုင်ကျက်စားသည့် နယ်မြေဧရိယာတိုးပွားလာခြင်း၊ရေဝက်အုပ်စုကောင်ရေပမာဏ တိုးပွားလာစေခြင်း၊ရှားပါးပင်လယ်နို့တိုက်သတ္တဝါရေဝက်များကို ကမ္ဘာလှည့်ခရီးသွားများမှ လာရောက်ကြည့်ရှု
ခြင်းဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာမည်ဖြစ်ပြီး ရေလုပ်သားများနှင့် ဒေသခံကျေးရွာများ ဖွံ့ဖြိုးစည်ပင်လာမည် ဖြစ်ပါသည်။
ထိုသို့ ရှားပါးမျိုးစိတ်ဝင် ရေဝက်များ မျိုးမသုဥ်းစေရန်အတွက် ငါးလုပ်ငန်းဦးစီးဌာန၊ သားငှက်ထိန်းသိမ်းရေးအ အဖွဲ့(WCS)တို့သာမက ဒေသခံရေလုပ်သားများမှ ပူးပေါင်း၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းဖြင့် သဘာဝ အခြေခံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းမှတဆင့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်း
အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။
နှင်းအိ(ရာမညမြေ)
References:
(1)Fish Base of Myanmar
(2)မြန်မာ့စွယ်စုံကျမ်း

About The Author

greenness_mm

No Comments

Leave a Reply