လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ် နေရာကွက်၍ မိုးကြီးမည်

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ် နေရာကွက်၍ မိုးကြီးမည်

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း(အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းနှင့် ဩရိဿတောင်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း မိုးဇလ၏ အောက်တိုဘာ ၁၆ ရက် နံနက် ၆ နာရီခွဲတွင် တိုင်းတာချက်အရ သိရသည်။
လေဖိအားနည်းရပ်ဝန်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ကြောင်း သိရသည်။
ထို့အပြင် နောက်(၂)ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။

About The Author

greenness_mm

No Comments

Leave a Reply