လွမ်းဖွယ်ကောင်းတဲ့နွေဦးရာသီ

လွမ်းဖွယ်ကောင်းတဲ့နွေဦးရာသီ

ပျော်ခင်းငယ်မှ သာလှ
သည်ချိန်ကျလျှင်
တောဝဂနိုင်၊ စုံသာမြိုင်မှာ
မခိုင်ရွက်ညောင်း၊ ကြွေကျပြောင်းလို့
ထောင်းထောင်းငယ်လျံငွေ့
လောင်ဓလေ့နှင့်
လွမ်း၍ငယ်တစေ
အလိုသေရချည့်
စိတ်ဖြေလို့မရနိုင်
ဘယ်နှယ့်လူခိုင်ပါ့မယ်
( ဦးယာ)
လွမ်းစရာကောင်းလိုက်တဲ့ ရာသီအချိန်ဟာရောက်လာခဲ့ပြီ။ မြို့ပေါ်မှာတော့ နွေဦးရဲ့ သရုပ်ကို ဗံဒါပင်တွေကအရင်ပြ ပေတယ်။ အရွက်ကြီးကြီးတွေနဲ့ အုပ်နေတဲ့ ဗံဒါပင်က ရိုးတံကျဲကျဲကိုမြင်ကတည်းက နဂိုကမှ မပျော်ရွှင်သူတွေရဲ့စိတ်ထဲ လွမ်းဖွယ်ရာသီဟာ လာခဲ့ပြီ။ ပူနေတဲ့စိတ်ကို အငွေ့ပျံစေတဲ့ရာသီ။ ဆွေးနေတဲ့စိတ်ကို အလွမ်းစိတ်ပြန်ပေါ်လာအောင် ကိုင်လှုပ်တဲ့ရာသီ။
အမြုပ်တစီစီထနေတဲ့ ထန်းရည်ကို မသောက်ရတော့တဲ့သူတွေ၊ ကိုယ့်ဇာတိရွာတောတန်းကလေးကို မငေးနိုင်တော့တဲ့သူတွေဟာ ဒီနွေကို ဘယ်လိုကျော်ဖြတ်ကြရပါ့။ သူတို့အတွက် နွေဟာ အပူသက်သက်ကိုကြီးယူလာခဲ့လေပြီ။
တော်ထဲကသစ်ရွက်တွေကြွေသလို မျော်လင့်ချက်တွေကြွေကြပြီ။ တောထဲက စမ်းချောင်းတွေလို ပျော်ရွှင်မှုတွေ ခမ်းကြပြီ။ တောမီးလောင်သလို စိတ်တွေလောင်ကြပြီ။ နာရေးကဖွင့်တဲ့ အသံချဲ့စက်သံတွေဟာ နွေနေပူကိုဖြတ်ဖြတ်လာကြတယ်။ ” ဘယ့်နှယ်လူ ခိုင်ပါ့မလဲ”
တကယ်တော့နွေဦးဟာ ဥသြတွန်သံတွေကြားရမယ့်ရာသီပဲ။ ခုတော့ ကျီးအာသံတွေကိုပဲကြားနေရပေါ့။ နွေဦးဟာ မြူငွေ့တွေနဲ့ လွမ်းစရာကောင်းနေပေမယ့် လွမ်းဖို့တောင် ခွန်အားမရှိသူတွေရှိကြမယ်။
ကျွန်တော်တို့ဟာ အပူဆုံးနှစ်ကိုဖြတ်ကျော်ကြရမယ်။ ကိုယ့်ကိုယ်ကိုယ် နွေမှာ အရည်ပျော်မသွားရအောင် ဂရုစိုက်ကြရမယ်။ အချင်းချင်းဂရုစိုက်ကြရမယ်။ သစ်ပင်၊သစ်တောတွေကို ကရုစိုက်ကြရမယ်။
ဘဝမှာ လှပတဲ့နွေဦးတွေကို ကြုံသင့်ကြတာပေါ့။ လှပတဲ့ နွေဦးရာသီတွေဟာလည်း လာကိုလာရဦးမှာပေါ့။ ဒီမျှော်လင့်ချက်တွေဟာ ရှင်သန်ရမှာပေါ့။ ကျနော်တို့ မျှော်လင့်ချက်တွေဟာ ပြန်လည်စိမ်းလန်းလာရမှာပေါ့။ လွမ်းမောဖွယ်ကောင်းတဲ့ နွေဦးဟာ လာလေပြီ။ သတ္တိရှိရှိလွမ်းကြစို့။ သတ္တိရှိရှိ မျှော်လင့်ကြစို့။
ဆန်းလေး

About The Author

greenness_mm

No Comments

Leave a Reply