လောင်ကျွမ်းနေတဲ့နွေဦး

လောင်ကျွမ်းနေတဲ့နွေဦး

ဒီနှစ်နွေဦးဟာ လောင်ကျွမ်းတယ်။ အရင်နှစ်ကနွေဦးတွေထက် ပိုလောင်ကျွမ်းနေတာသေချာတယ်။ ကမ္ဘာ့အပူဆုံးတွေထဲက နှစ်တစ်နှစ်ဖြစ်မယ်လို့ ပညာရှင်တွေခန့်မှန်းကြတဲ့ ဒီနွေဦး။ အယ်နီညိုလာမယ့် ဒီနွေဦး။ ကမ္ဘာမှာ တောမီးတွေ မြို့တွေအထိကူးစက်နေတဲ့ ဒီနွေဦး။ ဒီနှစ်နွေဦးမှာ ကောင်းကင်ကနေ မိုးမရွာပါဘဲ မိုးချိန်းသံတွေဟာ တညံညံနဲ့ ထိတ်လန့်ဖွယ်ကောင်းလှတယ်။

ဒီနှစ်နွေဦးဟာ ဆောင်းလက်ကျန်ရာသီထဲ ထိုးခွဲဝင်လာခဲ့တာပေါ့။ ညနှောင်းပိုင်းနှင့်မနက်ပိုင်းမှာ ဆောင်းလက်ကျန်ဟာအေးကောင်းတုန်း။ နေ့လယ်ခင်းကစလို့ နွေဦးဟာ သူ့အစွမ်းကိုစပြီးပြတယ်။ အရိပ်ထဲကလူကို အပူဟာစပြီး ချိန်းခြောက်စပြုလာတယ်။ နေပူနဲ့ထိတဲ့အသားတွေ သိသိသာမဲနက်လာတာသတိထားမိတယ်။ သေချာတယ်။ နွေဦးဟာ ခရမ်းလွန်ရောင်ခြည်တော်တော်များများကို သယ်ဆောင်ခဲ့ပြီ။

နွေဦးဟာ တောင်ယာတွေမီးရှို့တဲ့အချိန်ပေါ့။ နွေဦးမှာ တောင်ယာတောတွေဟာ မီးခိုးတွေအူလို့။ ဒီနှစ်နွေဦးမှာတော့ တောင်ယာကမီးခိုးတွေအပြင် အချို့ရွာတွေမှာပါ မီးခိုးတွေအူနေတာကို မြင်ရ၊တွေ့ရ၊ ကြားရတယ်။ ရွာတွေဆီက မီးခိုးတွေဟာ တောင်ယာကထွက်တဲ့ မီးခိုးတွေထက် ပိုမဲသတဲ့။ ပမာဏလည်း ပိုများသတဲ့။

နွေနဲ့ဆောင်း အအေးနဲ့အပူလုတဲ့ ကြားမှာ ပန်းတွေလည်းကြားညှပ်ကုန်တယ်။ ” ရာသီမသိ ပန်းနဲ့ညှိ” တဲ့။ ပန်းတွေဟာ ရာသီကို သေသေချာချာသိတယ်။နွေအပူဓာတ်က အနိုင်ရတဲ့နေ့ဆို ကံကော်ပန်းတွေ ပွင့်ကြပြီ။ ဆောင်းလက်ကျန်က အားကောင်းတဲ့နေ့ဆို သူတို့ငုံကြပြီ။ ပန်းတွေဟာ ဒီရာသီမှာ ဒီအတိုင်းပဲ ကြားညှပ်ကြရ။ ပန်းတွေတင်လားဆိုတော့ မဟုတ် အပူနဲ့အအေးကြား လူတွေရော သတ္တဝါမှန်သမျှကြားကြပ်ကြရ။

” တောမီးလောင််တယ်ဆိုတာ ယာမီးရှို့တာနဲ့မတူဘူးကွ။ ယာမီးက အခြောက်တွေပဲလောင်တာ။ တောမီးက ရှင်သန်နေတဲ့ သစ်ပင်ကြီးတွေရော၊ ပင်ပျိူတွေရောပါလောင်တာ” တဲ့ တောမှာနေတဲ့ ဦးကြီးတစ်ယောက်ပြောတာသတိရမိတယ်။ သစ်ရွက်စိမ်းစိမ်းတွေ၊ ရှင်သန်နေတဲ့ သစ်ပင်ပျိူတွေ မီးလောင်နေတာ သူတို့သာ စကားပြောတတ်ရင် သူတို့ဘယ်လို ပြောကြမလဲ။ စကားမပြောတတ်တော့လည်း မီးကြားမှာ ဖျစ်ညစ်အော်တဲ့အသံတွေလို ထွက်နေမှာတော့သေခြာတယ်။ အော်သံတွေ..။ အော်သံတွေ..။ လောင်ကျွမ်းနေတဲ့ နွေရဲ့အော်သံတွေ။

မြို့ပေါ်ကမှာတော့ ကတ္တရာလမ်းပေါ်က တံလျပ်တွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် လမ်းပေါ်မှာ လူသူတွေနည်းသွားကြတယ်။ တံလျပ်ကြောင့်ပဲ လူတွေမထွက်ကြတာလား။ ခရမ်းလွန်ရောင်ခြည်ကို သိပ်ကြောက်နေကြသလား။ ခရမ်းလွန်ရောင်ခြည်ထက် ပြင်းထန်တဲ့ အခြားအရာတွေလမ်းပေါ်မှာ ရှိနေသလား။ လောင်ကျွမ်းနေတဲ့ နွေဦးဟာ ” အမဲလိုက်အက” သီချင်းထက်သံစဥ်ပြင်းထန်တဲ့ Rock သီချင်းတစ်ပုဒ်ကို ဆိုနေတယ်။

ဝေလင်းလက်

About The Author

greenness_mm

No Comments

Leave a Reply